brand logo
Kategori
Cek Kesehatan
Komunitas

Bagikan

အမွေးအမျှင် ရာသက်ပန် ကင်းစင် စေကြဖို့    

မေလေးတို့ရေ….. ဟိုတစ်ခေါက်က ခန္ဓာကိုယ်ပေါ်က ( အထူးသဖြင့် မျက်နှာပေါ်က ) မလိုအပ်တဲ့ အမွေးအမျှင်တွေ ဖယ်ရှားပစ်နိုင်တဲ့ သဘာဝနည်းလမ်းလေးတွေ ပြောပြပေးခဲ့တယ်နော်။ ဒီနည်းလေးတွေက ခဏတာ အတွက်ပဲ ထိရောက်မှာမို့ ဒီတစ်ခေါက်တော့ ရာသက်ပန် အမွေးအမျှင်ကင်းစင်စေမယ့် laser hair removal ( လေဆာလှိုင်းဖြင့် အမွေးအမျှင်ဖယ်ရှားခြင်း) အကြောင်းလေးကို နှင်းသိသလောက်ဝေမျှ ပေးသွားမယ်နော်။

အမွေးအမျှင် ရာသက်ပန် ကင်းစင် စေကြဖို့    

ဒီနည်းလေးဟာဆိုရင်ဖြင့် US မှာ အသုံးအများဆုံး hair removal method တစ်မျိုးဖြစ်ပါတယ်။အလင်းကထွက်တဲ့ အပူကို အသုံးပြု တဲ့ photothermolysis နည်းတွေထဲက တစ်နည်းပေါ့။ ဒီနည်းမှာ ဆိုရင် laser အလင်းဟာ မွေးညင်းပေါက်လေးတွေက တစ်ဆင့် မွေးညင်းအိတ်တွေဆီရောက်တဲ့ အခါ အဲဒီမှာရှိတဲ့ melanin (ခေါ်) အမည်းရောင်ခြယ်ပစ္စည်းက အလင်းကို စုပ်ယူလိုက်ပြီး မွေးညှင်းအိတ်နဲ့တကွ အမြစ်ကို ဖျက်ဆီးပစ်ပါတယ်။ အစပိုင်း မွေးညင်းအရောင် နုလာမယ်….တဖြည်းဖြည်း ကျဲလာပြီး နောက်ဆုံး အမွေးမပေါက်တော့တဲ့ အထိ ထိရောက်မှုရှိပါတယ်။ melanin pigment ကို target လုပ်ထားတာမို့ မည်းနက်ကြမ်းတမ်းတဲ့ အမွေး ပေါက်ရောက်မှုများတဲ့ နေရာတွေ အတွက်ဆို ပိုပြီး effective ဖြစ်တဲ့ အပြင် အလင်းရဲ့ အလျင်နဲ့ ပြင်းအားကို ပစ်မယ့်နေရာ၊ ပေါက်နေတဲ့ အမွေး အထူအပါး နဲ့ အရောင် ပေါ်မူတည်ပြီး တတ်ကျွမ်းနားလည်တဲ့ သူတွေက ချိန်ညှိပေးတာမို့ အောက်က အရေပြားကို ထိခိုက်မှု အင်မတန်နည်းပါး ပါတယ်။

လေဆာပစ်တော့မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ မပစ်ခင် ၃/၄ ရက်လောက် နေပူရှောင် သင့်ပါတယ်။ ( စာအုပ်ထဲ အလို အရတော့ ၆ ပတ်ကြို ပြီး နေပူရှောင်သင့်တယ် ဆိုပေမယ့် တကယ်က လေဆာပစ်ပြီးမှ နေပူရှောင်ဖို့ ပို အရေးကြီးတယ်လို့ နှင်းက ထင်ပါတယ်)။ ပြီးတော့ လေဆာမပစ်ခင် waxing တို့ .. တခြား အမွေးဖယ်ရှားတဲ့ procedure တွေ ..peeling တွေ လုပ်မထားဖို့လိုပါတယ်။ ဘာလို့လဲ ဆိုတော့ လေဆာ ကုထုံးက မွေးညင်းရဲ့ အမြစ်နေရာကို ပစ်ပြီး ကုရတာမို့ waxing တို့ deep peel တို့လုပ်လိုက်ရင် အဲဒီ့ အမြစ်တွေပါသွားပြီး ကုထုံးက ထင်သလောက် ထိရောက်မှု ရှိတော့မှာ မဟုတ်လို့ပါပဲ။ shaving ကတော့ လုပ်လို့ရပါသတဲ့။

