brand logo
Kategori
Cek Kesehatan
Komunitas

Bagikan

သကြားမပါတဲ့ Diet Soda တွေဟာ ဝိတ်ကျစေနိုင်လား

ပုံမှန်သောက်သုံးနေကျ အချိုရည်တွေမဟုတ်ပဲ Diet တို့ Sugar Free တို့ဆိုတဲ့ စာလုံးကြီးပြူးနေအောင် ဖော်ပြထားတဲ့ အချိုရည်မျိုးတွေ မြင်ဖူးကြတယ်မဟုတ်လား။ လူသိများတဲ့ Google ရဲ့ Search History တွေမှာလည်း Diet Soda နဲ့ Weight Loss ဆိုတဲ့ စကားလုံးလေးတွေဟာ တွဲဖက်ရှာဖွေမှု မကြာခနပြုလုပ်ခြင်းခံရလေ့ရှိတဲ့ စကားစုတွေဖြစ်ကြပါတယ်။ သကြားပါဝင်မှုလုံးဝမရှိဘူးလို့ ဆိုထားတဲ့ အဆိုပါအချိုရည်မျိုးတွေကို ကိုယ်အလေးချိန် လျှော့ချနေသူတစ်ချို့က မကြာခနဖြစ်စေ၊ ပုံမှန်ဖြစ်စေ သောက်သုံးကြလေ့ရှိကြပါတယ်။

သကြားမပါတဲ့ Diet Soda တွေဟာ ဝိတ်ကျစေနိုင်လား

Diet Soda တွေဟာ တကယ်ပဲ ကိုယ်အလေးချိန်ကျစေမှာတဲ့လား။ လေ့လာသူတွေကတော့ Diet Soda များများသောက်လေ ကိုယ်အလေးချိန် ပိုပိုတိုးလေပဲလို့’ ဆိုပါတယ်။ ကိုယ်အလေးချိန်လျော့ကျစေမယ်ဆိုတဲ့ Diet Soda သောက်တော့မှ ဝိတ်တောင်ပိုတက်ဦးမယ်တဲ့လား။ ဘယ်လိုကြောင့်ပါလိမ့်။

ပိန်ချင်လို့ သောက်တာ၊ ဝစေတယ်ဆိုပါလား

ပါဒျူးတက္ကသိုလ်ရဲ့ လေ့လာချက် ၂ ခု အရဆိုရင် ဆိုဒါ/ကိုလာ သောက်သူတွေဟာ ကိုယ်အလေးချိန် ပိုတက်လာနိုင်ပါတယ်တဲ့။ သကြားမပါဝင်ပေမယ့် တခြားသော ဓာတုပစ္စည်းတွေကြောင့် ခုလိုဖြစ်နိုင်တာပါလို့ အဆိုပါလေ့လာချက်တွေကဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားတက္ကသိုလ်က လေ့လာချက်တစ်ခုမှာတော့ ဝိတ်တက်စေတယ်ဆိုတဲ့ အချက်ကို ငြင်းချက်ထုတ်ထားပေမယ့် မကြာခနသောက်သုံးတာဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ဆိုထားပါတယ်။

အထူးသဖြင့် Artificial Sweeteners တွေဟာ သာမာန်လူတွေကိုတောင်မှ လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ဓာတ်မတည့်မှုရှိသူတွေအတွက်ဆိုရင်တော့ ပိုမိုဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ယူဆောင်လာနိုင်ပါတယ်တဲ့။ နောက်ပြီး Diet Soda တွေမှာ ကယ်လိုရီပါဝင်မှုမရှိဘူးလို့ ဆိုထားပေမယ့် Artificial Sweeteners ဟာ ခန္တာကိုယ်ရဲ့ ကယ်လိုရီ ချေဖျက်မှုပိုင်းလုပ်ဆောင်ချက်တွေကို ပြောင်းလဲစေနိုင်ပါတယ်။

နောက်ထပ် ပြဿနာတစ်ခုကတော့ နေ့စဉ်ရက်ဆက် သကြားဓာတ်မပါဝင်ပဲ Artificial Sweeteners ဖြည့်စွက်ထားတဲ့လူတွေဟာ ပုံမှန်လူတွေထက် အချိုဓာတ်ကို ပိုမိုတောင့်တ တတ်ကြောင်း လေ့လာတွေ့ရှိထားတာပါပဲ။ သာမန်ကျန်းမာသန်စွမ်းတဲ့ လူတွေကို နှစ်စုခွဲပြီး ပုံမှန်အချိုရည်နဲ့ Diet Soda ကို ၁၀ ရက်စီခွဲပြီးတိုက်ကျွေး စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ၁၀ ရက်ပြည့်ချိန်မှာ ခရင်မအပြည့်နဲ့ ချောကလက် ပူတင်းကျွေးပြီး လေ့လာကြည့်ခဲ့တာမို့ Diet Soda သာ သောက်သုံးခဲ့ရသူတွေဟာ အဆိုပါ ပူတင်းကို ပိုမိုပြီး အာသာငမ်းငမ်းစားခဲ့ကြကြောင်း သိလာရပါတယ်။

