brand logo
Kategori
Cek Kesehatan
Komunitas

Bagikan

အမျိုးသားတွေ အဆီပြန်တဲ့မျက်နှာကို ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ

ပြောင်းလဲတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အမျိုးသားတွေလည်း ကိုယ့်ရဲ့ မျက်နှာအသားအရည်ကို အရင်ကထက် ပိုပြီးဂရုစိုက်လာကြပါပြီ။ ပူပြင်းလှတဲ့ နေရောင်ခြည်အောက်မှာ အလုပ်လုပ်ရတဲ့ အမျိုးသားတွေအတွက်တော့ မျက်နှာအဆီပြန်တယ်ဆိုတာ ထူးဆန်းတဲ့ ဖြစ်ရပ်တော့ မဟုတ်ပါဘူး။ မျက်နှာက အဆီအမြဲပြန်နေရင် ဖုန်မှုန့်တွေ ပိုမိုကပ်ငြိနိုင်တဲ့အပြင် ချွေးပေါက်ပိတ်တာ၊ ဝက်ခြံနဲ့ အမည်းစက်တွေ ထွက်လာနိုင်တဲ့အပြင် အသားအရည်ပါ ကြမ်းလာတတ်ပါတယ်။

အမျိုးသားတွေ အဆီပြန်တဲ့မျက်နှာကို ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ

ဒါဆိုရင် မျက်နှာအဆီမပြန်အောင် ဘယ်လိုကာကွယ်သင့်လဲ၊ မျက်နှာအဆီ ပြန်တတ်တဲ့သူတွေရော ကိုယ့်ရဲ့ အသားအရည်ကို ဘယ်လို ထိန်းသိမ်းသင့်လဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။

၁။ အပြင်းစားဆပ်ပြာတွေ၊ မျက်နှာသန့်စင်ဆေးရည်တွေကို ရှောင်ပါ။

မျက်နှာကို မနက်နိုးလာရင် တစ်ခါ၊ ညမအိပ်ခင် တစ်ခါ ပုံမှန် ၂ကြိမ်သစ်ပေးပါ။ မျက်နှာသစ်တဲ့အခါမှာလည်း အမွှေးရနံ့တွေ ပါဝင်တဲ့ ဆပ်ပြာတွေ၊ chemical တွေ ပါဝင်တဲ့ မျက်နှာသစ်ဆပ်ပြာတွေ၊ မျက်နှာသန့်စင်ဆေးရည်တွေအစား ဆပ်ပြာအပျော့လေးကို သုံးပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။

၂။ မျက်နှာကို ခြောက်သွားအောင် ဖွဖွလေးသုတ်ပေးပါ။

မျက်နှာသစ်ပြီးတဲ့အခါမှာ နူးညံ့တဲ့ မျက်နှာသုတ်ပဝါနဲ့ ရေခြောက်အောင် သုတ်ပေးပါ။ သုတ်တဲ့အခါမှာလည်း မျက်နှာကို အောက်ဆွဲချပြီး မသုတ်ပဲ ဖွဖွလေး ပုတ်ပြီးသုတ်ပေးပါ။

၃။ အစိုဓါတ်ထိန်း ခရင်မ်လိမ်းပေးပါ။

မျက်နှာအသားအရည်ဟာ စိုပြည်ကြည်လင်နေဖို့အတွက် မျက်နှာသစ်ပြီးတိုင်း အစိုဓါတ်ထိန်းခရင်မ် (Moisturizer) သုံးပေးရပါမယ်။ အဆီပြန်တတ်တဲ့ မျက်နှာပိုင်ရှင်တွေအတွက် အစိုဓါတ်ထိန်းခရင်မ်ကို ရွေးတဲ့အခါမှာ အဆီမပါတဲ့ oil-free ပစ္စည်းတွေ ဒါမှမဟုတ် ရှားစောင်းလက်ပပ် ပါဝင်တဲ့ moisturizer မျိုးကို ရွေးချယ်သင့်ပါတယ်။

၄။ မျက်နှာပေါ်က ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားပေးပါ။

အဆီပြန်တဲ့သူတွေအနေနဲ့ မျက်နှာပေါ်မှာ ရှိနေတဲ့ အညစ်အကြေးတွေ၊ အရေပြားအပေါ်ယံလွှာက ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားတာမျိုး လုပ်ပေးသင့်ပါတယ်။ သဘာဝအတိုင်း ပြုလုပ်ထားတဲ့ scrub အသုံးပြုခြင်းဟာ မျက်နှာပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျစေတဲ့အပြင် ချွေးပေါက်ထဲမှာ ပိတ်နေတဲ့ အဆီနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။

၅။ Mask အုပ်ပေးပါ။

Mask ဆိုတာ အမျိုးသမီးတွေအတွက်ပဲ သုံးရတာ မဟုတ်ပါဘူးနော်။ အမျိုးသားတွေလည်း facial mask ကို ပုံမှန်အသုံးပြုပေးရင် ချွေးပေါက်ပိတ်တာကို လျော့ကျစေတဲ့အပြင် မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

သဘာဝပျားရည်ကို Mask အနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။ ပျားရည်ဟာ ဘက်တီးရီးယားပိုးမွှားတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် မျက်နှာကိုလည်း သဘာဝအတိုင်း အစိုဓါတ်ထိန်းပေးနိုင်တဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ မျက်နှာပေါ်မှာ ပျားရည်ကို သုတ်ပြီး ၁၀မိနစ်လောက် ကပ်ထားပြီး ရေဆေးပေးပါ။ ဒီနည်းလမ်းကို မကြာခဏပြုလုပ်ပေးမယ်ဆိုရင် ဝက်ခြံေတွနဲ့ မျက်နှာပေါ်က အဆီတွေကို သက်သာစေတဲ့အပြင် အသားအရည်ကိုလည်း နူးညံ့ချောမွေ့နေစေပါတယ်။

အသားအရည်ကို သေချာထိန်းသိမ်းဖို့ဆိုတာ စိတ်ရှည်တတ်ဖို့တော့ လိုပါတယ်။ ရေကို တစ်နေ့ အနည်းဆုံး ဖန်ခွက် ၈ခွက်ထက် မနည်း သောက်ပေးရမယ်။ အပြင်ထွက်တဲ့အခါ အကျီလက်ရှည်ဝတ်တာ၊ နေလောင်ကာ ခရင်မ်တွေ လိမ်းပေးတာမျိုး လုပ်ပေးပါ။ ကိုယ့်အသားအရည်နဲ့ လိုက်ဖက်တဲ့ skin care ပစ္စည်းတွေကိုပဲ စွဲစွဲမြဲမြဲ သုံးပေးပါ။ မျက်နှာဟာ အင်မတန်နူးညံ့တဲ့ အရေပြားဖြစ်လို့ နူးနူးညံ့ညံ့ကိုင်တွယ်ဖို့လည်း လိုမယ်နော်။ ကိုယ့်အသားအရည်က သူများထက်ပိုပြီး ပျက်စီးနေပြီဆိုတာ သတိထားမိပြီဆိုရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး သေချာကုသပေးဖို့တော့ လိုပါလိမ့်မယ်။

နွေနေပူပူကို အန်တုနေရတဲ့ အမျိုးသားတွေလည်း ကျန်းမာစိုပြည်ပြီး ယောက်ျားပီသတဲ့ မျက်နှာအသားအရည်မျိုးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
Ditinjau secara medis olehHello Sayarwon Panel
Ditulis oleh Ye Myo Myat · Tanggal diperbarui 06/10/2022