brand logo
Kategori
Cek Kesehatan
Komunitas

Bagikan

နေလောင်ကာခရင်မ် ဝယ်တော့မယ်ဆိုရင်

နေလောင်ကာခရင်မ်ဆိုတာ ဘာလဲ။

အပြင်နေရောင်ခြည်မှာ ပါနေတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ အသားအေရကို မွဲခြောက်ပျက်စီးစေတယ်။ အရောင်မှိန်စေပြီး မွဲခြောက်ခြောက်ဖြစ်စေတယ်။ အရေးအကြောင်းတွေကို ထင်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတယ်။ ကြာလာတဲ့အခါ အရေပြားကင်ဆာတွေ ဖြစ်စေနိုင်သည်အထိ ဒုက္ခပေးပါတယ်။ ဒီလိုခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေထိခိုက်ပျက်စီးမှုနည်းစေဖို့ နေလောင်ကာခရင်မ်တွေကို သုံးပေးဖို့ လိုအပ်ပါတယ်။

နေလောင်ကာခရင်မ် ဝယ်တော့မယ်ဆိုရင်

SPF က ဘယ်လောက်ထိ အရေးကြီးလဲ။

နေလောင်ကာခရင်မ်တိုင်းမှာ SPF ပမာဏတစ်ခုစီ ပါဝင်ပါတယ်။ SPF (Sun Protection Factor) ဆိုတာ အသားအရေကို နေရောင်ခြည်ဒဏ်ကနေ ဘယ်လောက်ထိ ကာကွယ်ပေးနိုင်လဲဆိုတဲ့ ပမာဏကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဟိုးအရင်တုန်းကတော့ SPF ကို ၁၅ လောက်ထိပဲ အများဆုံး ထုတ်လုပ်ခဲ့ပေမယ့် တဖြည်းဖြည်းပူပြင်းလာတဲ့ ဒီဘက်ခေတ်ကြီးထဲမှာ SPF ကို ၅၀ လောက်ထိ ပါဝင်ထည့်သွင်းထားကြပါတယ်။ အလှကုန်တချို့မှာလည်း SPF ပါဝင်မှုတွေကို တွေ့ရှိလာရပါတယ်။

SPF ဘယ်လောက်ပမာဏကို ရွေးဝယ်သင့်လဲ။

ဒါကတော့ ကိုယ်နေထိုင်တဲ့ နေရာဒေသပေါ် မူတည်ပါတယ်။ များတာရွေးဝယ်နိုင်ရင်တော့ ပိုပြီး ကာကွယ်ပေးနိုင်တာပေါ့။ အေးမြခြောက်သွေ့တဲ့ အရပ်ဒေသမှာဆိုရင်တော့ SPF 15 မှ SPF 30 လောက်ထိ အများဆုံးအသုံးပြုသင့်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံလို ပူပြင်းတဲ့ နိုင်ငံမျိုးဆိုရင်တော့ SPF 30 မှ SPF 50 လောက် သုံးပေးသင့်ပါတယ်။

UV-A နဲ့ UV-B ဆိုတာဘာလဲ။

ကမ္ဘာမြေပေါ် ကျရောက်လာတဲ့ ခရမ်းလွန်ရောင်ခြည်ထဲကမှ UV-A နဲ့ UV-B နှစ်မျိုး ခွဲထွက်လာပါတယ်။ ဒီနှစ်မျိုးလုံးကလည်း အသားအရေကို သူ့နည်းသူ့ဟန် ဒုက္ခပေးနိုင်ပြီး UV-A ခရမ်းလွန်ရောင်ခြည်ကတော့ မှန်၊ ဖန်တွေကိုပါ ဖောက်ထွင်းပြီး ဝင်ရောက်နိုင်လို့ အိမ်ထဲမှာပဲနေနေရင်တောင် ကိုယ့်အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် နေလောင်ကာခရင်မ် ဝယ်တဲ့အခါ UVA/UVB Protection, Broad Spectrum, Multi-Spectrum ဆိုတဲ့ အမှတ်အသား ပါတဲ့ ပစ္စည်းကို အဓိကရွေးချယ်သင့်ပါတယ်။

နေလောင်ကာခရင်မ်ကို ဘယ်လိုလိမ်းပေးကြမလဲ။

ကိုယ်က အပြင်သွားတော့မယ်ဆိုရင် ရေချိုးမျက်နှာသစ်ပြီးတာနဲ့ နေလောင်ကာခရင်မ်ကို လိမ်းထားဖို့ လိုပါတယ်။ ပြီးရင် ဒီခရင်မ်ကို သွားလေရာ ဆောင်သွားပြီး ၂နာရီခြားတစ်ခါလောက် မျက်နှာကို တစ်သျှူးအစိုဖြင့် ဖြည်းဖြည်းချင်းသုတ်ကာ နောက်တစ်ကြိမ် ထပ်လိမ်းပေးဖို့ လိုပါတယ်။

