ပြင်းပြင်းပြပြစားချင်နေတဲ့အရာတွေက ပြောပြနေတဲ့ကျန်းမာရေး

အခုချိန်မှာ အစားချင်ဆုံးကဘာများလဲ………..
အခုချိန်မှာ အစားချင်ဆုံးက
- အာလူးကြော်
- ရေခဲမုန့်
- ချောကလက်
- ပီဇာ
- အချိုကဲတဲ့အစားအစာတွေ
- အသားကင်
- အချိုရည်တစ်ခုခု
- အချဉ်ကဲတဲ့အစားအစာ
- အစပ်များတဲ့အစားအစာလား။
အချိုများတာတွေ စားချင်နေတာ
စားစရာအရသာ အမျိုးမျိုးထဲကမှ အချိုမှ အချိုဖြစ်နေတယ်၊ ရေခဲမုန့်တွေ၊ သကြားလုံး၊ ဂျယ်လီ၊ ကွတ်ကီးတွေမှစားချင်နေတယ်ဆိုရင်တော့ သေချာတာက သွေးတွင်းသကြားဓာတ်တက်နေပါပြီ။ ဒီအချိန်မှာသာ အချိုထပ်စားမိလိုက်ရင် သွေးချိုက မိုးထိအောင်လှေကားထောင်လို့ သင့်ရဲ့ သွေးကြောလေးတွေကို ဒုက္ခပေးပါလိမ့်မယ်။
ဒါကြောင့်အချိုအရမ်းစားချင်နေတယ်ဆိုရင် သကြားလုံး၊ ဂျယ်လီနဲ့ ရေခဲမုန့်တို့အစား သဘာဝအချိုစာလေးတွေဖြစ်တဲ့ သစ်သီးလေးတွေစားပေးပါ။ ဒီအချိန်မှာ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအစာတွေနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေက သင့်ရဲ့ အချိုစားချင်စိတ်ကိုအကောင်းဆုံးထိန်းချုပ်ပေးနိုင်မှာပါ။
ချောကလက် အရမ်းစားချင်နေတာ
ဖြစ်ဖူးလား။ စာဖတ်ရင်းကဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်နေရင်းဖြစ်ဖြစ် ချောကလက်အရမ်းစားချင်လာတာမျိုးလေ။ ဒါကတော့ ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီဆီယမ်နည်းနေပြီဆိုတာကို အချက်ပြတာပါတဲ့။ ကမ္ဘာ့လူဦးရေ ၈၀ ရာခိုင်နှုန်းလောက် နေ့စဉ်စားသုံးမှုတွေထဲမှာ မဂ္ဂနီဆီယမ်ကို ထည့်သွင်းဖို့မေ့နေတတ်ကြပါတယ်။ ဒါကြောင့် ချောကလက်စားချင်လာတဲ့အခါ ခန္ဓာကိုယ်မှာလိုအပ်နေတဲ့ မဂ္ဂနီဆီယမ်ပြည့်ဝစေဖို့ အချိုပါဝင်မှုနည်းတဲ့ အနက်ရောင်ချောကလက်ကို စားပေးပါ။ ချောကလက်အပြင် မဂ္ဂနီဆီယမ်ရရှိနိုင်မယ့် အခြားအစားအစာတွေကတော့ အခွံမာသီးတွေ၊ အစေ့အဆန်တွေ၊ ငါး နဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေပါ။
အငန်ကဲတာတွေ စားချင်နေတာ
အာလူးကြော်လိုမျိုး အငန်ခပ်ကဲကဲအစားအစာတွေကိုမှ စားချင်ပါတယ်လို့များဖြစ်နေလား။ ဒါက စိတ်ဖိစီးမှုများလွန်းလွန်းလို့ ကိုယ်တွင်းမှာ အက်ဒရီနယ်လင်ဟော်မုန်းတွေများနေပြီဆိုတဲ့ လက္ခဏာပါ။ ဒီလိုအခြေအနေမှာ တရားထိုင်တာ၊ အသက်ရှုလေ့ကျင့်ခန်းလုပ်တာ နဲ့ သီချင်းနားထောင်တာလိုမျိုး စိတ်ဖိစီးမှုကိုပြေလျော့စေနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုခုကိုလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက စိတ်ဖိစီးမှုကို ၂၅ ရာခိုင်နှုန်းလောက်ပြေလျော့စေနိုင်ပါတယ်။
ချိစ် အရမ်းစားချင်နေတာ
ချိစ်ပေါင်မုန့်၊ ချိစ်ပီဇာ၊ ချိစ်ပါတဲ့ အစားအစာတွေကို အရမ်းစားချင်မယ်ဆိုရင်တော့ သင်က omega-3 fatty acids လိုအပ်နေတာပါ။ ဒီလိုအပ်ချက်ကို ပြည့်စေဖို့ဆိုရင်တော့ ချိစ်စားပေးလို့ရသလို သစ်ကြားသီး၊ ဆယ်လ်မွန်ငါး၊ နှမ်းကြတ်စေ့တို့စားပေးလို့ရပါတယ်။