brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အသီးတွေချည်းစားရတဲ့ Fruit Diet သမားတွေ ဘာကိုသတိထားဖို့လိုမလဲ

Fruit Diet ဆိုတာ ဘာလဲ

ကစီဓါတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လိုရီတွေအကုန်ဖြတ်၊ နို့ထွက်ပစ္စည်းလည်းမပါဘဲ အသီးတွေပဲစား၊ရေပဲသောက်(တစ်ခါတလေ သစ်သီးစိမ်ရေ -detox water ပဲသောက်)တဲ့ အဆီချပလန်တွေပါ။Fruit Diet မှာဆို အသီးအနှံတွေကိုပဲ အဓိကထား စားရတာပါ။ ဒါပေမယ့် ဟင်းသီးဟင်းရွက်(အရွက်သုပ်)၊ အခွံမာသီးနဲ့ အစေ့အဆန်တွေကိုတော့ အနည်းအကျဉ်းစားလို့ရပါတယ်။

အသီးတွေချည်းစားရတဲ့ Fruit Diet သမားတွေ ဘာကိုသတိထားဖို့လိုမလဲ

ဒါပေမယ့် ပဲ အပါအဝင် အပူပေးချက်ပြုတ်စားရတဲ့အစားအစာမှန်သမျှ လုံးဝရှောင်ရတာဖြစ်ပါတယ်။Fruit Diet သီးသန့်စားသုံးတဲ့သူတွေဟာ အာဟာရချို့တဲ့မှုပြဿနာ ခံစားရနိုင်ခြေများတဲ့အတွက် ကိုယ်ဟာ ဒီပလန်နဲ့သင့်တော်ရဲ့လား ကိုယ့်ကျန်းမာရေးနဲ့အရင်ကိုက်ညှိ ချင့်ချိန်သင့်ပါတယ်။

ဘာလို့လဲ

ဒီလိုစားသောက်ပုံကို ကူးပြောင်းတော့မယ်ဆိုရင်ဖြည်းဖြည်းချင်းလုပ်တာကောင်းပါတယ်။ ဆိုလိုတာက ပုံမှန်စားသောက်ပုံမှာ အသီးအနှံတွေကို ထည့်စားရင်း တဖြည်းဖြည်းတိုးသွားပါ။နောက်ဆုံးမှ အသီးအနှံချည်းပြောင်းစားတာကောင်းပါတယ်။

အသီးအနှံတွေက ဗီတာမင်နဲ့သတ္တုဓါတ်တွေကြွယ်ဝပြီး ကျန်းမာရေးအတွက်လည်း တကယ်လိုအပ်တာမှန်ပေမယ့် လူ့ခန္ဓါကိုယ်အတွက် တစ်နေ့တာရသင့်တဲ့ အာဟာရက ဒါနဲ့တင်မလုံလောက်ပါဘူး။ ပရိုတင်းဓါတ်လို အရေးပါတဲ့အာဟာရဓါတ်တွေကို အသီးတွေကနေမရနိုင်ပါဘူး။ ဗီတာမင်စီကြောင့် ကိုယ်ခံအားကောင်းစေတယ်ဆိုလည်း ပင်မအာဟာရတွေမရှိဘဲ ကြာလာရင် အားနည်းလာမှာသေချာပါတယ်။

နောက်တစ်ချက်က အသီးတွေချည်းစားလို့ အဆီကျနိုင်ပါတယ်၊ ဒါပေမယ့် ဒီနည်းရဲ့ ဆိုးကျိုးကတော့ လူကအားနည်းမယ်၊Diet plan ရပ်လိုက်တာနဲ့ ကျထားသမျှ ဝိတ်ပြန်တက်လာတာပါပဲ။ ဒါ့ကြောင့်Fruit Diet လုပ်နေရင်းကို အစေ့အဆန်၊ အခွံမာသီးနဲ့ အရွက်နည်းနည်း စားပေးသင့်ပါတယ်။

ဘာတွေ စိုးရိမ်စရာရှိလဲ

အသီးအနှံတွေကို အဓိကထားတဲ့ Diet planတွေလုပ်မယ်ဆိုရင် ဒီအချက်တွေကို သတိထားသင့်ပါတယ် –

