ဆံပင်တွေပျက်စီးနေပြီလို့ စပြီးသိလာတာ ဘယ်တုန်းကလဲ။ ဘီးဖြီးရတာအဆင်မပြေတော့လို့လား။ ခြောက်သွေ့၊ ဖွာပြီး ဖြီးလိုက်တိုင်း ပြတ်ထွက်ကုန်တာလား၊ ဆံပင်အဖျား နှစ်ခွကွဲတာလား။ အလိုလိုနေရင်းကို အလယ်ကနေ ကျိုးပြတ်ကုန်တဲ့ ဆံပင်တွေဖြစ်လာရင်တော့ ဆံသားပျက်စီးတာသေချာနေပါပြီ။ အဖျားမှာလည်း ထက်ပိုင်းတွေကျိုးလို့။
ဆံသားတွေ ကျိုးပြတ်တာဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ ကိုယ့်မှာရှိနေလို့ပဲဖြစ်ရမယ်။ ဒီလိုဖြစ်နေတာကို ကုစားဖို့အတွက် အကြောင်းရင်းကို သိမှဖြစ်မယ်လေ။ ဘာတွေကြောင့်ဖြစ်နိုင်လဲဆိုတော့ –
(၁) ဆံသားအလှအပ ပစ္စည်းတွေအသုံးများတာ
ဆံပင်ကိုဆေးဆိုး၊ ကောက်၊ ဖြောင့်တာတွေအတွက် ဆေးတွေအသုံးများရင် ဆံသားကျန်းမာရေးကို အားနည်းစေပြီး ကျိုးပြတ်တာတွေ၊ နှစ်ခွကွဲတာတွေဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်။ တချို့ခေါင်းလျှော်ရည်တွေ (ဓာတုပစ္စည်းများလွန်းတဲ့)ကတောင် ဆံသားကို ကျိုးပြတ်စေ၊ ကြွပ်ဆတ်စေ၊ ကောက်လိမ်ရှုပ်ထွေးလာစေနိုင်ပါတယ်။ ဓာတုပစ္စည်းသိပ်မများတဲ့ သဘာဝဆန်ဆန်ခေါင်းလျှော်ရည်တွေ၊ ပျော့ဆေးတွေသုံးသင့်ပါတယ်။
(၂) ခေါင်းခဏခဏဖြီးတာ
ခေါင်းဖြီးတာက တော်ရုံလောက်ပဲကောင်းပါတယ်။ ခဏနေတိုင်းတစ်ကြိမ်ဖြီးနေရင် ဆံပင်ပိုပျက်စီးပါတယ်။ လိုအပ်မှဖြီးပါ။
(၃) အပူဒဏ်ထိတာနဲ့ အစိုဓာတ်မရှိတာ
ဆံသားကို အပူဒဏ်မကြာခဏထိတွေ့စေတာက ဆံသားအပေါ်ယံလွှာကို ပျက်စီးစေပြီး သဘာဝအဆီဓာတ်ကို ခမ်းခြောက်စေပါတယ်။ ဒီလိုခမ်းခြောက်ရင် ဆံပင်တွေ ကြွပ်ဆတ်ပြီး ကျိုးပြတ်လွယ်ပါတယ်။ ဆံပင်အခြောက်ခံစက်(hair dryer) သုံးတာ၊ ဖြောင့်စက်ဆွဲတာ၊ ကောက်စက်နဲ့ လိပ်တာတွေက နေ့တိုင်းသုံးတာ ကြာလာရင် ဆံသားကိုထိခိုက်စေမှာပါပဲ။ နေပူထဲ ဒီတိုင်းသွားတာလည်း ဒီအန္တရာယ်ရှိနိုင်ပါတယ်။
(၅) တဘက်နဲ့သုတ်တာ
ဆံပင်အစိုကို တဘက်နဲ့သုတ်တဲ့အခါ ခပ်ကြမ်းကြမ်းပွတ်သုတ်တာ ဆံပင်ကိုပျက်စီးစေနိုင်ပါတယ်။ စိုနေတဲ့ဆံပင်ဟာ ခြောက်သွေ့တဲ့ဆံသားထက် ပိုထိခိုက်လွယ်ပါတယ်။
