brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အသည်းကင်ဆာ နဲ့ပတ်သတ်ပြီးသိသင့်သမျှ

အသည်းကင်ဆာ နဲ့ပတ်သတ်ပြီး လူတော်တော်များများကြားဖူးကြတာက အရက်သောက်ရင် အသည်းခြောက်တယ်။ အသည်းကင်ဆာဖြစ်တတ်တယ်။ ဒါလည်းမှန်ပါတယ်။ တကယ်တော့ အသည်းကင်ဆာလို့‌‌ပြောလိုက်ရင် အမျိုးအစား အများကြီးရှိပါတယ်။ အသည်းဆဲလ်က ဖြစ်တာလား။ သည်းခြေပြွန်ကဖြစ်တာလား။ သွေးကြောကဖြစ်တာလား။ ကလေးတွေရဲ့ အသည်းဆဲလ်နုနုလေးတွေမှာဖြစ်တာလား။ အသည်းကစဖြစ်တာလား။ တခြားကင်ဆာကနေ ပျံ့လာတာလား စသဖြင့်ပေါ့။ ခုပြောမှာက အသည်းဆဲလ်ကဖြစ်တဲ့ ကင်ဆာကို ‌‌ပြောပြပေးမှာပါ။

အသည်းကင်ဆာ နဲ့ပတ်သတ်ပြီးသိသင့်သမျှ

အသည်းဆဲလ်ကဖြစ်တဲ့ အသည်းကင်ဆာ (Hepatocelluar carcinoma)

ဒီအသည်းကင်ဆာက မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ လူလတ်ပိုင်းတွေမှာအဖြစ်များပါတယ်။ အရင်က အမျိုးသားတွေမှာပဲ အတွေ့ရများပါတယ်။ အခုတော့ အမျိုးသမီးတွေမှာပါ အတွေ့ရများနေပါပြီ။

ဘာကြောင့်ဖြစ်ရတာလဲ။

စာလိုပြောရရင် အသည်းဆဲလ်မှာရှိတဲ့ ဒီအန်အေမျိုးဗီဇပြောင်းပြီး အဆမတန် ပွားလို့ ကင်ဆာကြိတ်ဖြစ်ရတာပါ။ ကင်ဆာဖြစ်တဲ့အကြောင်းအရင်းကို တစ်ခါတစ်လေ သိပေမယ့် တစ်ခါတစ်လေ ရှာမတွေ့ပါဘူး။ အောက်က အချက်တွေရှိရင်တော့ ကင်ဆာဖြစ်နိုင်ချေများပါတယ်။

အသည်းရောင် အသားဝါပိုးရှိတာကို သေချာမကုရင် နှစ်အနည်းငယ်ကြာလာတဲ့အခါ အသည်းကင်ဆာဖြစ်တတ်ပါတယ်။

အသည်းရာင်အသားဝါပိုးတွေ၊ အရက်သောက်တာတွေ၊ အသည်းမှာ သံဓာတ်စုတာတွေ စတာတွေကြောင့် နာတာရှည်အသည်းခြောက်‌ရောဂါကနေ အသည်းကင်ဆာဖြစ်တတ်ပါတယ်။

  • မျိုးရိုးလိုက်အသည်းရောဂါ

မျိုးရိုးဗီဇကြောင့် အသည်းမှာ ကြေးဓာတ်တွေစုပုံတာ (Wilson disease)က ကြာလာရင် အသည်းကင်ဆာပြောင်းတတ်ပါတယ်။

  • သံဓာတ်စုပုံခြင်း (Haemochromatosis)

သာလာဆီးမီးယားရောဂါရှင်တွေမှာ သွေးခဏခဏသွင်းရတာကြောင့် ကြာလာရင် ခန္ဓာကိုယ်မှာ သံဓာတ်တွေစုပုံလာပြီး အသည်း‌ခြောက်ကာ အသည်းကင်ဆာဖြစ်တတ်ပါတယ်။ ဒါကြောင့် သူတို့ကို သံဓာတ်ဖျက်ဆေး (iron chelating agents)တွေပေးတာပါ။

အသည်းက သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပါတယ်။ နာတာရှည်ဆီးချို ရောဂါရှင်တွေက သာမန်လူထက် အသည်းကင်ဆာဖြစ်နိုင်ခြေ ၁.၈ဆကနေ ၄ဆအထိရှိပါတယ်။

အသည်းမှာအဆီစုလာတာက ရေရှည်မှာ အသည်းခြောက်တာ၊ အသည်းအဆီဖုံးတာကို ဖြစ်စေပါတယ်။

  • Aflatoxin (မှိုပိုး)

ပဲတွေ၊ ငရုတ်သီးတွေကို သေချာမသိုလှောင်တဲ့အခါ မှိုစွဲတာတွေဖြစ်လာပြီး ဒါကိုစားမိတဲ့အခါ အသည်းကင်ဆာဖြစ်တတ်ပါတယ်။

  • အရက်အလွန်အကျွံသောက်ခြင်း

အရက်ကိုနေ့တိုင်း ပမာဏများများနဲ့ နှစ်ချီအောင်သောက်မယ်ဆိုရင် အသည်းဆဲလ်တွေပျက်စီးပြီး အသည်းကင်ဆာဖြစ်လာနိုင်ပါတယ်။

ဘာတွေခံစားရမှာလဲ။

ကင်ဆာတွေရဲ့ထုံးစံအတိုင်း ကနဦးအဆင့်ဆိုရင် ရောဂါလက္ခဏာမပြတတ်ပါဘူး။ ကင်ဆာကြိတ်ကြီးလာရင်တော့

  • ဝမ်းဗိုက်ညာဘက်က အောင့်တာ
  • ပျို့တာ၊အန်တာ
  • အသားဝါတာ၊ မျက်လုံးဝါတာ
  • ဗိုက်မှာအလုံးစမ်းမိတာ
  • ဝမ်းအရောင်ဖျော့တာ၊ မြေဖြူခဲလိုဖြူတာ
  • အစားအသောက်ပျက်တာ
  • အလိုလိုပိန်လာတာ
  • အားမရှိသလိုဖြစ်တာ
  • အစာမကြေတာ
  • ဖျားတာ
  • အညိုအမည်းစွဲလွယ်တာ၊ သွေးမတိတ်တာစတဲ့ လက္ခဏာတွေရှိနေရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။

ကုသလို့ရလား။

စောစောသိ စောစောကုတာက အကောင်းဆုံးပါပဲ။ လူနာအခြေအနေ၊ ရောဂါအခြေအနေအပေါ်မူတည်ပြီး

  • ခွဲစိတ်ကုသတာ
  • ရောင်ခြည်ပြတာ
  • ဆေးသွင်းတာ
  • Targeted therapy
  • Immunotherapy
  • အသည်းအစားထိုးတာ စတဲ့နည်းလမ်းတွေရှိပါတယ်။

ကာကွယ်လို့ရလား။

အောက်ကအချက်တွေကိုလိုက်နာရင် ကင်ဆာဖြစ်နိုင်ချေ အထိုက်အလျောက်တော့ နည်းသွားနိုင်ပါတယ်။

  • အရက်လျှော့သောက်ပါ။
  • ကိုယ်အလေးချိန်ထိန်းပါ။
  • အသည်းရောင်ဘီပိုးကာကွယ်ဆေးထိုးပါ။
  • စီပိုးအတွက်တော့ကာကွယ်ဆေးမရှိသေးပါဘူး။ ဒါပေမယ့် ကူးနိုင်တဲ့နည်းလမ်းတွေကိုတော့လျှော့ချနိုင်ပါတယ်။ ဥပမာပြောရရင်

-အတူနေတဲ့သူမှာ ရောဂါရှိမရှိမသေချာရင် အတူနေတိုင်း ကွန်ဒုံးသုံးပါ။

-မူးယစ်ဆေးမသုံးပါနဲ့။ ဆေးမပြတ်သေးရင်လည်း တစ်ခါသုံးအပ်ကိုပဲသုံးပါ။

-နားဖောက်တဲ့အခါ၊ တခြားအပေါက်ဖောက်တဲ့အခါ၊ တက်တူးထိုးတဲ့အခါ စိတ်ချပြီး တစ်ခါသုံးအပ်သုံးတဲ့ဆိုင်မှာပဲ လုပ်ပါ။

-အသည်းရောင်ဘီပိုး၊ စီပိုးရှိရင်လည်း စောစောစီးစီး ကုသမှုခံယူပါ။

  • မှိုသန့်ပြီးသား ပဲ၊ ငရုတ်သီးတို့ကိုသာ စားပါ။

Takeaways

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။