brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ကျောရိုးပြဿနာများအတွက် ထိခိုက်မှုအနည်းဆုံး ခွဲစိတ်မှုများအကြောင်း

ကျောရိုးပြဿနာနဲ့ ပတ်သက်ပြီး ခွဲစိတ်ရမယ်ဆိုရင် အနည်းနဲ့ အများတော့ စိတ်ဖိစီးကြတာ သဘာဝပါပဲ။ မေ့ဆေး၊ ထုံဆေးဒဏ်ကို ခံနိုင်ပါ့မလား။ ခွဲပြီးရင် ဘယ်လောက်ကြာကြာ အိပ်ရာထဲမှာ လဲနေမှာလဲ။ ခွဲပြီးလို့ အနာပိုးဝင်ရင် ဘယ်လိုလုပ်မလဲ စတဲ့ မေးခွန်းတွေဟာ လူနာအများစု ဆရာဝန်တွေကို မေးတတ်ကြတဲ့ မေးခွန်းတွေပါပဲ။

ခွဲစိတ်မှုတစ်ခုခံယူတယ်ဆိုတာက ကျန်းမာရေး ကိစ္စထက်ကို ပိုပါတယ်။ ခွဲစိတ်ပြီးရင် အနားယူရမယ့် ကိစ္စ၊ ဒီလိုအနားယူနေစဉ်မှာ ဖြေရှင်းရမယ့် လူမှုရေးကိစ္စတွေကိုပါ ထည့်တွက်ရပါတယ်။ ဒါကြောင့် လူနာတွေရဲ့ ဆန္ဒဆိုပြောပါဆိုရင် ခွဲစိတ်မှုကို အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးစေချင်တယ်။ ခွဲပြီးသွားရင်လည်း မြန်မြန်ဆန်ဆန် နလန်ထချင်တယ်။ ကံကောင်းတာက တိုးတက်လာတဲ့ ဆေးပညာအရ လူနာတွေလိုချင်တဲ့ ခွဲစိတ်မှုမျိုးရနေပါပြီ။ ဒါကို minimally invasive surgeryလို့ ခေါ်ပါတယ်။

Minimally Invasive Spine Surgery (MISS)ဆိုတာ

MISSဆိုတာ ခွဲကြောင်းသေးသေးလေးကို သုံးပြီး ကျောရိုးဆစ်တွေကို ခွဲစိတ်ကုသတဲ့ နည်းလမ်းပါ။ ဒါကြောင့် မလိုအပ်ဘဲ ဘေးနားက ကြွက်သားတွေ၊ တခြားတစ်ရှူးတွေ ထိခိုက်တာ နည်းသွားပါတယ်။ အနာလည်း သက်သာပြီး မြန်မြန်လည်း နာလန်ထနိုင်ပါတယ်။

အရင်က သုံးနေကျနည်းလမ်း Standard surgeryမှာဆိုရင် ကျောရိုးတစ်လျှောက် ခွဲကြောင်းကြီးကြီးလိုပါတယ်။ တခြားကြွက်သားတွေ၊ တစ်ရှူးတွေကို ကိုင်တွယ်ရပါတယ်။ တချို့တစ်ရှူးတွေဆို ဖယ်ထုတ်ပစ်ရပါတယ်။

MISSမှာတော့ tubular retractorလို့ ခေါ်တဲ့ ပြွန်လေးကို သုံးပြီး ခွဲကြောင်းသေးသေးလေးကနေ ခွဲစိတ်မယ့်နေရာအထိ ထည့်လိုက်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ တခြားကြွက်သားတွေ၊ တစ်ရှူးတွေကို ကိုင်တွယ်စရာ မလိုတော့ပါဘူး။ ဒီပြွန်လေးကနေပြီးတော့ ခွဲစိတ်ကိရိယာလေးတွေကို ထည့်ပြီး ခွဲစိတ်တာပါ။ ခွဲကြောင်းသေးတဲ့အတွက် ခွဲစိတ်ပြီးတဲ့အခါ အနာကျက်လည်း မြန်ပါတယ်။