ကိုယ်အလေးချိန်တိုးနိုင်တယ်- ဟုတ်ပါ့မလားလို့မပြောနဲ့။ အသီးတွေစားလို့ဝိတ်ကျတယ်ဆိုတာ ဝိတ်ကျစေမယ့်အသီးတွေက သပ်သပ်ရှိတယ်။ ဒါ့ကြောင့် planတွေမှာ အသီးအမျိုးအစားကို သေချာသတ်မှတ်ပေးထားတာပေါ့။ အသီးအနှံတိုင်းမှာ ပမာဏမတူညီတဲ့ သဘာဝသကြားဓါတ်တွေပါကြပါတယ်။ ကိုယ်ကြိုက်ရာအသီးတွေချည်း ဗိုက်ဆာတိုင်းလွှတ်စားရင် မကျတဲ့အပြင် ဝိတ်တောင်ပိုတက်စေနိုင်ပါတယ်။ဥပမာ အချိုများတဲ့အသီးတွေ အလွန်အကျွံစားတာ။

ဆီးချို –ဆီးချိုရှိနေတဲ့သူ ဒါမှမဟုတ် ဆီးချိုဖြစ်နိုင်ခြေများနေသူတွေမှာFruit Diet လုပ်ရင် အန္တရာယ်များပါတယ်။ အသီးတွေမှာ သကြားဓါတ်ကပါပြီးသားမို့ ဆီးချိုနဲ့ပတ်သက်ရင် ချင့်ချိန်စားရတာပါ။ ကိုယ့်မှာ ဒီအန္တရာယ်ရှိတာမသိဘဲ၊သွေးတွင်းသကြားဓါတ်များနေတာမသိဘဲFruit Diet လုပ်ရင် အန္တရာယ်ရှိနိုင်ပါတယ်။ ပန်ကရိယနဲ့ကျောက်ကပ်ရောဂါရှိသူတွေလည်း သတိထားသင့်ပါတယ်။

သွားပျက်စီးခြင်း –အသီးတွေမှာပါတဲ့ သကြားဓါတ်နဲ့ အက်စစ်ဓါတ်တွေ ထိတွေ့တာများလာတဲ့အခါ သွားကြွေလွှာတွေပျက်စီးတာ၊ သွားပိုးစားတာတွေဖြစ်လာနိုင်တယ်။ ပုံမှန်စားနေကျလောက်ကတော့ပြဿနာမရှိပေမယ့်နေ့စဉ်အာဟာရမှာ သူ့ချည်းစားရတဲ့အခါ ဒီပြဿနာစိတ်ပူရတာဖြစ်ပါတယ်။

အာဟာရချို့တဲ့ခြင်း – အသီးအနှံသမားတွေမှာ ဗီတာမင် B12၊ ကယ်လ်စီယမ်၊ ဗီတာမင် D၊ အိုင်အိုဒင်းနဲ့omega-3 fatty acids တို့ ချို့တဲ့မှုတွေ မကြာခဏဖြစ်နိုင်ပြီးသွေးအားနည်းတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ကိုယ်ခံအားစနစ်ချို့ယွင်းတာတွေဖြစ်လာနိုင်တယ်။ ဒီလိုအာဟာရဓါတ်တွေကို ရရှိနိုင်တာ နို့ထွက်ပစ္စည်းနဲ့ ပရိုတင်းတို့ဖြစ်ပေမယ့် ဒါတွေကို ဒီပလန်မှာတားမြစ်ထားတာကြောင့်ရေရှည်မှာ ဆုတ်ယုတ်မှုတွေဖြစ်လာတာပါ။

ဒါ့ကြောင့် Diet Plan စီစဉ်တဲ့သူတွေက ဟင်းသီးဟင်းရွက်နဲ့အသားကို မျှတအောင်ထည့်သွင်းပြီးမှ အသီးအနှံတွေကို အချိုးအစားသတ်မှတ်ပေးကြတာဖြစ်ပါတယ်။ အမြန်ဝိတ်ကျဖို့ဆိုပြီးဖြတ်လမ်းနည်းတွေမသုံးသင့်ပါဘူး။ကိုယ့်ကိုယ်ကို တကယ်ချစ်တယ်ဆိုရင် ရေရှည်ကျန်းမာရေးအတွက်တွေးသင့်ပါတယ်နော်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 05/11/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။