brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

မျှဝေပါ။

ဆေးလိပ်မီးခိုးကြောင့် ထိခိုက်တာ အဆုတ်တစ်ခုတည်းမဟုတ်ပါ

ဆေးလိပ်မသောက်နဲ့ အဆုတ်ထိခိုက်မယ်၊ဆေးလိပ်ငွေ့တွေ မရှူမိစေနဲ့ အဆုတ်ပျက်စီးမယ် ဆိုတာ အရင်တည်းကသိကြပြီးသား အကြောင်းအရာပါ။ ဒီတစ်ခါတော့ဆေးလိပ်ငွေ့ကြောင့် အမြင်အာရုံကို ထိခိုက်စေနိုင်တယ်ဆိုတာကို သုတေသနအသစ်က သက်သေပြခဲ့ပါတယ်။

ဆေးလိပ်မီးခိုးကြောင့် ထိခိုက်တာ အဆုတ်တစ်ခုတည်းမဟုတ်ပါ

ဆေးလိပ်အရမ်းသောက်တဲ့သူတွေဟာ အရောင်ခွဲခြားနိုင်စွမ်းပြဿနာရှိနိုင်ပြီး အလင်းရောင်မှိန်ရင် သိပ်မမြင်နိုင်တာမျိုးဖြစ်လာနိုင်တယ်လို့ သုတေသီတွေကဖော်ပြခဲ့ပါတယ်။

သုတေသနမှာဆေးလိပ်မသောက်တတ်သူ ၇၁ ဦးနဲ့ တစ်နေ့ကို အလိပ် ၂၀ ထက်မက သောက်တတ်တဲ့သူ ၆၃ ဦးကိုလေ့လာခဲ့တာဖြစ်ပါတယ်။ သူတို့ထဲမှာ အမြင်အာရုံပုံမှန်ရှိသူတွေနဲ့ မျက်မှန်တပ်ရသူတွေပါဝင်ပြီး အသက် ၂၅ နှစ်ကနေ ၄၅ နှစ်အတွင်းရှိသူတွေဖြစ်ပါတယ်။

ဆေးလိပ်ငွေ့တွေကြားမှာပျော်မွေ့တဲ့ ဆေးလိပ်အရမ်းသောက်သူတွေဟာ အရောင်ခွဲခြားနိုင်စွမ်းမှာ သိသိသာသာပြောင်းလဲလာတာတွေ့ရပြီး အလင်းမှိန်တဲ့နေရာမှာပြတ်သားစွာမြင်နိုင်စွမ်း အခက်အခဲပိုရှိနေတာတွေ့ရပါတယ်။

ဘာကြောင့်လဲ

“ စီးကရက်သောက်လွန်းတာ ဒါမှမဟုတ်ဆေးလိပ်မှာပါတဲ့ဒြပ်ပေါင်းတွေနဲ့ ကြာရှည်ထိတွေ့မှုများနေတာက အမြင်အာရုံထင်ရှားပြတ်သားနိုင်စွမ်းမှာ ထိခိုက်စေတယ်လို့လေ့လာမှုရလဒ်တွေက ညွှန်ပြနေပါတယ်။ စီးကရက်မှာ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ဒြပ်ပေါင်းတွေအများကြီးပါတယ်။ ဦးနှောက်ရဲ့အလွှာတွေကို ထူထဲမှုလျော့စေတယ်၊ ဦးနှောက်ထိခိုက်မှုတွေနဲ့ဆက်နွှယ်နေပါတယ်။ ” လို့Rutgers University Behavioral Health Care မှ ဒါရိုက်တာဖြစ်တဲ့ တွဲဖက်သုတေသီSteven Silverstein ကပြောပါတယ်။

အရင်သုတေသနတွေမှာတော့ ကာလကြာရှည် ဆေးလိပ်သောက်ခြင်းက အသက်အရွယ်ကြောင့်ဖြစ်တဲ့မျက်စိမှုန်ခြင်းကိုဖြစ်နိုင်ခြေပိုများ၊ ပိုမြန်စေပြီး မျက်စိရောင်ရမ်းခြင်းတွေဖြစ်စေနိုင်တယ်လို့တွေ့ရှိခဲ့တာပါ။

နီကိုတင်းနဲ့ဆေးလိပ်သောက်ခြင်းကသွေးလည်ပတ်မှုစနစ်ကို ထိခိုက်စေပြီးမြင်လွှာမှာ ရှိတဲ့သွေးကြောနဲ့ အာရုံကြောဆဲလ်တွေကိုထိခိုက်စေနိုင်တယ်လို့တွေ့ရှိထားပါတယ်။

ဒီသုတေသနကိုPsychiatry Researchဂျာနယ်မှာဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့်ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကိုထိခိုက်နိုင်တာ အဆုတ်ကိုပဲ မဟုတ်ပါဘူး။ကောင်းကျိုးမပေးတဲ့ဆေးလိပ်ကိုဖြတ်နိုင်အောင်မကြိုးစားနိုင်တောင်လျှော့သောက်ဖို့ သတိထားသင့်ပါတယ်။

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Yun Sandi Nan Mon မှ ရေးသားသည်။ · 13/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။