brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

  1. အမျိုးသမီး ကျန်းမာရေး
  2. အမျိုးသမီးကျန်းမာရေးပြဿနာများ

မျှဝေပါ။

ဘာလို့ အဖြူဆင်း ရတာလဲ၊ နောက်ဆက်တွဲ ဘာပြဿနာတွေ ရှိနိုင်လဲ

မိန်းမကိုယ်ကနေ ရာသီသွေးမဟုတ်ဘဲ ဆင်းလာတဲ့အရည် သို့မဟုတ် အချွဲလေးတွေကို အဖြူဆင်း တယ်လို့ခေါ်ပါတယ်။ အဖြူဆင်းတယ်ဆိုတိုင်းမကောင်းတာမဟုတ်ပါဘူး။ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းအတွင်း ဂလင်းတွေကနေထုတ်ပေးလိုက်တဲ့အရည်တွေက ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေကို ရောပါဖယ်ရှားစေတာဖြစ်ပါတယ်။ ဒီလိုဆင်းမှ မိန်းမကိုယ်သန့်စင်စေပြီးရောဂါပိုးဝင်ခြင်းကိုကာကွယ်နိုင်မှာပါ။
အများအားဖြင့်တော့ အဖြူဆင်းတာက ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့အရာပါ။ ဆင်းတဲ့ပမာဏ၊ အရောင်၊အနံ့တို့က ရာသီစက်ဝန်းကိုမူတည်ပြီး မတူညီတတ်ကြပါဘူး။ ဥပမာ သားဥကြွေတဲ့အချိန်၊ ကလေးနို့တိုက်တဲ့ကာလတို့ဆိုရင် အဖြူပိုဆင်းတတ်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အနံ့တစ်မျိုးရှိတဲ့အဖြူဆင်းခြင်းဖြစ်နိုင်တယ်။ အဖြူဆင်းတာရောဂါတစ်ခုမဟုတ်ပေမယ့် ပုံမှန်မဟုတ်တဲ့အဖြူဆင်းခြင်းဖြစ်လာရင်တော့ အရောင်ညစ်တာ၊အနံ့ဆိုးတာ၊ ပိုစေးကပ်တာတွေအပြင် မိန်းမကိုယ်မှာ ယားယံတာ၊ စပ်တာ၊လောင်တာတွေပါဖြစ်စေနိုင်ပါတယ်။

ဘာလို့ အဖြူဆင်း ရတာလဲ၊ နောက်ဆက်တွဲ ဘာပြဿနာတွေ ရှိနိုင်လဲ

ပုံမှန်မဟုတ်တဲ့ အဖြူဆင်း ခြင်းက ဘာကြောင့်ဖြစ်ရတာလဲ

မိန်းမကိုယ်မှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေပမာဏထိန်းညှိမှုမှာ တစ်ခုခုပြောင်းလဲမှုရှိလာတာနဲ့ အဖြူဆင်းခြင်းရဲ့ အနံ့၊အရေင်နဲ့ အနေအထား(ဥပမာ – ပျစ်ချွဲမှုအတိုင်းအတာ)တို့ကို သက်ရောက်မှုရှိနိုင်ပါတယ်။ ဒီလိုအပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေကတော့ –

  • ပဋိဇီဝပိုးသတ်ဆေး ဒါမှမဟုတ် စတီးရွိုက်ဆေးသုံးစွဲခြင်း
  • ဘက်တီးရီးယားကြောင့်မိန်းမကိုယ်ရောင်ရမ်းခြင်း(Bacterial vaginosis)
  • မိန်းမကိုယ် မှိုပိုးဝင်ခြင်း
  • သွေးဆုံးခြင်း
  • သန္ဓေတားဆေး
  • သားအိမ်ခေါင်းကင်ဆာ
  • ဆီးပူညောင်းကျရောဂါ အပါအဝင် လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ
  • ဆီးချိုရောဂါ
  • အမွှေးနံ့ပြင်းတဲ့ ဆပ်ပြာ၊ လိုးရှင်းတွေ၊ရေချိုးဆပ်ပြာတို့နဲ့ဆေးကြောခြင်းတို့ပါဝင်ပါတယ်။

နောက်ဆက်တွဲဘာပြဿနာတွေဖြစ်နိုင်လဲ

အဖြူဆင်းတာ သက်သက်တော့ရောဂါမဟုတ်ပေမယ့်နောက်ခံကျန်းမာရေးပြဿနာတစ်ခုခုရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးဝင်ခြင်းကအစ ကင်ဆာရောဂါအထိဖြစ်နိုင်ပါတယ်။ ဥပမာဆီးပူညောင်းကျရောဂါ အပါအဝင် လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေဆိုရင်သေချာမကုသရင် ဆိုးရွားတဲ့အခြေအနေတွေဖြစ်လာနိုင်ပြီး အသက်ဆုံးရှုံးရတဲ့အထိဖြစ်နိင်ပါတယ်။ မိန်းမကိုယ်ရောဂါပိုးဝင်ခြင်းတွေကိုသေချာမကုသရင် ကိုယ်ဝန်ကိုပါထိခိုက်နိုင်တာ၊ သားအိမ်နဲ့ သားဥပြွန်တွေအထိရောဂါပိုးပြန့်သွားနိုင်တာ၊ တင်ပါးဆုံအောင်ပိုင်းရောင်ရမ်းခြင်းတို့အပြင် ကလေးရဖို့ခက်တာတွေအထိဖြစ်နိုင်တယ်။