အိမ်မှာပဲ နေတယ်ဆိုရင်တော့ SPF ပမာဏ နည်းနည်းပဲ ပါတဲ့ နေလောင်ကာခရင်မ် လိမ်းပေးရင် လုံလောက်ပါတယ်။ ညအိပ်တဲ့အချိန်တော့ လိမ်းပေးဖို့ မလိုပါဘူး။

လိမ်းတဲ့အခါမှာ မျက်နှာကို နေရာအနှံ့လိမ်းပေးဖို့ လိုပါတယ်။ အထူးသဖြင့် မျက်လုံးပတ်လည်မှာ ရှိတဲ့အရေပြားကို ဂရုစိုက်ပြီး လိမ်းပေးပါ။ အဝတ်အစား ဖုံးအုပ်မထားတဲ့ နေရာမှန်သမျှ ဥပမာ – လည်ပင်း၊ နားရွက်၊ လက်၊ ခြေထောက်၊ ရင်ဘတ်၊ ချက်တွေကိုလည်း လိမ်းပေးဖို့ လိုပါတယ်။

ကလေးတွေကိုရော နေလောင်ကာခရင်မ် လိမ်းပေးဖို့ လိုအပ်လား။

အရမ်းငယ်သေးတဲ့ ရင်သွေးလေးတွေကိုတော့ လုံးဝမလိမ်းသင့်ပါဘူး။ ကလေးေတွ ကျောင်းနေအရွယ်ရောက်လာပြီဆိုရင်တော့ SPF အနည်းငယ်ပါတဲ့ နေလောင်ကာခရင်မ်ကို မေမေတွေ ကိုယ်တိုင် လိမ်းပေးသင့်ပါတယ်။ လိမ်းတဲ့အခါ ကလေးရဲ့ မျက်လုံး၊ ပါးစပ်ထဲ မဝင်စေဖို့ သေချာသတိထားပါ။ ကိုယ့်မျက်နှာကိုလည်း လက်နဲ့ ပွတ်တာ၊ ကုတ်တာမျိုးတွေ မလုပ်ဖို့ ကလေးကို သေချာပြောပြပေးထားပါ။

ကိုယ်နဲ့ လိုက်ဖက်တဲ့ နေလောင်ကာခရင်မ်ကို ဘယ်လိုရွေးချယ်မလဲ။

၁။ အသားခြောက်တဲ့သူဆိုရင် အစိုဓါတ်ထိန်းပေးတဲ့ (Moisturizing) နေလောင်ကာခရင်မ်တွေကို အဓိက ရွေးဝယ်သင့်ပါတယ်။ စပရေးထက် ခရင်မ်အမျိုးအစားကို အဓိကသုံးပေးပါ။

၂။ အသားညိုတဲ့သူအတွက် ခရင်မ်ရော၊ စပရေးရော သုံးလို့အဆင်ပြေပါတယ်။ SPF ပမာဏ များတဲ့ နေလောင်ကာခရင်မ်ကို အဓိကရွေးဝယ်ပေးပါ။

၃။ ဝက်ခြံခဏခဏ ပေါက်တဲ့သူဆိုရင် ပျစ်ချွဲပြီး စေးကပ်တဲ့ ခရင်မ်မျိုးကို ရှောင်သင့်ပါတယ်။ မဝယ်ခင် လက်မှာအရင်စမ်းသုံးကြည့်ပြီး စေးကပ်ကပ်မဖြစ်ဘူးဆိုရင်တော့ ဝယ်လို့အဆင်ပြေပါတယ်။

၄။ အဆီပြန်တဲ့ မျက်နှာပိုင်ရှင်ဆိုရင်လည်း ခရင်မ်အမျိုးအစားထက် ဂျယ်လ်အခြေခံ ထုတ်လုပ်ထားတဲ့ နေလောင်ကာခရင်မ်မျိုး သုံးသင့်ပါတယ်။

၅။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် အယ်လ်ကိုဟော (Alcohol) လုံးဝမပါတဲ့ ပစ္စည်းကို ရွေးဝယ်ပါ။ ပါမယ်ဆိုရင်တောင် ပမာဏတော်တော် နည်းဖို့လိုပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel
Ditinjau secara medis olehHello Sayarwon Panel
Ditulis oleh Ye Myo Myat · Tanggal diperbarui 28/06/2022