brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အာလူးပဲ စား ရတဲ့ Potato dietက တကယ်ဝိတ်ကျစေသလား

အာလူး စားရင် ကိတ်တယ်။ အာလူးစားရင် ဝလာမယ်လို့ပဲ သိထားကြတော့ အာလူးပဲ စား ပြီး ဝိတ်ချတယ်ဆိုတာက ဖြစ်နိုင်ပါ့မလားလို့ မေးစရာ ရှိပါတယ်။ လေ့လာချက်တွေအရတော့ အာလူးက အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး ဝိတ်ကျဖို့ကို အထောက်အကူပြုပါတယ်။ ဒါပေမယ့် စားပုံစားနည်း မှန်ဖို့တော့ လိုပါတယ်။

အာလူးပဲ စား ရတဲ့ Potato dietက တကယ်ဝိတ်ကျစေသလား

အာလူး မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက

အခွံမခွာဘဲ ဖုတ်ထားတဲ့ အာလူးအလတ်စား (၆.၁ အောင်စ/ ၁၇၃ ဂရမ်) တစ်လုံးမှာဆိုရင်

  • ကယ်လိုရီ ၁၆၈
  • ပရိုတင်း ၅ ဂရမ်
  • ကာဘိုဟိုက်ဒရိတ် ၃၇ ဂရမ်
  • အမျှင်ဓာတ် ၄ ဂရမ်
  • ဆိုဒီယမ် ၃၄ မီလီဂရမ်
  • ဗီတာမင် စီ တစ်နေ့တာ လိုအပ်ချက်ရဲ့ ၃၇%
  • ဗီတာမင် B6 တစ်နေ့တာ လိုအပ်ချက်ရဲ့ ၃၁%
  • ပိုတက်စီယမ် တစ်နေ့တာ လိုအပ်ချက်ရဲ့ ၂၇%
  • မဂ္ဂနိစ် တစ်နေ့တာ လိုအပ်ချက်ရဲ့ ၂၀% ပါဝင်ပါတယ်။
  • အဆီပါဝင်မှုကတော့ ‘0’ ပါ။

    ဒါကို ကြည့်မယ်ဆိုရင် အာလူးက အာဟာရပြည့်ဝတဲ့ အပင်တစ်မျိုးဖြစ်တာကို တွေ့ရပါမယ်။ အထူးသဖြင့် သူ့မှာပါဝင်တဲ့ ပိုတက်စီယမ် ပမာဏက ငှက်ပျောသီးထက်တောင် များပါသေးတယ်။

    အာလူးစားရင် ဝတယ်လို့ ထင်ကြတာ ဘာကြောင့်လဲ။

    အာလူး စားရင် ဝလာကြတာက စားပုံစားနည်း မမှန်လို့ပါ။ ဥပမာ ပြောရရင်

    • အလွန်အကျွံ စားကြတာ

    ဝိတ်အတက်အကျ ဆိုတာ ကယ်လိုရီနဲ့ အများကြီး သက်ဆိုင်ပါတယ်။ အာလူးမှ မဟုတ် ဘာပဲစားစား တစ်နေ့တာ ကယ်လိုရီ ပမာဏ ကျော်လွန်အောင် စားမယ်ဆိုရင် ကြာလာရင် ဝလာမှာပါ။ အာလူးဆိုလည်း ဒီလိုပါပဲ။ ကယ်လိုရီပါဝင်မှုက သိသိသာသာ များလှတာမျိုး မဟုတ်ပေမယ့် အလွန်အကျွံ စားကြတဲ့အတွက် ဝလာကြတာပဲ ဖြစ်ပါတယ်။

    • ချက်ပြုတ်နည်း မမှန်တာ

    အာလူးစားရင် ဝလာကြတာက အာလူးကြောင့် ဆိုတာထက် အာလူးကို ချက်ပြုတ်တဲ့ ပုံစံကြောင့်ပါ။ အာလူးကို ဆီထဲ နှစ်ပြီး ကျော်တာ၊ ချိစ်တွေနဲ့ တို့စားတာ၊ ဆားဖြူးစားတာ စတာတွေက ဝလာစေတဲ့ အဓိက တရားခံပါပဲ။