MISSရဲ့ အားသာချက်တွေက

အရင်ခွဲနေကြနည်းလမ်းတွေနဲ့ မတူတာက MISSက ပိုမြန်တယ်၊ ပိုပြီး စိတ်ချရပြီး နလန်ထတာလည်း မြန်ပါတယ်။ တခြားကြွက်သားတွေ၊ တစ်ရှူးတွေကိုလည်း ထိခိုက်မှုနည်းတာကြောင့်

  • ခွဲကြောင်းသေးသေးလေးခွဲရုံနဲ့ လုံလောက်ပါတယ်။
  • သွေးထွက်လည်း နည်းပါတယ်။
  • ကြွက်သားတွေ ထိခိုက်တာလည်း နည်းပါတယ်။ မလိုအပ်ဘဲ ကြွက်သားတွေ ဖြတ်ထုတ်ရတာမျိုး နည်းသွားပါတယ်။
  • ခွဲပြီးအနာပိုးဝင်တာ၊ နာတာလည်း နည်းပါတယ်။
  • ဒါကြောင့် မလိုအပ်ဘဲ အကိုက်အခဲပျောက်ဆေးတွေ အများကြီး သောက်စရာမလိုတော့ပါဘူး။

ဒါ့ပြင် တချို့သော ခွဲစိတ်မှုတွေဆို ထုံဆေးလေးနဲ့ ပြင်ပလူနာဌာနမှာပဲ ခွဲလို့ရပါတယ်။ ဒါကြောင့် မေ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုး ခံစားရတာ နည်းသွားပါတယ်။

ဘယ်လိုကျောရိုးရောဂါတွေမှာ MISS နည်းလမ်းကို သုံးလို့ရလဲ။

များသောအားဖြင့်

  • အသက်ကြီးလာလို့ ကျောရိုးဆစ်ပျက်စီးတဲ့ ရောဂါတွေ
  • ကျောရိုးဆစ်ကြားက အပြားကျွံထွက်တာတွေ
  • ကျောရိုးဆစ် ကျဉ်းတာတွေ
  • ကျောရိုးစောင်းတာတွေ
  • ကျောရိုးဆစ် ပိုးဝင်တာတွေ
  • ကျောရိုးဆစ် ကျွံတာတွေ
  • ကျောရိုးဆစ် ကျိုးတာတွေ
  • ကျောရိုးမှာ အကျိတ်ဖြစ်တာတွေကို ကုသတဲ့ နေရာမှာ သုံးလေ့ရှိပါတယ်။

အသုံးများတဲ့ MISS ခွဲစိတ်နည်းလမ်းများ

ဒီထဲကမှ အသုံးများတဲ့ ခွဲစိတ်မှုတွေကို ဥပမာပေးရမယ်ဆိုရင်

  • Spinal fusion (Decompression Interbody Fusion)

အသက်ကြီးလာလို့ ကျောရိုးတွေ ပျက်စီးတာဖြစ်ဖြစ်၊ ကျောရိုးမှာ အကျိတ်တည်တာ၊ ပိုးဝင်တာ၊ ကျောရိုးဆစ်ကျိုးတာ၊ ကျောရိုးစောင်းတာစတဲ့ ပြဿနာတွေကြောင့် ကျောရိုးဆစ်တွေ ကောင်းကောင်း မလှုပ်နိုင်တော့ဘူးဆိုရင် ဒီနည်းလမ်းနဲ့ ခွဲစိတ်ကုသပါတယ်။

နည်းလမ်းကတော့ MISSကို သုံးပြီး မကောင်းတဲ့ ကျောရိုးဆစ်ကို စတီးနဲ့ အစားထိုးတာပါ။ ပြီးရင် ကျောရိုးဆစ်ကို မြဲသွားအောင် ကျောရိုးဆစ်ကြားအပြားရဲ့ အပေါ်နဲ့ အောက်က ကျောရိုးဆစ်နှစ်ခုကို စုပြီး တွယ်လိုက်တဲ့ သဘောမျိုးပါပဲ။ ဒီလိုမှပဲ ကျောရိုးက မြန်မြန်အနာကျက်ပြီး မြန်မြန်ပြန်လှုပ်လို့ရမှာပါ။

  • Decompression Laminectomy

ကျောရိုးဆစ်ကျဉ်းပြီး အာရုံကြောမကြီးကို ဖိတဲ့ ရောဂါအတွက် သုံးပါတယ်။ အာရုံကြောမကြီးကို ဖိမိတဲ့အခါ ခြေထောက်၊ ကျော၊ လည်ပင်းနဲ့ လက်မောင်းတွေမှာ ထုံတာ၊ ကျဉ်တာ၊ နာတာ၊ အားပျော့တာတွေ ဖြစ်လာပါတယ်။

ခွဲစိတ်တဲ့ နည်းကတော့ အာရုံကြောမကြီးကို ဖိထားတဲ့ အရိုးနဲ့ တစ်ရှူးတွေကို ဖယ်ထုတ်ပစ်တာပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ဒီနည်းလမ်းကို ကျောရိုးဆစ် ထိခိုက်ဒဏ်ရာရတာ၊ ကျောရိုးဆစ်ကြားအပြားကျွံတာ၊ ကျောရိုးအကျိတ်ဖြစ်တာတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။

  • Corrective Spine Osteotomy

ကျောရိုးစောင်းတဲ့ ရောဂါတွေမှာ ကုသတဲ့ ခွဲစိတ်နည်းပါ။ ကျောရိုးဆစ်တွေကို လိုသလို ပြုပြင်ပြီး ပုံမှန်ကောက်ကြောင်းရအောင် ပြန်ပြင်ပေးခြင်းပဲ ဖြစ်ပါတယ်။ ဒီခွဲစိတ်နည်းက ကျောရိုးစောင်းတာကြောင့် နာတာ၊ အာရုံကြောတွေ ဖိမိတာကို သက်သာစေပါတယ်။ ဒါ့ပြင် ကိုယ်နေဟန်ထားကိုလည်း မှန်စေပါတယ်။

တိုးတက်လာတဲ့ ဆေးပညာအရ ကျောရိုးခွဲစိတ်နည်းတွေက ပိုပြီး အဆင့်မြင့်လာပါပြီ။ ဒီMISSနည်းလမ်းနဲ့ ခွဲစိတ်မှုတွေဟာ ဝေဒနာတွေကို သက်သာစေတဲ့အပြင် လူနာတွေကို သက်သောင့်သက်သာ ခွဲစိတ်စေနိုင်တာကြောင့် ရောဂါတွေကို နောက်ဆက်တွဲဆိုးကျိုးနည်းနည်းနဲ့ အောင်အောင်မြင်မြင် ကုသလို့ရနေပါပြီ။

ကုသနည်းတွေ အများကြီးရှိတဲ့အတွက် ကိုယ်နဲ့ သင့်တော်မယ့် နည်းလမ်းကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ရွေးချယ်နိုင်ပါတယ်။

ကျေရိုးပြဿနာတွေကို ကုသမှုနဲ့ပတ်သက်ပြီး နောက်ဆုံးပေါ် စစ်ဆေးမှုနည်းလမ်းများ၊ ခွဲစိတ်မှုများ အကြောင်းကို ပိုမိုသိရှိလိုပါက စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံကြီးရဲ့ မြန်မာနိုင်ငံရုံးများမှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဆက်သွယ်ရန် –

Mount Elizabeth Hospitals Singapore, Myanmar Office

ရန်ကုန် Helpline : 09-430 66666, 09-430 66663

မန္တလေး Helpline: 09-430 66667, 09-7930 66667

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 01/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။