San Antonio Heart Study ရဲ့ လေ့လာချက်အရလည်း သကြားပါဝင်တဲ့အချိုရည်ပဲဖြစ်ဖြစ်၊ Diet Soda ပဲဖြစ်ဖြစ် ကိုယ်အလေးချိန်တိုးလာစေနိုင်တာချင်းတော့ တူညီတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အလွန်အကျွံသောက်သုံးမိရင် Metabolic Syndrome (ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု) ဝေဒနာပါ ခံစားရနိုင်ချေရှိတယ်လို့ ဆိုပါတယ်။

ဆိုဒါကြောင့်ချည်းသာလော

တကယ်တော့ Diet Soda သောက်ပြီး ဝိတ်တွေပိုတက်လာတယ်လို့ ဆိုရာမှာ အချိုရည်ကိုချည်း အပြစ်တင်ဖို့တော့ ခက်ပါတယ်။ အကြောင်းကတော့ လူအများစုဟာ ဒီလို အချိုရည်မျိုးတွေကို အဆီတက်စေမယ့် Fast-foods တွေ၊ အရက်တွေ၊ စားမြိန်စာတွေ၊ သွားရည်စာတွေနဲ့ တွဲဖက်စားသောက်လေ့ရှိတာကြောင့်ပါပဲ။ အချိုရည်သောက်ရင် ဝိတ်တက်မှာကြောက်ပြီး Diet Soda ပြောင်းသောက်ပေမယ့် စားတဲ့အစားအသောက်ပုံစံကိုကျ မဆင်ချင်ဘူးဆိုရင် အဝလွန်ရောဂါဖြစ်လာဖို့ လက်ကမ်းခေါ်နေတာနဲ့ အတူတူပဲဖြစ်ပါတယ်။

ဒါကြောင့်လည်း Diet Soda တွေဟာ ကိုယ်အလေးချိန် ထိမ်းသိမ်းရာမှာ အသုံးတည့်တယ်လို့ အခိုင်အမာဆိုနေတဲ့ ပညာရှင်တွေလည်း တစ်ဖက်မှာရှိနေပါသေးတယ်။ သူတို့ကတော့ အဆိုပါ သကြားမပါဝင်တဲ့ အချိုရည်တွေကို သူ့ချည်းသက်သက် မှီတင်းမယ်ဆိုရင် ကိုယ်အလေးချိန်တိုးလာစေမှာမ ဟုတ်ပဲ၊ မသင့်တော်တဲ့ တခြားအစားအစာတွေနဲ့ တွဲဖက်စားသုံးနေကြတာကြောင့်သာ ဝိတ်တက်လာစေတာဖြစ်တယ်လို့ ဆိုကြပါတယ်။ သူတို့ရဲ့ အယူအဆကို American Diabetes Association နဲ့ American Dietetic Association တို့တွေကလည်း လက်ခံထားကြတာမို့ အချိုရည်သောက်သုံးသင့် မသောက်သုံးသင့်ဆိုတဲ့ကိစ္စဟာ တိကျရေရာတဲ့ အဖြေမထွက်နိုင်သေးတဲ့ ပုစ္ဆာတစ်ခုဖြစ်လို့နေဆဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း သဘာဝသကြားဓာတ်မပါဝင်ပဲ လူလုပ် သကြားအတုတစ်မျိုးဖြစ်တဲ့ Artificial Sweeteners ကို အသုံးပြုထားတဲ့ Diet Soda တွေဟာ အဝမလွန်စေဘူးဆိုရင်တောင်မှ တခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ယူဆောင်လာနိုင်တာကတော့ အမှန်ပဲဖြစ်ပါတယ်။ အထူးသဖြင့် သွားနဲ့ ခံတွင်းရောဂါတွေအစာအိမ်အူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေဖြစ်ပေါ်စေနိုင်တာမို့ သတိထား မှီဝဲသင့်တဲ့ အချိုရည်အမျိုးအစားတွေဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
Ditinjau secara medis olehHello Sayarwon Panel
Ditulis oleh Ye Zon Aung · Tanggal diperbarui 30/06/2022