brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင်က colour blind တစ်ယောက်လား။

ငယ်ငယ်တုန်းကဆို သူငယ်ချင်း အချင်းချင်း အရောင်တွေ မှားပြောနေပြီဆိုရင် နင်က colour blind လား လို့ စ လေ့ရှိတယ်ဟုတ်။ ပတ်ဝန်းကျင်မှာ colour blindလေးတွေ တွေ့ဖူးကြလားမသိ။ သူတို့က blindလို့ ပြောပေမယ့် အရောင်တွေကို မမြင်ရတာ မဟုတ်ပါဘူး။ အရောင်တွေကို မြင်ရပါတယ်။ တချို့အရောင်တွေကို အမျိုးအမည် မခွဲနိုင်တာပါ။ အမြင်အာရုံလည်း တခြား လူတွေလို ပုံမှန်ပါပဲ။ ချို့ယွင်းချက်လေး တစ်ခုဖြစ်သွားလို့ မမြင်ရတော့တာပါ။ သူတို့အကြောင်းက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အနားမှာ colour blind သူငယ်ချင်းလေး တစ်ယောက်လောက် ရှိရင် ကူညီပေးနိုင်အောင် ကြည့်ကြည့်ရအောင်။

သင်က colour blind တစ်ယောက်လား။

Colour blind က ဘာကြောင့် ဖြစ်တာလဲ။

အဓိကကတော့ မျိုးရိုးဗီဇကြောင့်ပါပဲ။ မိဘ (အထူးသဖြင့် အမေ)ဆီမှာ မျိုးဗီဇရှိနေရင် သားသမီးဆီကို ရောက်သွားပြီး ဖြစ်တတ်ပါတယ်။ ဒီအကြောင်းကို နောက်မှ အသေးစိတ်ပြောပြပါမယ်။

နောက်တစ်ခုကတော့ မျိုးဗီဇနဲ့မဆိုင်ဘဲ တခြား အကြောင်းရင်းကြောင့်ပါ။ ဘာတွေလဲဆိုတော့

  • နဂိုတည်းက ရောဂါတစ်ခုခုရှိနေတာ (ဥပမာ ဆီးချိုရေတိမ်၊ အသက်ကြီးလာလို့ မြင်လွှာတွေ ပျက်စီးလာတာ၊ multiple sclsrosis၊ အယ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါ)
  • ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ (ဥပမာ နှလုံးဆေး digoxinတို့၊ chloroquine၊ hydroxychloroqine၊ အတက်ကျဆေး phenytoinတို့ sildenafil )
  • ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုများတာ (ဥပမာ carbon disulphide၊ styrene )

တချို့တွေကျတော့လည်း ဘာအကြောင်းရင်းမှ မရှိဘဲနဲ့ အရောင် မခွဲနိုင်တော့တာလည်း ရှိပါတယ်။ အသက်ကြီးလာလေလေ ပိုဆိုးလေလေပါပဲ။ ဒါဆိုရင်တော့ ဇရာကြောင့်ပါပဲ။

မျိုးဗီဇကြောင့် ဖြစ်တဲ့ colour blind

Colour blind ဖြစ်တယ်ဆိုတာ အရောင်တွေကို ဖတ်ပေးတဲ့ ဆဲလ်တစ်မျိုးဖြစ်တဲ့ conesက မရှိတာ ဒါမှမဟုတ် ကောင်းကောင်း အလုပ်မလုပ်တာကြောင့် ဖြစ်ပါတယ်။ နောက်ပြီး ဒီမျိုးဗီဇချို့ယွင်းချက်က X ခရိုမိုဆုန်းကနေတစ်ဆင့် မိဘကနေ ကလေးကို လက်ဆင့်ကမ်းသွားတာပါ။ (ကြုံတုန်း ပြောရရင် အမေမှာ XXရှိပြီး အဖေမှာ XYရှိပါတယ်။ အမေ့ဆီက Xတစ်လုံးဆီနဲ့ အဖေ့ဆီက X သို့မဟုတ် Y ပေါင်းပြီး XXဆိုရင် သမီး၊ XYဆို သားဖြစ်ပါတယ်။) Colour blindဟာ

  • သားတွေဆီမှာ အဖြစ်များပါတယ်။ သမီးတွေဆီမှာ ဖြစ်ခဲပါတယ်။
  • သမီးတွေကတော့ မျိုးဗီဇသယ်ဆောင်သူအနေနဲ့ ရှိနေတာ များပါတယ်။ သယ်ဆောင်သူဖြစ်လို့ လူကောင်းပါပဲ။ လက္ခဏာ မပြပါဘူး။
  • ဒီမျိုးဗီဇက အမေကနေ သားဆီကို သွားတာများပါတယ်။
  • Colour blindရှိတဲ့ အမျိုးသားက သာမန်လူနဲ့ အိမ်ထောင်ပြုရင် သူ့ကလေးတွေမှာ ရောဂါ မပါလာပါဘူး။ ဒါပေမယ့် သူ့အမျိုးသမီးက ခုနကပြောတဲ့ မျိုးဗီဇသယ်ဆောင်သူဆိုရင်တော့ တစ်မျိုးပေါ့။ ဒါဆိုရင်တော့ မွေးလာတဲ့ သားမှာရော သမီးမှာပါ ရောဂါဖြစ်နိုင်ချေ ပိုများသွားပါပြီ။
  • နောက်တစ်ခုက မျိုးဆက်တိုင်း ဖြစ်ချင်မှ ဖြစ်တာပါ။ အဘိုးမှာ ဖြစ်ပေမယ့် သားမှာ မဖြစ်ဘဲ မြေးကျမှ ပြန်ဖြစ်တာမျိုးလည်း ရှိပါတယ်။ ဒါကို skip generation လို့ခေါ်ပါတယ်။

(မျိုးဗီဇအကြောင်းအရာတွေ ဖြစ်တဲ့အတွက် ဘာကြောင့် ဒီလိုတွေ ဖြစ်လဲဆိုတာ အသေးစိတ်မရှင်းပြတော့ပါဘူး။ )

ဘာလက္ခဏာတွေ ခံစားရမှာလဲ။

အဓိကကတော့ အရောင်မခွဲနိုင်တာပါ။ ဒီမှာလည်း အတွေ့ရများတဲ့ colour blindness ၂မျိုးရှိပါတယ်။ နီ-ဝါ-စိမ်း အရောင် ၃မျိုးကို မခွဲနိုင်တာပါ။ ဒါကိုတော့ နီ-စိမ်း အရောင်မခွဲနိုင်ခြင်း (red-green colour blindness)လို့ ခေါ်ပါတယ်။ သူကတော့ အတွေ့ရများပါတယ်။

နောက်တစ်မျိုးက ရှားရှားပါးပါး ပြာ-စိမ်း-ဝါ အရောင်ကို မခွဲနိုင်တာပါ။ ဒါကိုတော့ ပြာ-ဝါ အရောင်မခွဲနိုင်ခြင်း (blue-yellow colour blindness)လို့ ခေါ်ပါတယ်။

သူတို့တွေက အရောင်မြင်ရင်

  • အနီလား၊ လိမ္မော်၊ အဝါ၊ အညို၊ အစိမ်း အရောင်တွေကို ကောင်းကောင်းမခွဲခြားနိုင်ပါဘူး။
  • တခြားသူတွေနဲ့ ယှဉ်ရင် ဒီအရောင်တွေကို ကြည့်ရတာ မှိုင်းနေတတ်ပါတယ်။
  • အနီနဲ့ အမည်းနဲ့လည်း မကွဲပါဘူး။
  • ခရမ်းရောင်တွေကို ကောင်းကောင်း မခွဲတတ်ပါဘူး။

