အိုင်အိုဒင်း ချို့တဲ့နေပြီလား
ခန္ဓါကိုယ်တစ်ခုလုံး ကျန်းမာပြီး စိတ်သွားတိုင်းကိုယ်ပါနေစေဖို့ အတွက်က လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ် တွေပြည့်ဝနေဖို့က မဖြစ်မနေ လိုအပ်မှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်တဲ့ အိုင်အိုဒင်း ချို့တဲ့မှု ဖြစ်တဲ့အခါ ဘာတွေ ဖြစ်လာနိုင်လဲဆိုတာကို ပြောပြပေးပါရစေ။

အိုင်အိုဒင်း ချို့တဲ့နေပြီလား
အိုင်အိုဒင်း ချို့တဲ့နေပြီလား …… ခန္ဓါကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်တဲ့ အိုင်အိုဒင်း ချို့တဲ့လာတဲ့အခါ
- လည်ပင်းကြီးမယ်
အိုင်အိုဒင်းချို့တဲ့လာတဲ့အခါ လည်ပင်းအရှေ့ဘက်မှာရောင်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကအတွေ့ရအများဆုံးသော အိုင်အိုဒင်းချို့တဲ့မှုတစ်ခုပါ။ အိုင်အိုဒင်းချို့တဲ့မှုကြောင့် သိုင်းရွိုက်ဂလင်းတွေ အဆမတန်ကြီးလာတဲ့ အခြေအနေတစ်ရပ်ပါ။ သိုင်းရွိုက်ဂလင်း ဆိုတာ လည်ပင်းအရှေ့ဘက်မှာရှိနေတဲ့သေးငယ်ပြီး လိပ်ပြာပုံစံရှိနေတဲ့ ဂလင်းလေးတွေပါ။
thyroid-stimulating hormone (TSH) ရဲ့စေ့ဆော်မှုကိုရရှိတဲ့အခါ သိုင်းရွိုက်ဂလင်းက သိုင်းရွိုက်ဟော်မုန်းလေးတွေကို စတင်ထုတ်လုပ်ပါတယ်။ ဒီလုပ်ဆောင်မှုတွေ ဟန်ချက်ညီနေစေဖို့အတွက်က အိုင်အိုဒင်းကို လိုအပ်ပါတယ်။ ခန္ဓါကိုယ်မှာ အိုင်အိုဒင်း နည်းတဲ့အခါ ဒီလုပ်ဆောင်မှုတွေကိုကောင်းကောင်းမလုပ်ဆောင်နိုင်တော့ဘဲ ဆဲလ်တွေကို ပုံမှန်မဟုတ်တဲ့ ကြီးထွားမှုဖြစ်ပေါ်စေပြီး လည်ပင်းကြီးတာတွေဖြစ်လာစေနိုင်ပါတယ်။
- ကိုယ်အလေးချိန် အဆမတန်တက်လာမယ်
ကိုယ်အလေးချိန် အဆမတန်တက်လာတာကလည်း အိုင်အိုဒင်းချို့တဲ့မှုလက္ခဏာတစ်ရပ်ပါ။ သိုင်းရွိုက်ဟော်မုန်းတွေ ထုတ်လုပ်ဖို့အတွက် အိုင်အိုဒင်း အလုံအလောက်မရတဲ့အခါ ကိုယ်အလေးချိန် အဆမတန်တိုးလာတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းက သိုင်းရွိုက်ဟော်မုန်းတွေက ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေ အကောင်းဆုံးလည်ပတ်နိုင်အောင် ထောက်ပံ့ပေးတာပါ။
စားလိုက်တဲ့အစားအစာတွေကို စွမ်းအင်အဖြစ်ပြောင်းလဲပေးသလို အပူအဖြစ်လည်းပြောင်းလဲပေးပါတယ်။ ကယ်လ်လိုရီတွေကိုလည်း လောင်ကျွမ်းပေးပါတယ်။ သိုင်းရွိုက်ဂလင်းတွေကကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့အခါ ခန္ဓါကိုယ်မှာ ဒီဖြစ်စဉ်တွေနှောင့်နှေးသွားပြီး ကိုယ်အလေးချိန်တက်လာရတာပါ။
- ပင်ပန်းနွမ်းနယ်မယ်။ အားမရှိသလို ခံစားရမယ်
- ဆံပင်ကျွတ်မယ်
- အသားအရေတွေ ခြောက်သွေ့နေမယ်
- ပုံမှန်ထက်ပိုအေးနေသလိုခံစားရမယ်
- သင်ယူမှု နဲ့ မှတ်မိနိုင်စွမ်းအားနည်းလာမယ်
- ရာသီသွေးဆင်းများတာ၊ ရာသီသွေးမမှန်တာတွေဖြစ်မယ်
လေဒီလေးတွေမှာ ခံစားရတဲ့ရာသီသွေးဆင်းများတာ၊ ရာသီသွေးမမှန်တာတွေကလည်း အိုင်အိုဒင်းချို့တဲ့တာရဲ့ လက္ခဏာတစ်ခုပါ။လေဒီလေးတွေမှာ သိုင်းရွိုက်ဟော်မုန်းပမာဏနည်းတဲ့အခါ ရာသီသွေးမမှန်တာ၊ ရာသီသွေးဆင်းများတာတွေခံစားရနိုင်ပါတယ်။
ဘယ်သူတွေက အိုင်အိုဒင်း ပိုချို့တဲ့နိုင်လဲ
လူတိုင်းက အိုင်အိုဒင်း ချို့တဲ့နိုင်တယ်ဆိုပေမယ့် ဒီလူတွေကတော့ အိုင်အိုဒင်းချို့တဲ့နိုင်ခြေ ပိုများနေပါတယ်။
- ကိုယ်ဝန်ဆောင်မိခင်တွေ
- မြေဆီလွှာမှာ အိုင်အိုဒင်းပါဝင်မှုနည်းတဲ့ နိုင်ငံတွေမှာနေထုင်ကြတဲ့သူတွေ ( အရှေ့တောင်အာရှနိုင်ငံတွေ၊တောင်အာရှနိုင်ငံတွေ၊ နယူးဇီလန်နိုင်ငံ၊ ဥရောပနိုင်ငံတွေ)
- အိုင်အိုဒင်းဆား မစားသုံးတဲ့သူတွေ
- သက်သတ်လွတ်စားသုံးသူတွေက အိုင်အိုဒင်း ချို့တဲ့နိုင်ခြေ ပုံမှန်ထက် ပိုများနေနိုင်ပါတယ်။