brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အိုင်အိုဒင်း ချို့တဲ့နေပြီလား

ခန္ဓါကိုယ်တစ်ခုလုံး ကျန်းမာပြီး စိတ်သွားတိုင်းကိုယ်ပါနေစေဖို့ အတွက်က လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ် တွေပြည့်ဝနေဖို့က မဖြစ်မနေ လိုအပ်မှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်တဲ့ အိုင်အိုဒင်း ချို့တဲ့မှု ဖြစ်တဲ့အခါ ဘာတွေ ဖြစ်လာနိုင်လဲဆိုတာကို ပြောပြပေးပါရစေ။

အိုင်အိုဒင်း ချို့တဲ့နေပြီလား

အိုင်အိုဒင်း ချို့တဲ့နေပြီလား

အိုင်အိုဒင်း ချို့တဲ့နေပြီလား …… ခန္ဓါကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်တဲ့ အိုင်အိုဒင်း ချို့တဲ့လာတဲ့အခါ

  • လည်ပင်းကြီးမယ်
  • အိုင်အိုဒင်းချို့တဲ့လာတဲ့အခါ လည်ပင်းအရှေ့ဘက်မှာရောင်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကအတွေ့ရအများဆုံးသော အိုင်အိုဒင်းချို့တဲ့မှုတစ်ခုပါ။ အိုင်အိုဒင်းချို့တဲ့မှုကြောင့် သိုင်းရွိုက်ဂလင်းတွေ အဆမတန်ကြီးလာတဲ့ အခြေအနေတစ်ရပ်ပါ။ သိုင်းရွိုက်ဂလင်း ဆိုတာ လည်ပင်းအရှေ့ဘက်မှာရှိနေတဲ့သေးငယ်ပြီး လိပ်ပြာပုံစံရှိနေတဲ့ ဂလင်းလေးတွေပါ။

    thyroid-stimulating hormone (TSH) ရဲ့စေ့ဆော်မှုကိုရရှိတဲ့အခါ သိုင်းရွိုက်ဂလင်းက သိုင်းရွိုက်ဟော်မုန်းလေးတွေကို စတင်ထုတ်လုပ်ပါတယ်။ ဒီလုပ်ဆောင်မှုတွေ ဟန်ချက်ညီနေစေဖို့အတွက်က အိုင်အိုဒင်းကို လိုအပ်ပါတယ်။ ခန္ဓါကိုယ်မှာ အိုင်အိုဒင်း နည်းတဲ့အခါ ဒီလုပ်ဆောင်မှုတွေကိုကောင်းကောင်းမလုပ်ဆောင်နိုင်တော့ဘဲ ဆဲလ်တွေကို ပုံမှန်မဟုတ်တဲ့ ကြီးထွားမှုဖြစ်ပေါ်စေပြီး လည်ပင်းကြီးတာတွေဖြစ်လာစေနိုင်ပါတယ်။

    ကိုယ်အလေးချိန် အဆမတန်တက်လာတာကလည်း အိုင်အိုဒင်းချို့တဲ့မှုလက္ခဏာတစ်ရပ်ပါ။ သိုင်းရွိုက်ဟော်မုန်းတွေ ထုတ်လုပ်ဖို့အတွက် အိုင်အိုဒင်း အလုံအလောက်မရတဲ့အခါ ကိုယ်အလေးချိန် အဆမတန်တိုးလာတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းက သိုင်းရွိုက်ဟော်မုန်းတွေက ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေ အကောင်းဆုံးလည်ပတ်နိုင်အောင် ထောက်ပံ့ပေးတာပါ။

    စားလိုက်တဲ့အစားအစာတွေကို စွမ်းအင်အဖြစ်ပြောင်းလဲပေးသလို အပူအဖြစ်လည်းပြောင်းလဲပေးပါတယ်။ ကယ်လ်လိုရီတွေကိုလည်း လောင်ကျွမ်းပေးပါတယ်။ သိုင်းရွိုက်ဂလင်းတွေကကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့အခါ ခန္ဓါကိုယ်မှာ ဒီဖြစ်စဉ်တွေနှောင့်နှေးသွားပြီး ကိုယ်အလေးချိန်တက်လာရတာပါ။

    နည်းနည်းလောက်လှုပ်ရှားတာနဲ့ အားမရှိသလိုဖြစ်နေမယ်။ခြေကုန်လက်ပမ်းကျနေမယ်ဆိုရင်တော့ ကိုယ်တွင်းမှာ အိုင်အိုဒင်းပမာဏ မလုံလောက်တာကြောင့်ဖြစ်နိုင်ပါတယ်။ အိုင်အိုဒင်းချို့တဲ့မှုကြောင့် သိုင်းရွိုက်ဂလင်းတွေ အလုပ်မလုပ်ဘဲ ကိုယ်တွင်းမှာ သိုင်းရွိုက်ဟော်မုန်းအားနည်းလာတဲ့အခါ ပင်ပန်းနါမ်းနယ်တာ၊ အားမရှိသလို ခံစားရတာတွေဖြစ်လာနိုင်ပါတယ်။

