ကိုယ်ဝန်ဆောင်ဆီးချိုရှိတဲ့ မေမေ ဘာတွေစားလို့ရမလဲ
ကိုယ်ဝန်ဆောင်ဆီးချိုရှိတယ်ဆိုတဲ့မေမေတွေ အစားအစာရွေးချယ်တဲ့နေရာမှာ စိုးရိမ်စိတ်တွေဖြစ်နေရမှာပေါ့။ ကလေးရဲ့ဖွံ့ဖြိုးမှုအတွက်၊မေမေနဲ့ကလေး နှစ်ဦးလုံးကျန်းမာရေးအတွက် အာဟာရပြည့်အောင်လည်းစားရမယ်၊ ဆီးချိုသွေးချိုမတက်အောင်လည်း သတိထားရမယ်။ ဒီနှစ်ချက်ကြားမှာ ထိန်းညှိနိုင်ဖို့က ဘာတွေစားသင့်လဲ၊ ဘာတွေရှောင်သင့်လဲ သိထားဖို့လိုပါတယ်။

ဘာတွေစားသင့်လဲ
သွေးတွင်းသကြားဓါတ်များနေရင် မေမေ့ကျန်းမာရေးအတွက်ရော၊ ဗိုက်ထဲကဘေဘီလေးအတွက်ပါ အန္တရာယ်များနိုင်ပါတယ်။ ဒါ့ကြောင့် ကာဗိုဟိုက်ဒရိတ်တွေကို ဘယ်လိုအမျိုးအစား၊ ဘယ်လောက်ပမာဏ၊ ဘယ်နှကြိမ်လောက်စားထားလဲဆိုတာသေချာမှတ်ထားပါ။ ကိုယ်စားသင့်တဲ့အတိုင်းအတာတစ်ခုသတ်မှတ်ထားပါ၊ အဲဒါကျော်တာနဲ့ ဆင်ခြင်သင့်ပြီဆိုတာသတိရပါ။
သွေးတွင်းသကြားဓါတ်ထိန်းဖို့ဆိုရင် –
- တစ်ကြိမ်တည်းမှာ အများကြီးမစားပါနဲ့။
- အမျှင်ဓါတ်များတဲ့ အစားအစာတွေကို စားပါ။
- ပရိုတင်း ဒါမှမဟုတ် အကျိုးပြုအဆီဓါတ်ပါဝင်တာတွေစားပါ။
- အစာစားချိန် မှန်အောင် ဂရုစိုက်ပါ။
- မနက်စာကို ပရိုတင်းနဲ့ အမျှင်ဓါတ်များတဲ့ ကာဗိုဟိုက်ဒရိတ်တွေစားပါ။
ဒါတွေစားလို့ရတယ် –
- ဂျုံကြမ်းပေါင်မုန့် သို့မဟုတ်ကွေကာ
- ကစီဓါတ်နည်းတဲ့ ဟင်းသီးဟင်းရွက်
- ပဲအမျိုးမျိုး
- မုန်လာဥနီ
- ပန်းသီး၊ လိမ္မော်သီး၊ မက်မွန်သီး၊ သစ်တော်သီး၊ ကဗ္ဗလာသီး
- ပဲတောင့်ရှည်
ဒါတွေအကုန်လုံးကသွေးတွင်းသကြားဓါတ်မတက်စေမယ့် ယေဘုယျအစားအစာအုပ်စုထဲ ပါဝင်တဲ့ ဥပမာတချို့ဖြစ်ပါတယ်။
ပရိုတင်း ပိုစားပါ
ကာဗိုဟိုက်ဒရိတ်တွေနဲ့အတူ ပရိုတင်းအစားအစာတွေစားတာ ဒါမှမဟုတ် ပရိုတင်းပါတဲ့ကာဗိုဟိုက်ဒရိတ်တွေကိုရွေးချယ်တာမျိုးကသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုရှိနေတယ်ဆိုရင် အဆီမပါဘဲ ပရိုတင်းကြွယ်ဝတာတွေစားသင့်ပါတယ်။ ဥပမာ –
- ငါး၊ ကြက်သား
- ကြက်ဥ
- တို့ဖူး၊ ပဲပြား
- ပဲ
- အစေ့အဆန်
မပြည့်ဝဆီကို ရွေးချယ်ပါ
- သံလွင်ဆီ
- မြေပဲဆီ
- ထောပတ်သီး
- အစေ့အဆန်တွေ
- တူနာငါး
- ဆာဒင်းငါး
ရှောင်သင့်တာက –
အချိုများတာတွေ
- ကိတ်မုန့်
- သကြားလုံး
- ပူတင်း
- အချိုရည်ဘူး စတဲ့ ဖြည့်စွက်အချိုဓါတ်များတာတွေကိုရှောင်ပါ။ မရှောင်နိုင်ရင် အနည်းအကျဉ်းလေးပဲစားပါ။
ကစီဓါတ်များတာတွေ
ကစီဓါတ်များတဲ့အစားအစာတွေမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများပြီးသွေးတွင်းသကြားဓါတ်ကို သက်ရောက်မှုများပါတယ်။ ဒါ့ကြောင့် ဒီအစားအစာတွေကို အကန့်အသတ်နဲ့ဆင်ခြင်စားသုံးသင့်ပါတယ်။ ဥပမာ –
- အာလူး
- ဂျုံနုပေါင်မုန့်
- ထမင်းတို့ကို အများကြီးမစားမိပါစေနဲ့။
ပါဝင်မှုမသိသာတဲ့ တခြားအစားအစာတွေ
တချို့အစားအစာတွေမှာ သကြားဓါတ်နဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုကိုသေချာမသိနိုင်ပါဘူး။ သူတို့မှာ ကိုယ့်အတွက်မသင့်တော်လောက်တဲ့ ပမာဏတွေပါဝင်နေနိုင်ပါတယ်။ ဥပမာ –
- ပြုပြင်စီမံထားတဲ့ စားစရာတွေ
- ရယ်ဒီမိတ်ဟင်းအနှစ်တွေ၊ဆော့စ်တွေ
- အသင့်ထုပ်ပိုးထားတဲ့စားစရာတွေ
- အသင့်အမြန်စား အစားအစာတွေ
- အရက်၊ ဘီယာ၊ ဝိုင် စတာတွေမှာ ပါဝင်မှုကသွေးတွင်းသကြားဓါတ်ထိန်းညှိနိုင်ဖို့ သိပ်အဆင်မပြေနိုင်ပါဘူး။
ဘယ်လိုဆီးချိုပဲဖြစ်ဖြစ် တူညီတဲ့အချက်တစ်ခုက ဘယ်အစားအစာကိုမှ အပြီးရှောင်စရာမလိုပါဘူး။ အချိုနဲ့ကာဗိုဟိုက်ဒရိတ်ပါဝင်မှုကို ချင့်ချိန်ပြီး ဉာဏ်ရှိသလို စားသောက်တတ်ရင် အကုန်စားလို့ရပါတယ်။ အရေးကြီးတာက ဘယ်အရာကိုမှ ပမာဏများများ အလွန်အကျွံစားလို့မရတာပါပဲ။