    အာလူး ပဲ စားရတဲ့ Potato dietက တကယ်ဝိတ်ကျစေသလား

    အာလူးပဲ စား တာက ဝိတ်ကို ဘယ်လို ချပေးနိုင်သလဲ။

    • အဆာခံစေတယ်။

    အာလူး မှာ ပါတဲ့ အမျှင်ဓာတ်တွေ၊ resistant starchတွေက တစ်ခါစားပြီးရင် ကြာကြာအဆာခံပါတယ်။ ဒါကြောင့် ခဏခဏ မစားဖြစ်အောင် ကူညီပေးပါတယ်။

    အာလူးမှာ Protease Inhibitors- 2 ပါဝင်တဲ့အတွက် ဗိုက်ပြည့်တဲ့ ခံစားချက်ကို ဖြစ်စေတဲ့ ဟော်မုန်း Cholecystokinin ကို ထုတ်ပေးပါတယ်။ ဒါ့ပြင် polyphenols ပါတဲ့အတွက် ကိုယ်တွင်းက သကြားဓာတ်တွေကို ခပ်မြန်မြန် ဖြိုခွဲပေးနိုင်ပါတယ်။

    • ရေဝိတ်မတက်အောင် ထိန်းပေးနိုင်တယ်။

    အာလူးမှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကိုယ်တွင်းမှာ ရေဝိတ်မတက်အောင် တားဆီးပေးပါတယ်။ တချို့သော လေ့လာချက်တွေမှာ အဆီဆဲလ်တွေကို ကျုံ့စေတယ်လို့တောင် ဆိုကြပါတယ်။

    ဝိတ်ကျဖို့ အာလူး ကို မှန်မှန်ကန်ကန် ဘယ်လိုစားကြမလဲ။

    အာလူးစားပြီး ဝိတ်ချတဲ့ dietကို Potato dietဆိုပြီး ပြောကြပါတယ်။ တိကျသေချာတဲ့ လေ့လာချက်တွေ မရှိသေးပေမယ့် ဒီdietက ရေတို ဝိတ်ကျတာကို ဖြစ်စေတယ်လို့ ဆိုကြပါတယ်။ အာလူးစားပြီး ဝိတ်ချမယ်ဆိုရင် လိုက်နာသင့်တာတွေက

    • ၃-၅ရက်အထိ အာလူးက လွဲပြီး ဘာမှ မစားရပါဘူး။
    • အာလူးကိုလည်း ပြုတ်တာ၊ ဖုတ်တာ၊ ပေါင်းတာ စတဲ့ ပုံစံနဲ့ပဲစားရပါတယ်။ မိမိနှစ်သက်တဲ့ အာလူးအမျိုးအစားကို စားလို့ရပါတယ်။
    • တစ်ရက်ကို အာလူးချည်းပဲ ၂-၅ပေါင်ထိ စားရပါမယ်။
    • ကြော်တာ၊ ချိစ်တို့၊ ထောပတ်တို့၊ အချဉ်တို့နဲ့ စားတာမျိုး မလုပ်ရပါဘူး။
    • ဆားက မထည့်ရင် ပိုကောင်းပေမယ့် ထည့်မယ်ဆိုရင် အနည်းငယ်ပဲ ထည့်ရပါမယ်။
    • ရေဆာရင် ရေပဲ သောက်ရပါမယ်။
    • Potato diet စားနေတဲ့ ၅ရက်မှာ လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာကို ရှောင်ရပါမယ်။

    အာလူးပဲ စား မယ်ဆို သတိထားရမယ့် အချက်တွေက

    • အာလူးစားပြီး ဝိတ်ချတာက ရေတိုပဲ သင့်တော်ပါတယ်။ ၃-၅ရက်လောက်ပါ။
    • ရောဂါအခံရှိရင်၊ သောက်လက်စဆေးတွေ ရှိရင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။
    • စားနေတုန်း နေမကောင်း ဖြစ်လာရင် ချက်ချင်းရပ်သင့်ပါတယ်။
    • စားတာရပ်လိုက်ရင် ဝိတ်ပြန်တက်လာနိုင်တယ်ဆိုတာကို သိထားသင့်ပါတယ်။

    Takeaways

    ဝိတ်ချသည်ဖြစ်စေ၊ မချသည်ဖြစ်စေ အာလူး ကိုယ်တိုင်ကအာဟာရပြည့်ဝတဲ့ အစားအစာဖြစ်လို့ စားသောက်ပုံသာ မှန်မယ်ဆိုရင် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်မှာ အသေချာပဲ ဖြစ်ပါတယ်။
    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/08/2022 ဖြစ်ပါသည်။