    ဆံသားအပါအဝင် ခန္ဓါကိုယ်ပေါ်က အမွှေးအမျှင်လေးတွေ ကျန်းမာနေစေဖို့အတွက် အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ ဆံပင်တွေအဆမတန်ကျွတ်နေမယ်ဆိုရင် ကိုယ်တွင်းမှာ အိုင်အိုဒင်းချို့တဲ့တာမျိုးဖြစ်နိုင်ပါတယ်။

    အသားအရေတွေကခြောက်သွေ့နေမယ်။ အရမ်းပြင်းထန်တဲ့အခြေအနေတစ်ရပ်အနေနဲ့ အဖက်တွေလန်နေမယ်ဆိုရင် ကိုယ်တွင်းမှာ အိုင်အိုဒင်းချို့တဲ့နေတာဖြစ်နိုင်ပါတယ်။ ကိုယ်တွင်းမှာ အိုင်အိုဒင်းဓါတ်နည်းနေတဲ့အခါ သိုင်းရွိုက်ဂလင်းတွေကကောင်းကောင်းအလုပ်မလုပ်တာကြောင့် သိုင်းရွိုက်ဟော်မုန်းပမာဏ နည်းပါးလာပြီး အရေပြားမှာ အစိုဓါတ်နည်းပါးလာပြီး အသားအရေခြောက်သွေ့တာ၊ အရေပြားအဖက်လန်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

    • ပုံမှန်ထက်ပိုအေးနေသလိုခံစားရမယ်

    အခြားသူတွေထက် ပိုချမ်းတတ်တာ၊ ပုံမှန်ထက်ပိုအေးနေတာတွေက ခန္ဓါကိုယ်မှာ အိုင်အိုဒင်းဓါတ်နည်းနေလို့ပါ။ ကိုယ်တွင်းမှာ အိုင်အိုဒင်းဓါတ်နည်းနေတာကြောင့် သိုင်းရွိုက်ဂလင်းတွေကောင်းကောင်းအလုပ်မလုပ်တဲ့အခါ သိုင်းရွိုက်ဟော်မုန်းထွက်ရှိမှုနည်းသွားပြီး ခန္ဓါကိုယ်က အအေးဒဏ်ကို မခံနိုင်တာမျိုးဖြစ်လာနိုင်ပါတယ်။

    အိုင်အိုဒင်းချို့တဲ့မှုက သင်ယူနိုင်စွမ်းနဲ့မှတ်မိနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ အကြောင်းကတော့ အိုင်အိုဒင်းအပေါ်မှာ အပြည့်အဝမှီခိုနေတဲ့ သိုင်းရွိက်ဟော်မုန်းလေးတွေက ဦးနှောက်ဖွံ့ဖြိုးဖို့နဲ့ မှတ်မိနိုင်စွမ်းကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ ဒါကြောင့် သင်ယူမှတ်မိနိုင်စွမ်းကောင်းစေဖို့ အိုင်အိုဒင်းပြည့်ဝဖို့လိုပါမယ်။

    လေဒီလေးတွေမှာ ခံစားရတဲ့ရာသီသွေးဆင်းများတာ၊ ရာသီသွေးမမှန်တာတွေကလည်း အိုင်အိုဒင်းချို့တဲ့တာရဲ့ လက္ခဏာတစ်ခုပါ။လေဒီလေးတွေမှာ သိုင်းရွိုက်ဟော်မုန်းပမာဏနည်းတဲ့အခါ ရာသီသွေးမမှန်တာ၊ ရာသီသွေးဆင်းများတာတွေခံစားရနိုင်ပါတယ်။

    ဘယ်သူတွေက အိုင်အိုဒင်း ပိုချို့တဲ့နိုင်လဲ

    လူတိုင်းက အိုင်အိုဒင်း ချို့တဲ့နိုင်တယ်ဆိုပေမယ့် ဒီလူတွေကတော့ အိုင်အိုဒင်းချို့တဲ့နိုင်ခြေ ပိုများနေပါတယ်။

    • ကိုယ်ဝန်ဆောင်မိခင်တွေ
    • မြေဆီလွှာမှာ အိုင်အိုဒင်းပါဝင်မှုနည်းတဲ့ နိုင်ငံတွေမှာနေထုင်ကြတဲ့သူတွေ ( အရှေ့တောင်အာရှနိုင်ငံတွေ၊တောင်အာရှနိုင်ငံတွေ၊ နယူးဇီလန်နိုင်ငံ၊ ဥရောပနိုင်ငံတွေ)
    • အိုင်အိုဒင်းဆား မစားသုံးတဲ့သူတွေ
    • သက်သတ်လွတ်စားသုံးသူတွေက အိုင်အိုဒင်း ချို့တဲ့နိုင်ခြေ ပုံမှန်ထက် ပိုများနေနိုင်ပါတယ်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/07/2022 ဖြစ်ပါသည်။