မျက်လုံးတွေကြည့်လို့မကောင်းဘူး၊ ရီဝေဝေနဲ့ရယ်။ စာဖတ်လို့လည်းအဆင်မပြေဘူး။ ကြည့်ရတာ အားမရဘူး ဆိုတာ မကြာခဏကြားရပါတယ်။ အကြောင်းရင်းတွေက အများကြီးရှိနိုင်တယ်နော်။ ဖြစ်နိုင်ခြေရှိတာတွေက –
မျက်လုံးတွေကြည့်လို့မကောင်းဘူး၊ ရီဝေဝေနဲ့ရယ်။ စာဖတ်လို့လည်းအဆင်မပြေဘူး။ ကြည့်ရတာ အားမရဘူး ဆိုတာ မကြာခဏကြားရပါတယ်။ အကြောင်းရင်းတွေက အများကြီးရှိနိုင်တယ်နော်။ ဖြစ်နိုင်ခြေရှိတာတွေက –

မျက်စိအသုံးပြုရတာများလို့ အပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် အဝေးမှုန်၊ အနီးမှုန် မျက်စိပါဝါတွေရှိလာတာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ မျက်စိကျန်းမာရေးစစ်ဆေးပြီး မျက်မှန်လုပ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။
တီဗီ၊ ကွန်ပျူတာ သို့မဟုတ် ဖုန်းကို အကြာကြီး ကြည့်နေတတ်တဲ့သူလား။ ဒီလိုကြည့်တဲ့အခါ မျက်တောင်ခတ်တာနည်းတတ်ပါတယ်။ မျက်တောင်တစ်ခါခတ်တိုင်းမှာ မျက်လုံးထဲမှာ မျက်ရည်တွေကဖြန့်ကြက်ပြီး အစိုဓါတ်ပေးနိုင်တယ်၊လန်းဆန်းစေတယ် ။ ဒါ့ကြောင့် မျက်စိမညောင်းရအောင် ဒီလိုအကြာကြီးကြည့်တဲ့အခါ မကြာခဏမျက်တောင်ခတ်ဖို့ကို မမေ့ပါနဲ့။
အသက် ၄၀လောက်ရောက်တဲ့အခါ စာဖတ်တာကအစ အနီးကပ်အာရုံစိုက်ရအဆင်မပြေတော့တာ သတိထားမိလာပါလိမ့်မယ်။ ဒါဟာ အသက်ကြီးလာတဲ့ပုံမှန်လက္ခဏာတစ်ခုပါပဲ။ စာကြည့်မျက်မှန်တွေဖြစ်ဖြစ် ဆရာဝန်နဲ့တိုင်ပင်ပြီး အသုံးပြုသင့်ပါတယ်။
သွေးတွင်းသကြားဓါတ်ကိုကောင်းကောင်းမထိန်းချုပ်နိုင်တဲ့အခါ မျက်စိမှန်ဘီလူးအတွင်းကို အရည်တွေစိမ့်ဝင်စေနိုင်ပြီးဖောင်းလာစေပါတယ်။ ဒါကို ကုသမှုမလုပ်မချင်း ဆက်ပြီးဖြစ်နေနိုင်တဲ့လက္ခဏာပါ။ သကြားဓါတ်ပမာဏပုံမှန်ဖြစ်မှ မှန်ဘီလူးလည်း ပုံမှန်ပြန်ဖြစ်မှာပါ။ ဆီးချိုရောဂါရှိတဲ့သူတွေမှာ retinopathy မျက်စိရောဂါဖြစ်နိုင်ခြေပိုများတာကြောင့် အမြင်အာရုံမှုန်ဝါးလာရင် ဆီးချိုကိုလည်းသတိပြုပါ။
မျက်လုံးမှာ ထိခိုက်ထားတာတစ်ခုခုကြောင့်လည်းဖြစ်နိုင်ပါတယ်။ မျက်ကပ်မှန်တပ်ရင်းအိပ်မိတာ၊သေချာမသန့်စင်တာ၊ သိမ်းဆည်းပုံမမှန်ကန်ဘဲပစ်ထားတာတွေက မျက်စိကိုရောဂါပိုးဝင်စေနိုင်ပါတယ်။ ဆိုရီရေးစစ်အရေပြားရောဂါ၊လေးဘက်နာအဆစ်ရောင်ရောဂါတို့လို ခန္ဓါကိုယ်တခြားအစိတ်အပိုင်းတွေမှာဖြစ်တဲ့ ကိုယ်ခံအားဆိုင်ရာရောဂါတွေကြောင့်လည်း မျက်စိကိုရောင်ရမ်းစေတတ်ပါတယ်။
အားနည်းပြီးခေါင်းမူးနေတာပါ ခံစားနေရလား။ရေဓါတ်ခန်းခြောက်တာကြောင့်သွေးပေါင်ကျနေနိုင်ပါတယ်။ သောက်သုံးနေရတဲ့ဆေးဝါးတချို့ကြောင့်၊ နှလုံးနဲ့ဆိုင်တဲ့ပြဿနာတချို့ကြောင့်၊ အာဟာရမပြည့်လို့၊ဟော်မုန်းမညီမျှမှုတို့ကြောင့်၊ အိပ်ရေးပျက်လို့ စတာတွေကသွေးပေါင်ကျပြီး အမြင်အာရုံဝေဝါးစေတဲ့အကြောင်းရင်းတွေထဲပါဝင်ပါတယ်။
ခေါင်းထိခိုက်လို့ သတိလစ်တာ ဒါမှမဟုတ် ဦးနှောက်ထိခိုက်မှုဖြစ်ထားရင် မျက်စိလုပ်ဆောင်ချက်တွေကိုထိခိုက်စေနိုင်ပါတယ်။ ဦးနှောက်အကျိတ်ဆိုလည်းဖြစ်တဲ့နေရာ သို့မဟုတ် အရွယ်အစားကိုမူတည်ပြီး အမြင်အာရုံကို ထိခိုက်စေနိုင်တယ်။ အမြင်နှစ်ထပ်ဖြစ်ခြင်းက ဦးနှောက်ရောင်ရောဂါရဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ အဖြစ်များတဲ့လက္ခဏာတစ်ခုမဟုတ်ပေမယ့် အမြင်အာရုံမှုန်ဝါးခြင်းကလေဖြတ်ခါနီးဖြစ်တတ်တာလည်း တချို့မှာတွေ့ရပါတယ်။
ဒါတွေကဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်းတွေထဲက တချို့ကိုဖော်ပြထားတာဖြစ်လို့ တခြားအကြောင်းရင်းတွေလည်းရှိနိုင်ပါတယ်။ ကိုယ့်မျက်လုံးနဲ့အမြင်အာရုံမှာ ထူးခြားတဲ့၊ ပုံမှန်နဲ့မတူတဲ့ လက္ခဏာတွေရှိလာတာသတိထားမိတယ်ဆိုရင် ဆရာဝန်အမြန်ပြပြီး စစ်ဆေးမှုခံယူတာကောင်းပါတယ်။ မျက်လုံးဆိုတာ နုနယ်လွန်းတဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်တာမို့ လက္ခဏာသေးသေးလေးလည်း ပေါ့ပေါ့ဆဆမနေသင့်ပါဘူးနော်။