brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

မေမေတို့သိထားရမယ့် DHA အကြောင်း

ကလေးတွေရဲ့ကမ္ဘာမှာမေမေဆိုတာ နတ်သမီးပါပဲ။ မျက်စိနှစ်လုံးပွင့်စတည်းက လိုအပ်တာမှန်သမျှဖြည့်ဆည်းပေး၊ အရိပ်တကြည့်ကြည့်ပြုစုစောင့်ရှောက်ပေးနေတဲ့လိုတရနတ်သမီးပါ။ ကလေးရဲ့ကိုယ်ကျန်းမာမှု၊ ကြီးထွားဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ စတဲ့အရာရာတိုင်းဟာ နတ်သမီးမေမေရဲ့လက်ထဲမှာပါပဲ။ ဒီလိုတာဝန်ကြီးမားတဲ့မေမေတို့အတွက် ကျန်းမာရေးအသိပညာ၊ဗဟုသုတတွေရှိနေဖို့လည်း အရေးကြီးပါတယ်နော်။ ဒါမှ ဖွံ့ဖြိုးဆဲ အရွယ်မှာကလေးအတွက် ဟာကွက်မရှိဖြည့်ဆည်းပံ့ပိုးနိုင်မှာဖြစ်သလို ကျန်းမာပျော်ရွှင်တဲ့ကလေးတစ်ယောက်အဖြစ် ပျိုးထောင်ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးအတွက် မရှိမဖြစ်အရေးကြီးတဲ့ အာဟာရဓာတ်တွေကို မသိထားရင် ဘယ်လိုပြည့်စုံအောင်ဖြည့်ဆည်းပေးနိုင်ပါ့မလဲ။

မေမေတို့သိထားရမယ့် DHA အကြောင်း

အာဟာရဓါတ်တွေဆိုတာနဲ့ လူသိများတာက ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေကိုပါ။ အဲဒီထဲမှာ မေမေတို့ အမှတ်တမဲ့မေ့လျော့နေတတ်ကြတဲ့ ဒါမှမဟုတ် မသိသေးတဲ့ ဓာတ်တချို့ကမှ အရေးပါမှုကြီးမားတာမျိုးရှိတတ်ပါတယ်။ ဒီတစ်ခါတော့ ကလေးရဲ့ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးမှုအတွက် ပံ့ပိုးမှုကြီးမားတဲ့ ဓာတ်တစ်မျိုးအကြောင်းမေမေတို့ကိုပြောပြချင်ပါတယ်။ အဲဒါကတော့ DHA လို့ခေါ်တဲ့docosahexaenoic acid အကြောင်းပါပဲ။

DHA ဆိုတာဘာလဲ

DHA ဆိုတာက ငါးကြီးဆီမှာပါတတ်တဲ့Omega-3 fatty acid တစ်မျိုးပဲဖြစ်ပါတယ်။Omega-3 fatty acids အမျိုးအစားတွေထဲက အဆီဓာတ်သုံးမျိုး(alpha-linolenic acid (ALA)၊eicosapentaenoic acid (EPA) နဲ့ docosahexaenoic acid (DHA))တို့အနက် အပါအဝင်ဖြစ်ပါတယ်။ALA ကို အသီး၊အရွက်၊အစေ့တွေကနေရနိုင်ပေမယ့်DHA နဲ့ EPA long chain omega-3တွေကိုတော့ ငါးမစားတဲ့သူတွေ အလုံအလောက်မရနိုင်ပါဘူး။

ဘယ်လိုအရေးပါတာလဲ

DHA ဟာ မျက်စိ၊ ဦးနှောက်နဲ့အာရုံကြောစနစ်အတွင်း ဖွဲ့စည်းတည်ဆောက်မှုအတွက် အရေးပါတဲ့နေရာကပါဝင်ပံ့ပိုးပေးပါတယ်။ မိခင်နို့မှာDHA ပါဝင်မှုမြင့်မားလို့ ကလေးရဲ့ဉာဏ်ရည်ပိုင်းနဲ့အမြင်အာရုံပိုင်း ဖွံ့ဖြိုးမှုအတွက်ဆေးတစ်ခွက်ပါပဲ။ ကလေးတွေရဲ့ဦးနှောက်က ငါးနှစ်မပြည့်ခင်ကာလအတွင်းမှာမြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာပြီး အရွယ်အစားထုထည်က ၄ ဆလောက်ပိုဖွံ့ဖြိုးလာပါတယ်။ ဒီလိုအရေးပါတဲ့ကာလအတွင်းမှာDHA လုံလောက်ပြည့်ဝအောင် ရရှိမှ မျက်စိလည်းကောင်း၊ ဉာဏ်လည်းကောင်းတဲ့ ကလေးတွေဖြစ်လာနိုင်မှာပါ။ ပထမငါးနှစ်အတွင်း DHA ကို လုံလောက်အောင်ရရှိခဲ့တဲ့ကလေးတွေဟာ IQ လည်းမြင့်တယ်၊ မှတ်ဉာဏ်ကောင်းတယ်၊ စာဖတ်နိုင်အားကောင်းတယ်၊ အမြင်အာရုံစူးရှတယ်လို့ သုတေသနတွေက သက်သေပြထားပါတယ်။DHA အပါအဝင် Omega-3 ရဲ့တခြားအကျိုးကျေးဇူးတွေကလည်း အများကြီးပါပဲ။ ဆက်ကြည့်ရအောင်။

ဘာအကျိုးကျေးဇူးတွေရှိတာလဲ

Omega-3 fatty acid က အရေပြားကျန်းမာရေးကနေ နှလုံးကျန်းမာရေး၊ အဆစ်အမြစ်တွေအထိ ကျန်းမာရေးအကျိုးကျေးဇူးတွေများပါတယ်။Omega-3 ကို ဘာလို့ လိုအပ်ရတာလဲဆိုတော့ –

