မနေနိုင် မထိုင်နိုင်အောင် ခေါင်းယားရတာ ဘာကြောင့်လဲ ။ ။

ခေါင်းယားတယ်၊ ခေါင်းယားတယ်ဆိုတာ တကယ်ကို ခံစားရခက်ပြီး စိတ်ရှုပ်ရတဲ့ အရာတစ်ခုပါ။ ကုတ်လေ ယားလေနဲ့ ကုတ်လေ ယားလေနဲ့ သံသရာလည်နေတော့တာပါပဲ ။ လူတိုင်းက ခေါင်းယားတယ်ဆိုတာနဲ့ ဗောက်ထတာကိုပဲ ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ ဗောက်ထတာ အပြင် ခေါင်းယားစေတဲ့ အခြား အကြောင်း အရင်းများစွာ ရှိပါတယ်။ ဘာတွေလဲ ။ ။
ဗောက်ထခြင်း ။ ။
ဗောက်ထခြင်းဟာ ဦးရေပြား ယားယံခြင်းကို ဖြစ်စေတဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတစ်ခုပါ။ ကုတ်လိုက်ရင်ပဲဖြစ်ဖြစ် ဒီအတိုင်းနေရင် ပဲဖြစ်ဖြစ် ဆံပင် မဲမဲလေးတွေ ပေါ်မှာ ကပ်နေတဲ့ အဖြူဖပ်တွေကြောင့် သင့်ကို နှုတ်ခေါင်းရှုံ့ကြမယ့် သူတွေ အများကြီးပါ။
ဦးရေပြား ခြောက်သွေ့ခြင်း ။ ။
ခြောက်သွေ့နေတဲ့ အရေပြားတစ်ခုဟာ ယားယံခြင်းကို ဖြစ်စေတယ်ဆိုတာ အားလုံးအသိပါ။ ဦးရေပြားဟာလည်း အရေပြားတစ်မျိုးဖြစ်တဲ့အတွက် ခြောက်သွေ့တဲ့ ဦးရေပြားဟာ သင့်ကို ခေါင်းယားစေမှာပါ ။
သန်းတွယ်ခြင်း ။ ။
ခေါင်းမှာ သန်းတွယ်ြပီဆိုတာနဲ့ နေလို့ထိုင်လို့ မရအောင် ယားယံခြင်း ဝေဒနာကိုခံစားရတတ်ပါတယ်။ သန်းတွေဆိုတာ မျိုးပွားနှုန်းလည်း အင်မတန်မြန်ပြီး ဦးရေပြားက သွေးကိုစုပ်ပြီး အသက်ရှင်ကြတာကြောင့် တစ်ကောင်မှမကျန်အောင် သတ်ရတာ အင်မတန်ခက်ခဲပါတယ်။
Psoriasis (အရေပြားလေးဖက်နာ)
ခုခံအားနဲ့ သက်ဆိုင်တဲ့ ရောဂါတစ်ခုဖြစ်တဲ့ Psoriasis ဟာ သင့်အရေပြားကိုရော ဦးရောပြားကိုရော အနီကွက်တွေ ဖြစ်စေပြီး ခြောက်သွေ့စေတဲ့အတွက် ယားယံခြင်းကို ဖြစ်စေပါတယ်။
ဓါတ်မတည့်ခြင်း ။ ။
ဆံပင်ဆိုးဆေး တွေကြောင့် ဓါတ်မတည့်မှုတွေ ဖြစ်ပြီး ဦးရေပြား ယားယံတတ်ပါတယ်။
ဘယ်အချိန်ဆို စပြီး စိုးရိမ်သင့်တာလဲ ။ ။
လူတိုင်းခေါင်းယားတတ်ကြလို့ ခေါင်းယားတာဟာ သာမန်ဆိုရင်တော့ အရမ်းကြီးစိုးရိမ်စရာ မရှိတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် ခုပြောပြတဲ့ အချက်တွေ သင့်မှာ ရှိနေပြီဆိုရင်တော့ ခေါင်းယားတာဟာ စိုးရိမ်ရတဲ့ အနေအထား တစ်ခုဖြစ်လာပါပြီ။ ။
- ဗောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည် တွေ သုံးနေပေမယ့် မသက်သာလာတာ။
- ခုနလေးတင် ခေါင်းလျှော်လိုက်ပေမယ့် ခနနေ ခေါင်းပြန်ယားတာ
- ခေါင်းယားတာကြောင့် ညဘက် အိပ်ပျက်တာ၊ အလုပ်မှာ အာရုံမစိုက်နိုင်တော့တာ
- ခေါင်းမှာ သန်းတွေကိုမြင်နေရတာ
- အချိန်ပြည့်ခေါင်းယားနေတာ
- ယားနေတဲ့ နေရာက ထိလိုက်ရင် အောင့်နေတာ၊ ဖုနေတာ မျိုးတွေ ဖြစ်ပြီဆို သာမာန် ဗောက်ထတာမျိုး မဟုတ်တော့ပါဘူး။ ဒီလို အချက်တွေရှိနေပြီဆိုရင်တော့ ပေါ့ဆမနေဘဲ အရေပြား ဆရာဝန်ဆီသွားပြတာကသာ အကောင်းဆုံးပါ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။