လေ့ကျင့်ခန်း လုပ်တာက အမျိုးအစား (၂) ဆီးချို ကို ကာကွယ်နိုင်သလား။
အမျိုးအစား (၂) ဆီးချို က နာတာရှည်ရောဂါ တစ်မျိုးပါ။ ကမ္ဘာတလွှားက သန်းနဲ့ချီတဲ့ လူဦးရေတွေ ခံစားနေရတဲ့ ရောဂါ တစ်မျိုး ဆိုလည်း မမှားပါဘူး။

အမျိုးအစား (၂) ဆီးချိုရောဂါ ခံစားရပြီဆိုရင် သေချာ ထိန်းချုပ် ဂရုစိုက်ဖို့ လိုပါမယ်။ သေချာ ထိန်းချုပ် ဂရုစိုက်မှု မလုပ်ဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ မျက်စိ ကွယ်တာ၊ ကျောက်ကပ် ပျက်စီးတာ၊ နှလုံးရောဂါ နဲ့ အခြား ပြင်းထန်သော ရောဂါတွေ ခံစားရနိုင်ပါတယ်။
ဒါကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်တာက ဒီရောဂါအတွက် အထိရောက်ဆုံး ကုထုံးတစ်ခုပေါ့။
အမျိုးအစား (၂ )ဆီးချို ကို ဘယ်လို ကာကွယ်မလဲ ………….
အမျိုးအစား (၂) ဆီးချိုကို ကာကွယ်ဖို့ အချို လျှော့စားလိုက်ရင် ရပြီလို့ ထင်နေကြသူက ခပ်များများပါ။ တကယ်ကတော့ အချို စားလို့ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။
အိပ်ရေးပျက်တာ၊ စိတ်ဖိစီးတာ၊ မျိုးရိုးရှိတာ၊ အသက်အရွယ်၊ အဝလွန်တာ နဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းတာတွေကလည်း ဆီးချို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါပဲ။
ဒီတော့ ဆီးချိုကို ကာကွယ်ဖို့ဆိုရင် အစားအသောက်ရော လေ့ကျင့်ခန်းကိုပါ ဂရုစိုက်ဖို့ လိုပါမယ်။
ဆီးချို ကာကွယ်ဖို့ လေ့ကျင့်ခန်း လုပ်ကြစို့ ……………..
လေ့ကျင့်ခန်း လုပ်ဆိုတော့ လေ့ကျင့်ခန်း လုပ်တာက ဆီးချိုကို ကာကွယ်နိုင်လို့လားလို့ မေးစရာ ရှိနိုင်ပါတယ်။ လေ့လာချက်တွေ အရကတော့ လေ့ကျင့်ခန်း လုပ်တာက အမျိုးအစား (၂) ဆီးချို ကို ကာကွယ်ဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခု ဆိုတာပါ။
ဒီလို ပြောရတဲ့ အကြောင်းကတော့ လေ့ကျင့်ခန်း မှန်မှန် လုပ်မယ်ဆိုရင်
- သွေးတွင်းက သကြားဓာတ်ကို အကောင်းဆုံး အနေအထားမှာ ထိန်းထားနိုင်မယ်
- သွေးထဲက သကြားပမာဏကို လျှော့ချပေးနိုင်မယ်။ အကြောင်းကတော့ ကြွက်သားတွေဆီ ပို့ပေးလိုက်တာပါ။
- ဆဲလ်တွေကို ဂလူးကို့စ်ကို အကောင်းဆုံး အသုံးချနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။
- အင်ဆူလင် တုံ့ပြန်နိုင်စွမ်း ကောင်းစေတယ်။
- ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်။ အဝမလွန်စေဖို့ ကာကွယ်ပေးတယ်။
- သွေးလည်ပတ်မှု ကောင်းစေတယ်။
- နှလုံး ကျန်းမာစေတယ်။
- ပင်ပန်းနွမ်းနယ်မှုကို ပြေလျော့စေတယ်။
- သက်လုံ ကောင်းစေတယ်။
ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ပေးရမလဲ ……….
- လမ်းလျှောက်ခြင်း
- ပြေးခြင်း
- Gym ဆော့ခြင်း
- Zumba ကခြင်း
- စက်ဘီးစီးခြင်း
- ရေကူးခြင်း
- ခပ်ရွရွ ပြေးခြင်း
- ယောဂလေ့ကျင့်ခြင်း
- ဒိုက်ထိုးခြင်း
- အလေးမခြင်း စတာတွေကို လုပ်ပေးလို့ ရပါတယ်။
လေ့ကျင့်ခန်း လုပ်တဲ့အခါ တစ်ပတ်ကို ၅ ရက် ဒါမှမဟုတ် နေ့စဉ် မှန်မှန်လည်း လုပ်ပေးလို့ ရပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ၁၅ မိနစ်ကနေစလို့ နာရီဝက်၊ ၄၅ မိနစ်၊ ၁ နာရီ စသဖြင့် လုပ်ပေးပါ။
လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ လန်းဆန်းကျန်းမာစေပြီး အမျိုးအစား (၂) ဆီးချိုကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။