ခန္ဓါကိုယ်ရဲ့ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်သလို ခန္ဓါကိုယ်ရဲ့ ခံတပ်ဆိုလည်း ဟုတ်တဲ့အရေပြားကျန်းမာမှ ခန္ဓါကိုယ်လည်း လှပကျန်းမာမှာအသေအချာပါနော်။ ဒီလောက်ညွှန်းနေရအောင် အရေပြားက ဘာများလုပ်ပေးနေလို့လဲလို့ဆိုပြီး အတွေးဖြစ်မိနေရင် ဒီဆောင်းပါးလေး ဖတ်ကြည့်လိုက်ပါနော်။
အရေပြားက ခန္ဓါကိုယ်အတွက်ဘာတွေလုပ်ပေးလဲ…….
ခန္ဓါကိုယ်ကိုနေရာလပ်မကျန်ဖုံးအုပ်ထားတဲ့ အပေါ်ယံအရေပြားလွှာက ခန္ဓါကိုယ်ကို အခုလိုစောင့်ရှောက်ပေးပါတယ်။
- ကိုယ်တွင်းကို ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ခံတပ်သဖွယ်ကာကွယ်ပေးတယ်
- နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတယ်
- ပတ်ဝန်းကျင်က အရာတွေကြောင့် ခန္ဓါကိုယ်မထိခိုက်ရအောင် ကာကွယ်ပေးတယ်
- လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူပေးပြီး ဆဲလ်တွေ ကျန်းမာအောင်လုပ်ဆောင်ပေးတယ်
- အရေပြားကျန်းမာစေဖို့ လိုအပ်တဲ့ အစိုဓါတ်ကို ထိန်းသိမ်းပေးတယ်
- ဗီတာမင် D လိုမျိုး လိုအပ်တဲ့ ဗီတာမင်တွေရရှိအောင် စုပ်ယူပေးပြီး ဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေတယ်၊ ကျန်းမာအောင်လုပ်ဆောင်ပေးတယ်
- ကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးတယ်။
အရေပြားကျန်းမာဖို့ မဖြစ်မနေလိုက်နာသင့်တဲ့ အချက်အချို့
ခန္ဓါကိုယ်အတွက် အရေးပါတဲ့ ခံတပ်ကို ဂရုစိုက်ဖို့ဆိုရင် ဒီအချက်လေးတွေကို မဖြစ်မနေလိုက်နာသင့်ပါတယ်။
နေရောင်ခြည်က ဗီတာမင် D ကိုပေးစွမ်းပေမယ့် ခရမ်းလွန်ရောင်ခြည်ပါဝင်မှုကြောင့် အသားအရေကို ထိခိုက်နိုင်ပါသေးတယ်။နေရောင်ကို တိုက်ရိုက်ထိတွေ့မှုက အရေးအကြောင်းတွေ၊ အမဲစက်တွေနဲ့ အရေပြားကင်ဆာအပါအဝင် အရေပြားပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်နေစဉ်နေလောင်ကာခရင်မ်လူးပေးဖို့ မမေ့ပါနဲ့။ အပြင်သွားတိုင်း အင်္ကျီလက်ရှည်ဝတ်တာ၊ ထီးဆောင်းတာမျိုးလုပ်ပေးပါ။
ဆေးလိပ်သောက်သုံးမှုက အသားအရေကိုတော်တော်လေးထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းမှုကိုဖြစ်စေနိုင်သလို အရေးအကြောင်းတွေ နဲ့ အခြားသော အရေပြားပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။
အသားအရေအတွက် လိုအပ်တဲ့ အာဟာရတွေရရှိမှုနဲ့သွေးစီးဆင်းရောက်ရှိမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။
ရေချိုးချိန်ကို ကန့်သတ်ပါ
ရေအကြာကြီးချိုးတာက အရေပြားပေါ်က အဆီတွေကို မလိုအပ်ဘဲ ဖယ်ရှားသလိုဖြစ်တာကြောင့် အရေပြားခြောက်သွေ့တာကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ရေကို အချိန်အကြာကြီးချိုးတာ၊ ရေနွေးနဲ့ရေချိုးတာတွေကို မလုပ်သင့်ပါဘူး။
ဆပ်ပြာအပြင်းစားတွေ မသုံးပါနဲ့
ဆပ်ပြာအပြင်းစားတွေ အသုံးပြုတာက အသားအရေကိုခြောက်သွေ့ထိခိုက်နိုင်ခြေများစေပါတယ်။ ဒါကြောင့် အသားအရေအတွက် ဆပ်ပြာသုံးမယ်ဆိုရင် အရမ်းပြင်းတာ၊ အနံ့ပြင်းတာနဲ့ အရောင်တောက်တာမျိုးကို မရွေးပါနဲ့။
ရေခြောက်အောင်သုတ်ပါ
ရေချိုးပြီးရင်ဖြစ်ဖြစ်၊ လက်ဆေးပြီးရင်ဖြစ်ဖြစ်၊ခြေထောက်ဆေးပြီးရင်ဖြစ်ဖြစ်ရေခြောက်အောင်သုတ်ပေးပါ။ရေခြောက်အောင် မသုတ်တာက အရေပြားကို အစိုဓါတ်လျော့စေပြီး အသားအရေခြောက်သွေ့နိုင်ခြေ ပိုများစေနိုင်ပါတယ်။
အစိုဓါတ်ထိန်းပါ
အရေပြားကို အစိုဓါတ်ထိန်းတာကလည်း ကျန်းမာရေးကောင်းအောင်လုပ်ပေးတဲ့နည်းလမ်းတွေထဲကတစ်ခုပါ။ ဒါကြောင့်အရေပြားကို အစိုဓါတ်ထိန်းပေးတဲ့ ခရင်မ်တစ်ခုခုလူးဖို့ မမေ့ပါနဲ့။
ကျန်းမာရေးနဲ့ညီညွတ်အောင်စားပေးပါ
အသားအရေကျန်းမာစေဖို့အတွက် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေစားပေးပါ။ အဆီပါဝင်မှုနည်းတဲ့ အသားတွေ စားပေးပါ။ အဆီပါဝင်မှုများတဲ့ ပင်လယ်ငါးတွေစားပေးပါ။ရေများများသောက်ပေးပါ။
စိတ်ဖိစီးမှုကိုဖြေလျော့ပါ
စိတ်ဖိစီးမှုများလွန်းတာက အသားအရေကို ထိခိုက်စေနိုင်သလို ဝက်ခြံတွေ၊ အရေးအကြောင်းတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရေပြားကျန်းမာစေဖို့အတွက်ဖြစ်နိုင်သမျှ စိတ်ဖိစီးမှုတွေကိုလျှော့ချဖို့ိုပါမယ်။ ဒါကြောင့် သီချင်းနားထောင်တာ၊ တရားထိုင်တာ နဲ့ပေါ့ပေါ့ပါးပါးလုပ်လို့ရတဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးပါ။