ခန္ဓါကိုယ်မှာ ရာသီဥတုဒဏ်ကို အများဆုံးခံရတာ အရေပြားပါ။ ခန္ဓါကိုယ်ရဲ့ အကြီးမားဆုံးသောအစိတ်အပိုင်းဖြစ်တဲ့ အရေပြားကျန်းမာဖို့ကလည်းမေ့ထားလို့မဖြစ်ပါဘူး။ဆောင်းရာသီလိုအခါမျိုးမှာဆိုရင် အရေပြားကနေရောင်ခြည်ဒဏ်အပြင် ရာသီဥတုအေးတဲ့ဒဏ်နဲ့ လေဒဏ်ကိုပါအပိုဆောင်းခံရပါတယ်။ ဒီလိုအချိန်မျိုးမှာ အရေပြားကို အစိုဓါတ်ရှိအောင် ထိန်းသိမ်းဖို့ မဖြစ်မနေလိုအပ်ပါတယ်။
ဆောင်းရာသီမှာ ဘာလို့ အသားခြောက်တာလဲ
ဆောင်းရာသီမှာအေးမြတဲ့ ရာသီဥတုအနေအထားကြောင့်ရေသိပ်မသောက်ဖြစ်တဲ့အတွက် အရေပြားမှာ လုံလောက်တဲ့ရေဓါတ်မရတာကြောင့် အသားအရေတွေခြောက်သွေ့လာရတာပါ။ အရေပြားကလိုအပ်တဲ့အာဟာရကို မရရှိတဲ့အခါ အလွယ်တကူခြောက်သွေ့ကွဲအက်လာပါတယ်။ အရမ်းပြင်းထန်တဲ့အခါမျိုးဆိုရင် အရေပြားကွဲအက်မှုတွေကသွေးစို့တာမျိုးလေးတွေတောင်ဖြစ်လာနိုင်ပါတယ်။ အရေပြားအပေါ်ယံလွှာ ထိခိုက်တဲ့အခါ အရေပြားပြဿနာနဲ့ အခြားသောကျန်းမာရေးပြဿနာတွေ အလွယ်တကူဖြစ်လာနိုင်ပါတယ်။
ဒီအချက်တွေကြောင့် အရေပြားခြောက်သွေ့ရတာပါ
အရေပြားခြောက်သွေ့တာကို မဖြစ်အောင် ကြိုတင်ကာကွယ်ထားလို့လည်းရပါတယ်။ အရေပြားခြောက်သွေ့တာကို ကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင် အရေပြားခြောက်သွေ့မှုဖြစ်ရတဲ့ အကြောင်းအရင်းတွေကို သိထားဖို့လိုပါမယ်။ အရေပြားခြောက်သွေ့မှုကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းတွေက –
- အေးတဲ့ရာသီဥတုအခြေအနေနဲ့ထိတွေ့မှု
- ရေနွေးနဲ့ရေချိုးတာ၊ မျက်နှာသစ်တာ
- အရေပြားပြဿနာ အခံရှိနေတာ
- မီးလှုံတာ၊ အခန်းထဲမှာ အနွေးပေးစက်ဖွင့်ထားတာမျိုး
- မကြာခဏ မျက်နှာသစ်တာ၊လက်တွေ၊ခြေတွေဆေးတာ
ဆောင်းရာသီမှာ လှပစိုပြည်တဲ့အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့
ရေများများသောက်ပါ -ဆောင်းရာသီလိုအေးတဲ့ သဘာဝပတ်ဝန်းကျင် အနေအထားမှာတော်တော်များများကရေသောက်ဖို့မေ့နေတတ်ကြပြီးကော်ဖီ၊ရေနွေးကြမ်းနဲ့ လက်ဖက်ရည်လိုမျိုးနွေးထွေးမှုကို ရစေမယ့် အရာတွေကိုပိုသောက်ဖြစ်ကြပါတယ်။ ဒီသောက်စရာတွေက လိုအပ်တဲ့ရေဓါတ်ကိုဖြည့်မပေးနိုင်ပါဘူး။ ဒါကြောင့် အရေပြားကျန်းမာဖို့ လိုအပ်တဲ့ရေကိုသောက်ဖို့ မမေ့ပါနဲ့။
Humidifier (အစိုဓါတ်ထိန်းစက်) အသုံးပြုပါ -ဆောင်းရာသီရဲ့ ရာသီဥတုအနေအထားနဲ့ အနွေးဓါတ်ရရှိအောင်လုပ်ဆောင်မှုတွေကြောင့်ခြောက်သွေ့သွားတဲ့ အသားအကေို အစိုဓါတ်ရရှိစေဖို့နေအိမ်မှာ Humidifier တပ်ဆင်ထားပါ။ ဒီလိုလုပ်ပေးတာက အရေပြားခြောက်သွေ့တာကို ကာကွယ်ပေးတဲ့ နည်းလမ်းတစ်ခုပါ။