ADHDလို့ခေါ်တဲ့ ကလေးတွေမှာဖြစ်တတ်တဲ့ လှုပ်ရှားလွန်အာရုံစူးစိုက်မှုအားနည်းခြင်းရောဂါကို ကာကွယ်နိုင်တယ်။ သုတေသနတွေအရADHD ရှိတဲ့ကလေးတွေမှာတောင်omega-3 တိုက်ကျွေးတဲ့အခါရောဂါအခြေအနေသက်သာလာတာကိုတွေ့ရပါတယ်။

ဉာဏ်ရည်တိုးတက်မှုကိုထောက်ပံ့ပေးတယ်။omega-3 ကြွယ်ဝတဲ့အစားအစာတွေ၊ဖြည့်စွက်စာတွေစားသုံးရတဲ့ကလေးတွေဟာ အမြင်အာရုံနဲ့လှုပ်ရှားလုပ်ဆောင်နိုင်စွမ်းချိတ်ဆက်မှုပိုကောင်းပြီးပေါင်းသင်းဆက်ဆံရေး၊ အာရုံစိုက်နိုင်စွမ်းနဲ့ ဉာဏ်ရည်စစ်ဆေးမှုတွေမှာ ရလဒ်ကောင်းပါတယ်။

မျက်စိနဲ့မြင်နိုင်စွမ်းပိုကောင်းစေတယ်။ ကလေးရဲ့အမြင်အာရုံဖွံ့ဖြိုးမှုအတွက်omega-3 fatty acidsတွေကို မရှိမဖြစ်လိုအပ်ပါတယ်။

လေ့လာသင်ယူနိုင်စွမ်းနဲ့ပြုမူနိုင်စွမ်း ပိုကောင်းစေတယ်။အောက်စ်ဖို့တက္ကသိုလ် သုတေသနအရomega-3 ဟာ ကလေးရဲ့လေ့လာသင်ယူနိုင်စွမ်း၊စာဖတ်နိုင်စွမ်းကို ပိုကောင်းစေပြီး မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ပြဿနာတွေကို နည်းစေတယ်လို့ဖော်ပြခဲ့ပါတယ်။

အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းတယ်။ DHA /omega-3 fatty acids ဟာ ကလေးရဲ့အာရုံစူးစိုက်နိုင်စွမ်းကို ပိုကောင်းစေလို့ စူးစမ်းသင်ယူနေဆဲအရွယ်မှာ အသုံးဝင်ဆုံးဖြစ်နေတာပါ။

မှတ်ဉာဏ်ပိုကောင်းစေတယ်။Fatty acidsတွေဟာ ဦးနှောက်ရဲ့မှတ်ဉာဏ်လုပ်ဆောင်ချက်တွေကို ပိုကောင်းစေလို့ ဉာဏ်ရည်ထက်မြက်တဲ့ကလေးတွေ အဖြစ်ကြီးပြင်းလာဖို့အထောက်အကူပြုပါတယ်။

အကျိုးပြုကိုလက်စထရောတွေကို တိုးစေတယ်။ Omega-3 fatty acidတွေကHDL လို့ခေါ်တဲ့ အကျိုးပြုကိုလက်စထရောဓာတ်တွေကို တိုးစေပြီးသွေးထဲက မကောင်းတဲ့အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

နှလုံးကျန်းမာစေတယ်။ DHA ဟာ ဆံချည်မျှင်သွေးကြောလေးတွေမှာ သွေးလည်ပတ်မှုကောင်းအောင် ကူညီပေးတဲ့ အကျိုးပြုအဆီဓာတ်ဖြစ်လို့ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ Omega-3 တွေကသွေးဖိအားကို ပုံမှန်ဖြစ်အောင်ထိန်းညှိရာမှာလည်း ကူညီပေးပါတယ်။

DHA ကိုဘယ်ကရမလဲ

အပေါ်မှာပြောခဲ့သလိုပဲ ကလေးအတွက် ဒီလောက်အရေးကြီးတဲ့ မရှိမဖြစ်ဓာတ်ကို မိခင်နို့မှာ သဘာဝက အပြည့်အဝထည့်ပေးပြီးသားပါ။ အစားအသောက်ကနေ ရနိုင်ဖို့က DHA ကို အဆီများတဲ့ပင်လယ်ငါးတွေ၊ ကြက်ဥနဲ့ ပင်လယ်ရေညှိတို့ကနေရရှိနိုင်ပါတယ်။ ဒါပေမယ့် မိခင်နို့ကိုမရနိုင်တဲ့ ကလေးတချို့မှာတော့ DHA မလုံလောက်နိုင်ပါဘူး။ နောက်တစ်မျိုးကတော့ အစာလည်းစစားနေပြီ၊ နို့လည်းပြတ်ပြီဆိုတဲ့အချိန် ဒီဓာတ်တွေလုံလောက်အောင်မရနိုင်ပြန်ပါဘူး။ ဒီအခြေအနေတွေအတွက် ထောက်ကူနိုင်ဖို့က DHA အပါအဝင် ကလေးအတွက် မရှိမဖြစ်အာဟာရဓာတ်တွေပါဝင်တဲ့ ဖြည့်စွက်အာဟာရတွေတိုက်ကျွေးလို့ရပါတယ်။

ဒါ့ကြောင့် ကလေးဉာဏ်ကောင်းစေချင်ရင် DHA ကိုမမေ့နဲ့နော်။ သွက်လက်ထက်မြက်တဲ့ သားသမီးရတနာလေးတွေကို မေမေနတ်သမီးတို့ ဖန်ဆင်းပေးနိုင်ကြပါစေလို့။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။