ဒါ့ကြောင့် ပွတ်သုတ်မယ့်အစား ရေစုပ်အောင် ဆံပင်ကို တဘက်နဲ့ ဆုပ်ဆုပ်ပြီးသုတ်ပါ။ ပြီးရင် သဘာဝလေနဲ့သာ ခြောက်အောင်ဖြန့်ထားလိုက်ပါ။
ဆံသားကျန်းမာရေးမှာ အစာအာဟာရကလည်း အရေးပါတဲ့အပိုင်းပါ။ အာဟာရဓာတ်တွေချို့တဲ့နေမယ်ဆိုရင် ဆံသားတွေလည်းအားနည်းလာပြီးခြောက်သွေ့တာ၊ အရောင်မွဲတာ၊ ကြွပ်ဆတ်တာတွေဖြစ်လာနိုင်ပါတယ်။ ချို့တဲ့တာ သိပ်ဆိုးမယ်ဆို ဆံပင်တွေကျွတ်လာနိုင်တယ်။
ကြက်ဥနဲ့ ငါးတွေမှာ ဆံသားကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့biotin ပါရှိပြီး အစေ့အဆန်မှာ ဆံပင်သန်စေတဲ့ selenium ပါရှိပါတယ်။ အကောင်းဆုံးက omega-3fatty acids ၊ ပရိုတင်း၊ ဗီတာမင် ဒီ၊ သံဓါတ်နဲ့ဇင့်တို့ လုံလောက်အောင်စားသုံးပါ။
(၇) စိတ်ဖိစီးမှုကြောင့်
စိတ်ဖိစီးမှုဆိုးရွားလွန်းရင် ဆံသားကိုပါထိခိုက်စေပြီး telogen effluvium လို့ခေါ်တဲ့ ဆံပင်ကျွတ်ရောဂါတစ်မျိုးဖြစ်စေနိုင်ပါတယ်။ ရုတ်တရက်ထိတ်လန့်တုန်လှုပ်ခြင်း သို့မဟုတ် စိတ်ဖိစီးမှုကြောင့် ဆံသားအမြစ်တွေကိုအချိန်မတန်ခင် resting stage (ဖွံ့ဖြိုးမှုရပ်တဲ့အဆင့်) ကိုရောက်စေပြီး ဆံပင်တွေကျွတ်စေနိုင်ပါတယ်။
စိတ်ဖိစီးမှုသက်သာသွားရင် ဆံပင်ပြန်ပေါက်လာလေ့ရှိပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ကုသမှုတော့လိုအပ်ပါတယ်။
(၈) သိုင်းရွိုက်ပြဿနာရှိနေလို့
သိုင်းရွိုက်ပြဿနာကြောင့်လည်း ဆံပင်ကျိုးပြတ်တာတွေဖြစ်စေနိုင်တယ်။ သိုင်းရွိုက်ရောဂါတစ်ခုခုရှိနေရင် ဆံပင်တွေ ပိုကြွပ်ဆတ်လာပြီးခြောက်သွေ့မယ်၊ အရောင်မွဲမယ်။ ဆံပင်တွေပါးလာနိုင်တယ်။ ထိပ်ပြောင်တော့မလိုဖြစ်လာတာတွေရှိတယ်။ သိုင်းရွိုက်ကြောင့်ဆိုရင် ဒီလက္ခဏာတွေလည်းဖြစ်နိုင်တယ် – လက်သည်းတွေကျိုးလွယ်တယ်၊ အနာကျက်နှေးတယ်၊ခြေဖဝါးနဲ့လက်ဖဝါးတွေမှာလက္ခဏာအရေးအကြောင်းတွေ ညိုပြီးထင်းနေတယ် စတာတွေပါဝင်ပါတယ်။