ရေချိုးတဲ့အခါ အသားအရေကို ထိန်းသိမ်းပေးနိုင်တဲ့ အဆီတစ်ခုခုကိုထည့်ချိုးပေးပါ – ဒီလိုချိုးပေးတာက အရေပြားကို အစိုဓါတ်ထိန်းပေးဖို့ အကောင်းဆုံး အထောက်အပံ့ဖြစ်စေမှာပါ။ရေချိုးတဲ့အခါ စံပယ်ပန်း၊ ချာမိုမိုင်း၊ သံပရိုသီး၊rosemary နဲ့ ပူစီနံတို့ကနေထုတ်ထားတဲ့ အဆီတစ်မျိုးမျိုးကို ချိုးမယ့်ရေထဲ ထည့်ချိုးပေးပါ။
Exfoliation လုပ်တာကို ကန့်သတ်ပါ–နွေရာသီမှာ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့ ကမဖြစ်မနေလုပ်သင့်တဲ့အရာဆိုပေမယ့်ဆောင်းရာသီမှာတော့ ခဏခဏExfoliation မလုပ်ဖို့သတိပေးပါရစေ။ တစ်ပတ် တစ်ခါ ဒါမှမဟုတ် နှစ်ပတ်တစ်ခါလောက်ပဲ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပါ။ ခဏခဏလုပ်တဲ့အခါ အရေပြားကိုချောမွေ့စေတာထက် ထိခိုက်နိုင်ခြေ ပိုများသွားနိုင်ပါတယ်။
Moisturizer လိမ်းပေးပါ -ရေချိုးပြီးတဲ့အခါတိုင်း အရေပြားကို အစိုဓါတ်ထိန်းပေးနိုင်တဲ့ ခရင်မ်တစ်မျိုးမျိုး လိမ်းပေးပါ။ ဒီလိုလုပ်ပေးတာက အအေးဒဏ်ကြောင့် အရေပြားခြောက်သွေ့နိုင်ခြေကို သိသိသာသာနည်းပါးသွားစေမှာပါ။ ဒါကြောင့်Moisturizer လိမ်းပေးဖို့ မမေ့ပါနဲ့။
နေလောင်ကာခရင်မ်လိမ်းပေးပါ -နွေရာသီမှာပဲနေလောင်ကာခရင်မ်လိုအပ်တာမဟုတ်ပါဘူး။ဆောင်းရာသီမှာလည်းနေရောင်ခြည်ကရှိနေမှာဖြစ်တာကြောင့် အရေပြားထိခိုက်ပျက်စီးမှုမဖြစ်စေဖို့ အတွက်နေလောင်ကာခရင်မ်လူးပေးဖို့ လိုပါမယ်။ အပြင်မထွက်ခင် ၁၅ မိနစ် ဒါမှမဟုတ် နာရီဝက်ခန့်ကြိုပြီးနေလောင်ကာခရင်မ်လူးပေးပါ။ အပြင်ထွက်တဲ့အချိန်က ကြာမြင့်မယ်ဆိုရင် လိုအပ်တဲ့အခါ ထပ်လူးဖို့နေလောင်ကာခရင်မ်ကို တစ်ပါတည်းယူသွားပေးပါ။
Body Lotion (ဘော်ဒီလိုးရှင်း) လိမ်းပါ –ဘော်ဒီလိုးရှင်းလိမ်းပေးတာကဆောင်းတွင်းမှာ အသားအရေခြောက်သွေ့မှုဖြစ်တာနဲ့နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ပြီးသားဖြစ်နိုင်တယ်။ တကယ်လို့ သဘာဝထွက်ပစ္စည်းကိုပဲဘော်ဒီလိုးရှင်းအနေနဲ့ဖြစ်ဖြစ် အသားရေထိန်းသိမ်းတဲ့ပစ္စည်းလိုပဲဖြစ်ဖြစ် သုံးချင်တယ်ဆိုရင်တော့ သံလွင်ဆီကိုလူးပေးလို့ရတယ်။ သံလွင်ဆီက အသားအရေ၊ နှုတ်ခမ်းနဲ့ ဆံသားတွေကိုခြောက်သွေ့မှုကနေ ကာကွယ်ပေးပြီး စိုပြည်လှပနေစေပါလိမ့်မယ်။