brand logo
Kategori
Cek Kesehatan
Komunitas

Bagikan

အသားအရေခြောက်သွေ့သူတွေ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်(၁၀)ချက်

အသားအရေအမျိုးအစားတွေ တစ်ယောက်နဲ့တစ်ယောက်မတူကြသလို ဂရုစိုက်ပေးရမယ့်ပုံစံချင်းလည်းမတူကြပါဘူး။ ဒါ့ကြောင့်ပဲ Skin care ပစ္စည်းတွေ၊ အလှကုန်တွေကို အသားအရေအမျိုးအစားအလိုက် ခွဲပြီး ထုတ်လုပ်ကြတာပါ။ ဒီတစ်ခါတော့ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေအတွက် သိထားသင့်တဲ့ဆောင်ရန်၊ရှောင်ရန်အချက်တွေကိုပြောပြမယ်နော်။

အသားအရေခြောက်သွေ့သူတွေ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်(၁၀)ချက်

ဘက်တီးရီးယားတွေ၊ အရေပြားဆဲလ်သေတွေ၊ အဆီနဲ့ ဖုန်မှုန့်တွေက အရေပြားမှာနေ့တိုင်းကပ်နေမှာပဲ။ အသားအရေလှပကျန်းမာချင်ရင် ဦးစားပေးရမယ့်ပထမဆုံးအဆင့်က သန့်စင်မှုပါပဲ။

(၁) ညတိုင်း မျက်နှာသစ်ပါ

ချွေးပေါက်ပိတ်ဆို့ခြင်းကနေ အရေပြားယားယံတာ၊ရောင်ရမ်းတာ၊ဝက်ခြံထွက်တာတွေဖြစ်လာနိုင်တယ်။ခြောက်သွေ့ပြီးဓါတ်မတည့်ဖြစ်လွယ်တဲ့အသားအရေအတွက်ကတော့ ညအိပ်ခါနီးမျက်နှာသန့်စင်ပေးတာအကောင်းဆုံးပါ။မျက်နှာသစ်တဲ့အခါ ဆပ်ပြာမပါတဲ့ အပျော့စားမျက်နှာသစ်ဆေးကိုသုံးဖို့လိုပါတယ်။ အာနိသင် ပြင်းတဲ့ပါဝင်ပစ္စည်းတွေက အရေပြားကိုပိုခြောက်သွေ့၊ပိုထိခိုက်စေနိုင်တယ်။

(၂) ဒီပါဝင်ပစ္စည်းတွေကိုရှောင်ပါ

Triclosan လို ဘက်တီးရီးယားသေစေနိုင်တဲ့ပါဝင်ပစ္စည်းတွေနဲ့ အမွှေးရနံ့၊ အယ်လ်ကိုဟော၊parabens ၊စတာတွေမပါဝင်တဲ့ အသားအရေထိန်းအလှကုန်တွေကိုရွေးချယ်ပါ။ ဒါတွေက အသားအရေကိုခြောက်သွေ့ယားယံပြီး ထိခိုက်စေနိုင်ပါတယ်။

(၃) မျက်နှာသုတ်တဲ့အခါ အသာအယာတို့သုတ်ပါ

မျက်နှာကို တဘက်နုနဲ့ အသာအယာတို့သုတ်ပါ။ မပွတ်သုတ်ပါနဲ့။ခြောက်သွေ့လွယ်တဲ့အသားအရေကို ပွန်းပဲ့စေနိုင်ပါတယ်။

(၄) မျက်နှာသစ်ပြီး ၃ မိနစ်အတွင်း moisturizer သုံးပါ

အသားအရေသိပ်ပြီးခြောက်သွေ့မသွားခင်မှာ အစိုဓါတ်ထိန်းဖို့အကောင်းဆုံးပါ။ ဒါမှmoisturizer ကို အသားထဲစိမ့်ဝင်စေမှာဖြစ်ပါတယ်။ ညအိပ်ခါနီးမျက်နှာသစ်လည်းmoisturizer သုံးပါနော်။