ဘယ်လိုကုမလဲ၊ ကာကွယ်မလဲ

ကုသတဲ့နည်းလမ်းကတော့ဖြစ်ရတဲ့အကြောင်းရင်းကိုမူတည်ပါလိမ့်မယ်။ ဥပမာ မှိုပိုးဝင်ခြင်းဆိုရင် မိန်းမကိုယ်အတွင်းကိုတိုက်ရိုက်သုံးဖို့ မှိုပိုးသတ်ဆေးခရင်မ် သို့မဟုတ် ဂျယ်လ်တစ်မျိုးမျိုး ဆရာဝန်က ညွှန်လေ့ရှိပါတယ်။ မိန်းမကိုယ်ရောင်ရမ်းခြင်းအတွက်တော့ ပဋိဇီဝပိုးသတ်ဆေးသောက်ဆေး သို့မဟုတ် ခရင်မ်တွေ ညွှန်းတတ်ပါတယ်။

မိန်းမကိုယ်ပိုးဝင်ခြင်းကို ကာကွယ်နိုင်ဖို့ အဓိကအားဖြင့် ဒီအချက်တွေကို ဂရုစိုက်တာကောင်းပါလိမ့်မယ် –

  • မိန်းမကိုယ်သန့်ရှင်းရေးအတွက် သီးသန့်ထုတ်လုပ်တဲ့ အမျိုးသမီးသန့်စင်ဆေးရည်သုံးပါ။
  • ဆပ်ပြာမသုံးပါနဲ့။ ကိုယ်တိုက်ဆပ်ပြာမွှေးတွေ၊ရေချိုးဆပ်ပြာရည်တွေနဲ့ မိန်းမကိုယ်ကို မဆေးကြောပါနဲ့။
  • ရေမှန်မှန်ချိုးပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ။
  • အတွင်းခံမှန်မှန်လဲပါ။
  • ခြောက်သွေ့ပြီးလေဝင်လေထွက်ကောင်းစေဖို့အတွက် ချည်သားအတွင်းခံကိုပဲရွေးချယ် ဝတ်ဆင်ပါ။
  • မိန်းမကိုယ်ကို ရောဂါပိုးတွေရောက်မလာစေဖို့ သန့်စင်ခန်းသွားလို့ရေသုံးတဲ့အခါပဲဖြစ်ဖြစ်၊ တစ်သျှူးသုံးတဲ့အခါပဲဖြစ်ဖြစ် အရှေ့ဘက်ကနေ အနောက်ဘက်ကိုပဲဆေးကြောသန့်စင်ပါ။
  • အဝတ်အစားတွေ၊ အထူးသဖြင့် အတွင်းခံနဲ့ဘောင်းဘီတွေကို သိပ်ကျပ်စည်းအောင်မဝတ်ပါနဲ့။ချွေးထွက်ပိတ်လှောင်ပြီး ပွန်းတာ၊လောင်တာ၊ မှိုပိုးဝင်တာ၊ ယားတာတွေဖြစ်လာနိုင်ပါတယ်။
fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Hello Sayarwon Panel
Yun Sandi Nan Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။
hellobacsi white

Helloဆရာဝန်အနေဖြင့် ပိုမို ကျန်းမာပျော်ရွှင်စေဖို့ နှင့်ကျန်းမာရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စိတ်ချရသော ကျန်းမာရေး အချက်အလက်များကို ထောက်ပံ့ပေးသည့် ယုံကြည်စိတ်ချရသော ကျန်းမာရေး စောင့်ရှောက်ပေးသူ ဖြစ်ချင်ပါတယ်။

  • ကျန်းမာရေး ဆောင်းပါးများ
  • ကျန်းမာရေး ကိရိယာများ

သတင်းအချက်အလက်

  • ကျွန်ုပ်တို့အကြောင်း
  • ကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒ
  • ကြော်ငြာနှင့် စပွန်ဆာ လက်ခံခြင်းဆိုင်ရာ မူဝါဒ
  • တည်းဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာမူဝါဒ
  • ဝဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းများ

Hello Health

  • Hello Health အကြောင်း

    • https://www.dmca.com/ProtectionPro.aspx?r=m
    © 2026 Hello Health Group Pte. Ltd. All Rights Reserved. Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။