brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

နွေရာသီမှာ အသားအရေ ထိန်းသိမ်းဖို့ ဒါတွေစားကြမယ်။

အခုလို ပူပြင်းတဲ့ နွေရာသီကို ရောက်လာတဲ့အခါမှာ နေလောင်ဒဏ်ကြောင့် အသားအရေ တွေ ထိခိုက်ပျက်စီးကြရပါတယ်။ နေလောင်ဒဏ်ကို ကာကွယ်ဖို့ နေလောင်ကာကရင်မ် ကြိုလိမ်းတာ၊ နေရောင်အောက်ကို တိုက်ရိုက်ထွက်တဲ့အခါ ဦးထုပ်၊ ထီး နဲ့ အခြားအကာအကွယ်တွေ အသုံးပြုတာ စတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီနေ့ ဆောင်းပါးလေးမှာ ပြောပြပေးချင်တာကတော့ အဲဒီလို နည်းလမ်းတွေအပြင် နေလောင်ဒဏ်ကို ကာကွယ်ဖို့ ကူညီပေးနိုင်တဲ့ အစားအစာလေးတွေအကြောင်း ဖြစ်ပါတယ်။

နွေရာသီမှာ အသားအရေ ထိန်းသိမ်းဖို့ ဒါတွေစားကြမယ်။

နွေရာသီမှာ အသားအရေ ကို အားဖြည့်ပေးမယ့် အသီးအနှံများ

၁။ Blueberries ( ဘလူးဘယ်ရီသီး )

နေရောင်နဲ့ ထိတွေ့တဲ့အခါ အရေပြားကို ထိခိုက်ပျက်စီးစေနိုင်တဲ့ free radicals လေးတွေ ထွက်လာပါတယ်။ Blueberries သီးလေးတွေမှာ အဲဒီ free readicals လေးတွေကို တိုက်ထုတ်နိုင်တဲ့ အလွန်ကောင်းမွန်တဲ့ antioxidants တွေပါဝင်ပါတယ်။ ဒါ့အပြင် Blueberries သီးလေးတွေမှာ ဗီတာမင် C ဓာတ်လည်း အများကြီးပါဝင်တာကြောင့် အရေးအကြောင်းလေးတွေ ဖြစ်လာတာကိုလည်း တားဆီးပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒ့ါကြောင့် Blueberries သီးလေးတွေကို နွေရာသီအစားအစာ (summer food) လို့တောင်ခေါ်ကြပါတယ်။

၂။ Watermelon (ဖရဲသီး)

စာရေးသူကတော့ နွေရာသီဆိုရင် အရည်ရွှမ်းပြီး အေးမြစေတဲ့ ဖရဲသီးကိုပဲ ပြေးမြင်မိပါတယ်။ ပူပြင်းတဲ့ရာသီမှာ ရင်ကိုအေးစေတဲ့အပြင် ဖရဲသီးလေးတွေမှာ Lycopene လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည် UV –A နဲ့ UV-B ကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိတဲ့ အတွက် သဘာဝနေကာလေးလို့လည်း ပြောကြပါတယ်။ နေ့တိုင်းပုံမှန်စားပေးမယ်ဆိုရင် ရတ်သတ္တအပတ် အနည်းငယ်အတွင်းမှာ ခန္ဓာကိုယ်အတွက် သဘာ၀ အကာအကွယ်လေးဖြစ်စေနိုင်ပါတယ်။

၃။ Carrot and Leafy Greens ( မုန်လာဥနီ နဲ့ အစိမ်းရောင်အရွက်များ)

မုန်လာဥနီ မှာ beta carotene, lycopene , နဲ့ ဗီတာမင် C သုံမျိုးစလုံးပါဝင်တာကြောင့် နေရောင်ကြောင့်ဖြစ်တဲ့ နေလောင်ခြင်းတွေနဲ့ အရွယ်မတိုင်မီ အိုမင်းရင့်ရော် ပြီး အရေးအကြောင်းဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဆလပ်ရွက်၊ ဟင်းနုနွယ် စတဲ့ အစိမ်းရောင်အရွက်တွေမှာလည်း beta carotene အပြင် နေလောင်ဒဏ်ကြောင့် ဖြစ်တဲ့ အသားအရေပျက်စီးခြင်းကို တိုက်ထုတ်ပေးနိုင်တဲ့ antioxidant တွေလည်း ပါဝင်တာကြောင့် ပုံမှန်လေးစားပေးသင့်ပါတယ်။

၄။ Cauliflower (ပန်းဂေါ်ဖီ) နဲ့ broccoli ( ဂေါ်ဖီစိမ်း)

ပန်းဂေါ်ဖီမှာ antioxidants တွေနဲ့ histidine တွေပါဝင်လို့ နေလောင်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ သဘာ၀ အစားအစာလေးလို့ ပြောကြပါတယ်။ ဒါ့အပြင် sulforaphane လို့ခေါ်တဲ့ ဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ ပစ္စည်းလေးက ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရည် နီမြန်းပျက်စီး သွားခြင်း ကို သက်သာစေနိုင်ပါတယ်။

၅။ Green tea

Green tea ဟာ အရေပြားကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့အပြင် အသားအရည်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ရေဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်ပါတယ်။

၆။ အစေ့အဆန်များ

ဥပမာ- သစ်ကြားသီး၊ chia seeds စတဲ့ အစေ့အဆံတွေမှာ omega 3 fatty acid ပါဝင်ပါတယ်။ omega 3 fatty acid ဟာ အရေပြားတင်းရင်းလှပအောင် ကူညီပေးနိုင်ပြီး နေလောင်ခြင်းကြောင့် ဖြစ်တဲ့ အသားအရေ ပြဿနာတွေကို သဘာဝအတိုင်း သက်သာအောင် ကူညီပေးနိုင်ပါတယ်။

၇။ ဒါ့အပြင် ခရမ်းချဉ်သီး ၊ ထောပတ်သီး၊ သလဲသီးစတဲ့ အသီးတွေကလည်း နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အသားအရေ ပြသနာတွေကို လျှော့ချပေးနိုင်ပါတယ်။

နေလောင်ကာလိမ်းဆေးတွေ လိမ်းခြင်း၊ အကာအကွယ် ပစ္စည်းတွေ အသုံးပြုခြင်း သာမက ဒီလို သဘာဝအစားအစာလေးတွေကိုပါ နေ့စဉ် တွဲဖက်စားသုံးပေးမယ်ဆိုရင် ပြင်းထန်တဲ့ ဒီနွေရာသီကြီးကို ကောင်းကောင်းကြီးအံတုနိုင်ပြီး အမြဲနုပျိုလှပတဲ့ အသားအရေကို ရရှိစေမှာ ဖြစ်ပါတယ်။ နေလောင်ခြင်းကြောင့်ဖြစ်တဲ့ အသားအရေပျက်စီးခြင်းကို ကာကွယ်နိုင်ကြပါစေ။

ရေးသားသူ- Khine Phoo Ngon

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။