brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်ဆီးချိုရှိတဲ့ မေမေ ဘာတွေစားလို့ရမလဲ

ကိုယ်ဝန်ဆောင်ဆီးချိုရှိတယ်ဆိုတဲ့မေမေတွေ အစားအစာရွေးချယ်တဲ့နေရာမှာ စိုးရိမ်စိတ်တွေဖြစ်နေရမှာပေါ့။ ကလေးရဲ့ဖွံ့ဖြိုးမှုအတွက်၊မေမေနဲ့ကလေး နှစ်ဦးလုံးကျန်းမာရေးအတွက် အာဟာရပြည့်အောင်လည်းစားရမယ်၊ ဆီးချိုသွေးချိုမတက်အောင်လည်း သတိထားရမယ်။ ဒီနှစ်ချက်ကြားမှာ ထိန်းညှိနိုင်ဖို့က ဘာတွေစားသင့်လဲ၊ ဘာတွေရှောင်သင့်လဲ သိထားဖို့လိုပါတယ်။

ကိုယ်ဝန်ဆောင်ဆီးချိုရှိတဲ့ မေမေ ဘာတွေစားလို့ရမလဲ

ဘာတွေစားသင့်လဲ

သွေးတွင်းသကြားဓါတ်များနေရင် မေမေ့ကျန်းမာရေးအတွက်ရော၊ ဗိုက်ထဲကဘေဘီလေးအတွက်ပါ အန္တရာယ်များနိုင်ပါတယ်။ ဒါ့ကြောင့် ကာဗိုဟိုက်ဒရိတ်တွေကို ဘယ်လိုအမျိုးအစား၊ ဘယ်လောက်ပမာဏ၊ ဘယ်နှကြိမ်လောက်စားထားလဲဆိုတာသေချာမှတ်ထားပါ။ ကိုယ်စားသင့်တဲ့အတိုင်းအတာတစ်ခုသတ်မှတ်ထားပါ၊ အဲဒါကျော်တာနဲ့ ဆင်ခြင်သင့်ပြီဆိုတာသတိရပါ။

သွေးတွင်းသကြားဓါတ်ထိန်းဖို့ဆိုရင် –

  • တစ်ကြိမ်တည်းမှာ အများကြီးမစားပါနဲ့။
  • အမျှင်ဓါတ်များတဲ့ အစားအစာတွေကို စားပါ။
  • ပရိုတင်း ဒါမှမဟုတ် အကျိုးပြုအဆီဓါတ်ပါဝင်တာတွေစားပါ။
  • အစာစားချိန် မှန်အောင် ဂရုစိုက်ပါ။
  • မနက်စာကို ပရိုတင်းနဲ့ အမျှင်ဓါတ်များတဲ့ ကာဗိုဟိုက်ဒရိတ်တွေစားပါ။

ဒါတွေစားလို့ရတယ် –

  • ဂျုံကြမ်းပေါင်မုန့် သို့မဟုတ်ကွေကာ
  • ကစီဓါတ်နည်းတဲ့ ဟင်းသီးဟင်းရွက်
  • ပဲအမျိုးမျိုး
  • မုန်လာဥနီ
  • ပန်းသီး၊ လိမ္မော်သီး၊ မက်မွန်သီး၊ သစ်တော်သီး၊ ကဗ္ဗလာသီး
  • ပဲတောင့်ရှည်

ဒါတွေအကုန်လုံးကသွေးတွင်းသကြားဓါတ်မတက်စေမယ့် ယေဘုယျအစားအစာအုပ်စုထဲ ပါဝင်တဲ့ ဥပမာတချို့ဖြစ်ပါတယ်။

ပရိုတင်း ပိုစားပါ

ကာဗိုဟိုက်ဒရိတ်တွေနဲ့အတူ ပရိုတင်းအစားအစာတွေစားတာ ဒါမှမဟုတ် ပရိုတင်းပါတဲ့ကာဗိုဟိုက်ဒရိတ်တွေကိုရွေးချယ်တာမျိုးကသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုရှိနေတယ်ဆိုရင် အဆီမပါဘဲ ပရိုတင်းကြွယ်ဝတာတွေစားသင့်ပါတယ်။ ဥပမာ –

  • ငါး၊ ကြက်သား
  • ကြက်ဥ
  • တို့ဖူး၊ ပဲပြား
  • ပဲ
  • အစေ့အဆန်

မပြည့်ဝဆီကို ရွေးချယ်ပါ

  • သံလွင်ဆီ
  • မြေပဲဆီ
  • ထောပတ်သီး
  • အစေ့အဆန်တွေ
  • တူနာငါး
  • ဆာဒင်းငါး

ရှောင်သင့်တာက –

အချိုများတာတွေ

  • ကိတ်မုန့်
  • သကြားလုံး
  • ပူတင်း
  • အချိုရည်ဘူး စတဲ့ ဖြည့်စွက်အချိုဓါတ်များတာတွေကိုရှောင်ပါ။ မရှောင်နိုင်ရင် အနည်းအကျဉ်းလေးပဲစားပါ။

ကစီဓါတ်များတာတွေ

ကစီဓါတ်များတဲ့အစားအစာတွေမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများပြီးသွေးတွင်းသကြားဓါတ်ကို သက်ရောက်မှုများပါတယ်။ ဒါ့ကြောင့် ဒီအစားအစာတွေကို အကန့်အသတ်နဲ့ဆင်ခြင်စားသုံးသင့်ပါတယ်။ ဥပမာ –

  • အာလူး
  • ဂျုံနုပေါင်မုန့်
  • ထမင်းတို့ကို အများကြီးမစားမိပါစေနဲ့။

ပါဝင်မှုမသိသာတဲ့ တခြားအစားအစာတွေ

တချို့အစားအစာတွေမှာ သကြားဓါတ်နဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုကိုသေချာမသိနိုင်ပါဘူး။ သူတို့မှာ ကိုယ့်အတွက်မသင့်တော်လောက်တဲ့ ပမာဏတွေပါဝင်နေနိုင်ပါတယ်။ ဥပမာ –

  • ပြုပြင်စီမံထားတဲ့ စားစရာတွေ
  • ရယ်ဒီမိတ်ဟင်းအနှစ်တွေ၊ဆော့စ်တွေ
  • အသင့်ထုပ်ပိုးထားတဲ့စားစရာတွေ
  • အသင့်အမြန်စား အစားအစာတွေ
  • အရက်၊ ဘီယာ၊ ဝိုင် စတာတွေမှာ ပါဝင်မှုကသွေးတွင်းသကြားဓါတ်ထိန်းညှိနိုင်ဖို့ သိပ်အဆင်မပြေနိုင်ပါဘူး။

ဘယ်လိုဆီးချိုပဲဖြစ်ဖြစ် တူညီတဲ့အချက်တစ်ခုက ဘယ်အစားအစာကိုမှ အပြီးရှောင်စရာမလိုပါဘူး။ အချိုနဲ့ကာဗိုဟိုက်ဒရိတ်ပါဝင်မှုကို ချင့်ချိန်ပြီး ဉာဏ်ရှိသလို စားသောက်တတ်ရင် အကုန်စားလို့ရပါတယ်။ အရေးကြီးတာက ဘယ်အရာကိုမှ ပမာဏများများ အလွန်အကျွံစားလို့မရတာပါပဲ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။