‌ဒါတွေကြိုတွေးပြီးရင်တော့ ဆေးခန်းရွေးပြှီး treatment စလို့ရပါပြီ။ လုပ်ထုံးလုပ်နည်းတွေကတော့ အကြမ်းအားဖြင့်တူကြပါတယ်။ စစချင်း ကိုယ်လေဆာပစ်ချင်တဲ့နေရာကို ဆရာဝန်နဲ့ ပြပြီး ဆွေးနွေးပေါ့နော်။ သူက သင့်တော်တဲ့ အလင်းလှိုင်း ပမာဏ ကို ရွေးပေးလိမ့်မယ်။ ပြီးရင်တော့ သန့်ရှင်းရေး နဲ့ shaving လုပ်ပေးပြီး cool gel / soothing gel တစ်မျိုးမျိုးလိမ်းပေးမှာပါ။ ဒီလို လိမ်းပေးခြင်းအားဖြင့် အလင်းလှိုင်းထိုးဖောက်မှု ပိုမိုအားကောင်းစေလို့ ကုသမှု ပိုမိုထိရောက်ပါသတဲ့။ ပစ်ခါနီး မျက်စိကို ​ရောင်ခြည်မထိအောင် cover တပ်ပေး ပြီးရင်တော့ ကြိုတင် ရွေးချယ်ထားတဲ့ လေဆာ အမျိုးအစားကို ခံနိုင်ရည် ရှိမရှိ သိရအောင် အစမ်း ပစ်ကြည့်မှာပါ။ နာလားဆိုတော့ waxing လောက်မနာပါဘူး။ ခံစားမှုက ဘာနဲ့တူသလဲဆိုရင် သားရေပင်နဲ့ ဖွဖွလေးပစ်သလို မျိုး အရေပြားပေါ်မှာ ရွရွလေး ခံစားရမှာမို့ နာမှာကြောက်တဲ့ မေလေးတွေ အတွက် အကိုက်ပါပဲနော်။ ပြီးရင်တော့ လေဆာကို ပ ၂ကြော့လောက်အနည်းဆုံးပစ်တတ်ပါတယ်။ ကြာချိန်ကတော့ နေရာနဲ့ အမွေးပေါက်ရောက်မှု ပမာဏ ပေါ်မူတည်ပါတယ်။ နှုတ်ခမ်းနားတို့၊ ချိုင်းတို့ ဆို မိနစ်ပိုင်းသာကြာပေမယ့် ခြေ၊လက် နဲ့ နောက်ကြောလို နေရာကျယ်ရင် နာရီနဲ့ ချီပြီးကြာပါတယ်။ အမွေးအားလုံးပြန်မပေါက်အောင်ကတော့ လေဆာ တစ်ခါထဲ ပစ်ပေးရုံနဲ့ မရပါဘူး။ အမွေးနက်နက်ကြမ်းကြမ်းပေါက်တတ်တဲ့ ခြေသလုံးလိုမျိုးဆို ၄/၅ ကြိမ်ပစ်ရုံနဲ့ ရတတ်ပေမဲ့ မျက်နှာပြင်လို အမွေးနုတွေရှိတဲ့ နေရာဆိုရင်တော့ ၁၀ကြိမ်နဲ့ အထက်မှပဲ ပြီးပြည့်စုံတဲ့ ရလဒ်ကိုရမှာပါ၊ ဒါပေမဲ့ တစ်ခါပစ်ပြီးရင်တော့ မွေးညင်းအရောင် သိသာသာသာ ဖျော့တော့သွားတာကိုတွေ့ရမှာပါ။ တစ်ခါထဲနဲ့ ပျောက်အောင်ဆိုပြီး ပြင်းအားများများနဲ့ အကြာကြီး ပစ်တာမျိုးကို နှင်းအားမပေးပါဘူး။ side effect ဆိုးနိုင်လို့ပါ။တစ်ခါနဲ့ တစ်ခါလည်း ဆက်တိုက်ပစ်လို့ မရပါဘူး။ အနည်းဆုံး ၄ ပတ်ကနေ ၆ ပတ် စောင့်ပြီးမှ နောက်တစ်ခါ ထပ်ပစ်ရပါတယ်။

