သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ
သွေးတိုး တာက နာတာရှည် ကျန်းမာရေး ပြဿနာဖြစ်သလို အရမ်းပြင်းထန်မယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ အခုလို အပူချိန် မြင့်တက်နေချိန်မှာ သွေးတိုးသမားတွေ ဘယ်လို လက္ခဏာတွေက အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ လက္ခဏာတွေလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။


ပုံမှန်ကတော့ သွေးပေါင်ချိန်က အပေါ်သွေး 120 mmHg အောက်သွေး 80 mmHg ဆိုရင် ပုံမှန် အခြေအနေလို့ ဆိုနိုင်ပါတယ်။ တကယ်လို့ အပေါ်သွေးက 120 mmHg ထက်ပိုများနေမယ်။ 120 mmHg – 139 mmHg အောက်သွေးက 80 mmHg – 89 mmHg ဆိုရင် သွေးတိုး အစပျိုးနေတာ ဖြစ်ပြီး အပေါ်သွေးက 140 mmHg နဲ့ အောက်သွေးက 90 mmHg ဆိုရင်တော့ သွေးတိုး နေတာပါ။
ဒါကို တစ်ကြိမ်တည်းတိုင်းကြည့်ရုံနဲ့ သွေးတိုးရှိနေပြီလို့ ဆုံးဖြတ်လို့ မရပါဘူး။ သေချာအောင် ဆေးရုံဆေးခန်းမှာ စနစ်တကျတိုင်းဖို့ လိုပါတယ်။
သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် နောက်ဆက်တွဲပြဿနာတွေ
သွေးတိုး ရှိတာကို သေချာ ဂရုမစိုက်ဘူးဆိုရင် နောက်ဆက်တွဲ အနေနဲ့
- ရုတ်တရက် နှလုံးရပ်တာ
- နှလုံးရောဂါ
- လေဖြတ်တာတွေ ခံစားရနိုင်ပြီး အဆိုးဆုံးအနေနဲ့ အသက်ဆုံးရှုံးနိုင်ပါတယ်။
သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေက ဘာတွေများလဲ
သွေးတိုးသမားတွေ အခုလို လက္ခဏာတွေ ခံစားရရင် နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားရောက်သင့်ပါတယ်။
- သွေးပေါင်ချိန် 180/120 mmHg အထက်
- ခေါင်းကိုက်မယ် (ပြင်းပြင်းထန်ထန် ကိုက်တာမျိုး)
- အမြင်တွေ ဝေဝါးလာမယ်
- စိတ်ရှုပ်ထွေးမယ်
- စိုးရိမ်စိတ်တွေ များလာမယ်
- မအီမသာ ဖြစ်မယ်
- အသက်ရှူတာ ပြတ်တောင်းပြတ်တောင်း ဖြစ်မယ်။
သွေးတိုးကြောင့် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ လက္ခဏာတွေကတော့
- အမြင်အာရုံ ဆုံးရှုံးမယ် (ယာယီအားဖြင့် ဘာမှ မမြင်ရတော့တာမျိုး)
- တက်မယ်
- သတိလစ်မယ်
- အသက်ရှူမြန်မယ်
- အော့အန်မယ်
- ခြေဆစ်လက်ဆစ်တွေ ဖောရောင်မယ်။ ဒါတွေက မြင်သာတဲ့ လက္ခဏာတွေပါ။
အထက်ပါ လက္ခဏာတွေခံစားနေရရင် ဘာလုပ်သင့်သလဲ။
သွေးတိုးရောဂါရှိတာကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အထက်ပါ လက္ခဏာတွေ ခံစားရတဲ့အခါ နီးရာ ဆေးရုံ၊ ဆေးခန်းကို အမြန်သွားသင့်ပါတယ်။ ဒါတွေက အရေးပေါ် လက္ခဏာတွေ ဖြစ်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ် ဖြစ်သွားနိုင်ပါတယ်။
ခုလိုအချိန်မှာ အိမ်ကသွေးကျဆေးတွေ သောက်တာ၊ သွေးတိုးမြန်မြန်ကျအောင် မလုပ်သင့်ပါဘူး။ ဒီလိုအချိန်မှာ သွေးတိုးကို အမြန်ချတာက အန္တရာယ်ရှိတာကြောင့် တတ်သိနားလည်တဲ့ ဆရာဝန်နဲ့ ပြတာ အကောင်းဆုံးပါ။
ကိုယ်တွင်းပိုင်းမှာ သွေးတိုး တာကြောင့် ထိခိုက်မှုတွေအနေနဲ့ကတော့
သွေးတိုးတာက ကိုယ်တွင်းအင်္ဂါတွေ ထိခိုက် ပျက်စီးနိုင်ပါတယ်။ သွေးတိုးတဲ့အခါ ပြင်းထန်တဲ့ လက္ခဏာတွေ အနေနဲ့
- စိတ်တွေ ထွေပြားလာမယ်
- ဦးနှောက်ထဲ သွေးယိုမယ် ( ဦးနှောက် သွေးကြောပေါက်တာ)
- နှလုံးရပ်မယ်
- ရင်ဘတ်အောင့်မယ်
- အဆုတ်ထဲမှာ ရေဝင်မယ်
- ရုတ်တရက် နှလုံးရပ်မယ်
- ကိုယ်ဝန်သည်တွေမှာ ကိုယ်ဝန်ဆိပ်တက်မယ် စတာတွေကို ခံစားရနိုင်ပါတယ်။
သွေးတိုးရောဂါရှိသူတွေအနေနဲ့ မိမိရဲ့ သွေးတိုးကို ပုံမှန်မတိုင်းဘူး။ သေချာမကုသဘူးဆိုရင် အထက်ပါပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် ပုံမှန်ကျန်းမာရေးစစ်ဆေးနေဖို့၊ ရက်ချိန်းပြနေဖို့ လိုပါတယ်။