ဘယ်လိုအခက်အခဲတွေ တွေ့နိုင်လဲ။

ဒီတိုင်း အရောင်မခွဲနိုင်တာက ပြဿနာ မရှိပါဘူး။ သူများတွေလိုပဲ သွားနိုင်လာနိုင်ပါတယ်။ တော်တော်များများကလည်း မျိုးဗီဇကြောင့် ဖြစ်တာမို့လို့ မွေးကတည်းက ဒီလိုပဲ နေလာရင်း နေသားကျသွားကြပါတယ်။ ပိုလည်း ဆိုးသွားတာမှ မဟုတ်တာပဲ။ ဒါပေမယ့် ပြဿနာက

  • ကျောင်းစာမှာ အရောင်တွေနဲ့ သင်တဲ့အခါ နားလည်မှာ မဟုတ်ပါဘူး။
  • အနီရောင်အသားတွေ စားတဲ့အခါ သေချာကျက်လား၊ မကျက်ဘူးလား ခွဲဖို့ ခက်သလို သစ်သီးတွေကိုလည်း အရောင်ကြည့်ပြီး မှည့်မမှည့် မသိပါဘူး။
  • အရောင်ပါတဲ့ ဆေးလုံးတွေ သောက်တဲ့အခါမျာလည်း နာမည်မရေးထားရင် မှားသောက်မိနိုင်ပါတယ်။
  • သတိပေးဆိုင်းဘုတ်တွေ ဖတ်တဲ့အခါ အခက်အခဲ ရှိနိုင်ပါတယ်။
  • တချို့သော အသက်မွေးဝမ်းကြောင်းအလုပ်တွေ လုပ်ဖို့ အဆင်မပြေနိုင်ပါဘူး။ ဥပမာ ပိုင်းလော့၊ ရထားမောင်းတဲ့သူ၊ လျှပ်စစ်ပြင်သမား၊ လေကြောင်းလမ်းပြ ဒါတွေ လုပ်ဖို့ မဖြစ်နိုင်ပါဘူး။

ခြုံပြောရရင်တော့ colour blindnessက လူနည်းစုမှာပဲ ဖြစ်တာပါ။ အခက်အခဲလည်း သိပ်မရှိပါဘူး။ ကားမောင်းတာ အပါအဝင် သာမန်လူလိုပဲ နေနိုင်ပါတယ်။

Colour blind ရှိတဲ့သူတွေကို ဘယ်လို ကူညီမလဲ။

မျိုးဗီဇကြောင့် ဖြစ်တာကိုတော့ ကုလို့မရပါဘူး။ တော်တော်များများကလည်း နေသားကျသွားကြပါတယ်။ ဒါပေမယ့် သူတို့ကို ကူညီပေးရမှာလေးတွေ ရှိပါတယ်။

  • ကလေးကို ကျောင်းအပ်ရင် အရောင်တွေ ခွဲခြားပြီး မမြင်နိုင်တဲ့အကြောင်း ပြောပြပါ။ ဒါမှ အရောင်နဲ့ သင်တဲ့ သင်ခန်းစာတွေမှာ သူတို့ကို ကူညီပေးနိုင်ပါတယ်။
  • မိသားစုတွေက ဝိုင်းပြီး ကူညီပါ။ ဥပမာ သူသုံးတဲ့ အသုံးအဆောင်တွေကို အရောင်သတ်သတ်မှတ်မှတ်ထားတာမျိုး၊ အစားအစာတွေ၊ ဆေးတွေ မသောက်ခင် စစ်ပေးပါ။
  • အိမ်မှာ အလင်းရောင်ကောာင်းကောင်းရပါစေ။

မျိုးဗီဇကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့်ဆိုရင်တော့ အကြောင်းရင်းကို ကုလိုက်ရင် ပြန်ကောင်းသွားနိုင်ပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။