‌ပစ်ပြီးပြီဆိုရင်တော့ cool gel တွေ antiinflammatory cream ( ရောင်ရမ်းမှု သက်သာစေသော လိမ်းဆေး) တွေ လိမ်းပေးတယ်ဆိုပေမယ့် ဆေးခန်းမှာ ခဏစောင့်ကြည့်သင့်ပါတယ်။( ရှားတယ်ဆိုပေမဲ့) ပြင်းထန်တဲ့ အရေပြားရောင်ရမ်းမှုတွေ ဖြစ်မလာဘူးဆိုမှပဲ အိမ်ပြန်ပါလို့ နှင်းက အကြံပေးချင်တယ်။ ၂ ပတ်လောက်နေရင်တော့ လေဆာပစ်ထားတဲ့နေရာမှာ နေလောင်ထားသလို ခပ်ညိုညို ဖြစ်နေပါလိမ့်မယ်။ ပစ်ပြီး ၄၈ နာရီ အတွင်း မိတ်ကပ်မလိမ်းရ၊ နေမထိစေရပါဘူး။ တကယ်က ပစ်ပြီး ၆ ပတ်လောက် အထိ နေမထိတာကောင်းပါတယ်။ အပြင်သွားမယ်ဆိုလည်း အနည်းဆုံး SPF 20 ရှိတဲ့ sun cream လိမ်းပေးရပါမယ်။ ကျန်တဲ့ အချိန်တွေဆိုလည်း soothing gel အမြဲ လိမ်းပေးနိုင်ရင်ပိုကောင်းပါတယ်။ ပစ်ပြီးတစ်ပတ်လောက်နေရင်တော့ တချို့ အမွေးလေးတွေ ကြွေကျသွားတာတွေ့ရပါလိမ့်မယ်။

‌ side effect ရှိလို့ လားလို့မေးရင် side effect လုံးဝ မရှိတဲ့ ကုထုံးဆိုတာမျိုး မရှိပါဘူးနော်။ ဒါပေမဲ့ ဒီနည်းလေးက ကျွမ်းကျင်သူနဲ့ သေချာတိုင်ပင်ပြီးလုပ်ရင် side effect အနည်းဆုံးကုထုံးထဲမှာ ပါပါတယ်။ အဖြစ်များတဲ့ side effect တွေပြောပါဆိုရင် တော့ အသားနီတာ ၊အရေကြည်ဖုပေါက်တာ နဲ့ ယားတာမျိုးဖြစ်နိုင်ပြီး မျက်နှာမှာဆိုရင်တော့ ဝက်ခြံထွက်တတ်ပါတယ်။ အညိုကွက်ထတာ အမာရွတ်ကျန်တာမျိုးတွေက အလွန်ရှားပြီး ဖြစ်ခဲ့ရင်တောင် ၆ လ အလွန်ဆုံးပဲဖြစ်ပြီး ပျောက်သွားတာများပါတယ်။ ပြီးတော့ ဒီ side effect တွေက အသားညိုတဲ့ လူမှာဆို ဖြစ်နိုင်ချေပိုများပါသတဲ့။ ဒါကြောင့်နှင်းက ဒီကုထုံးကို ကျွမ်းကျင်တဲ့ ဆရာဝန်ရှိမယ့် ဆေးခန်းတွေမှာပဲ လုပ်စေချင်ပါတယ်။ အခုက အိမ်သုံး လေဆာ ပစ်တဲ့ စက်ကလေးတွေ ပေါ်နေပြီပေမယ့် ဘေးကင်းအောင် အားပျော့ပျော့လေးပဲ ချိန်ထားတာရော လေဆာ လွှတ်တဲ့ မျက်နှာပြင်သေးတာရောကြောင့် သိပ်မထိရောက်ဘူးလို့ သိရပါတယ်။

ကဲ …. မေလေးတို့ လည်း အခု အစုံအလင်သိသွားပြီဆိုတော့ စိ်တ်တိုင်းကျလှနိုင်ကြပါစေလို့ နှင်းဆုတောင်းလိုက်တယ်နော်….။ ။

ရေးသားသူ – နှင်းရိပ်မှုန်

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
Ditinjau secara medis olehHello Sayarwon Panel
Ditulis oleh Dr. Thiha Phyo Myint · Tanggal diperbarui 05/11/2020