(၅) ရေဓါတ်ဖြည့်ခရင်မ်တွေကို ရွေးပါ

Glycerin နဲ့ dimethicone ပါဝင်တဲ့ ခရင်မ်တွေက အရေပြားမျက်နှာပြင်အလွှာကိုရေဓါတ်ဖြည့်ပေးနိုင်ပြီး မခြောက်သွေ့အောင် ထိန်းသိမ်းပေးပါလိမ့်မယ်။

(၆) Shea butter ပါတဲ့ နှုတ်ခမ်းပေါင်းဆေး(နှုတ်ခမ်းနီအဆီ)ကိုသုံးပါ

ဘယ်နှုတ်ခမ်းနီမှမဆိုးခင် ဒီလိုနှုတ်ခမ်းဆေးအဆီကို အရင်ဆိုးထားပါ။

(၇)ရေများများသောက်ပါ

အသားအရေကိုရေဓါတ်ဖြည့်တင်းဖို့ရေများများသောက်ပေးပါ။ ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကိုကင်းစင်စေဖို့အတွက်လည်းရေကဆေးတစ်လက်ပါပဲ။

(၈) အဲကွန်းအေးလွန်းတဲ့ ဒါမှမဟုတ် အိုက်လှောင်လွန်းတဲ့ အခန်းတွေကိုရှောင်ပါ

ဒီလိုနေရာပတ်ဝန်းကျင်မှာ မလွှဲမရှောင်သာနေရတယ်ဆိုရင်moisturizing creamsတွေပိုလိမ်းထားပါ။ ဆောင်ထားပြီး လိုအပ်လာရင်အသားခြောက်တဲ့အခါ ထပ်လိမ်းပါ။

(၉) Peeling အပါအဝင်ချေးချွတ်ပေါင်းတင်၊ မျက်နှာဆေးတာတွေ မကြာခဏမလုပ်ပါနဲ့

ဒါတွေ မကြာခဏလုပ်ရင် အသားပိုခြောက်စေနိုင်တယ်၊ ယားယံတာ၊ အဖတ်ကွာတာ၊ နီမြန်းတာ၊ရောင်ရမ်းတာတွေဖြစ်လာနိုင်တယ်။

(၁၀) မျက်နှာကို မထိ၊မကိုင်ပါနဲ့

အရာရာကို ထိတွေ့ထားတဲ့လက်ချောင်းတွေမှာ ကပ်ပါလာတဲ့ ဘက်တီးရီးယားတွေ၊ မှိုပိုးတွေ၊ဗိုင်းရပ်စ်တွေနဲ့ ဖုန်မှုန့်အညစ်အကြေးတွေက မျက်နှာအသားအရေကို ထိတွေ့ရောက်ရှိလာမှာကို စိုးရိမ်ရပါတယ်။ ဒါ့ကြောင့် မျက်နှာကိုခဏခဏမကိုင်ဖို့ အရေပြားကျန်းမာရေးပညာရှင်တွေက သတိပေးတာပါ။ ဒီလိုမျက်နှာကို လက်နဲ့မကြာခဏထိတွေ့၊ ကိုင်တွယ်တတ်သူတွေ၊ ကုတ်ဖဲ့နေတတ်သူတွေမှာ ဝက်ခြံပိုဖြစ်တတ်တာ၊ မကြာခဏပိုးဝင်တတ်တာတွေ့ရပါတယ်။ မျက်နှာကို ဘာပဲလိမ်းလိမ်း လိမ်းတဲ့အခါလည်း လက်ကသန့်နေဖို့အရေးကြီးပါတယ်နော်။

တကယ်တော့ ဒါတွေအားလုံးက အသားအရေထိန်းသိမ်းရေးအတွက် အခြေခံအချက်တွေပါပဲ။ အကောင်းဆုံးက ဘာပစ္စည်းပဲဝယ်ဝယ် ကိုယ့်အသားအရေနဲ့သင့်တော်တာကိုရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
Ditinjau secara medis olehHello Sayarwon Panel
Ditulis oleh Yun Sandi Nan Mon · Tanggal diperbarui 05/11/2020