brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Waist trainer တွေ တကယ်ပဲ အလုပ်ဖြစ်သလား

Waist Trainer တွေ ဆိုတာ ခါးသေးရင်ချီ၊ တင်ပါးလေးကားတဲ့ သဲနာရီပုံစံ ခန္ဓာကိုယ် ရရှိအောင် လုပ်ပေးနိုင်တဲ့ ခါးစည်းတစ်မျိုးလို့ ဆိုကြပါတယ်။ ပြောရမယ်ဆိုရင် ဒါဟာ ဟိုးအရင်ခေတ်က သုံးခဲ့ပြီး နောက်ပိုင်း ကျန်းမာရေး ပြဿနာတွေကြောင့် ရပ်လိုက်ကြတဲ့ Corset Fashion Trend ကိုပဲ ပြုပြင်ပြောင်းလဲပြီး ခေတ်မီအောင် လုပ်ထားတာမျိုးပါ။ ဆိုရှယ်လ်မီဒီယာတွေပေါ်မှာလည်း နာမည်ကျော်တွေကအစ သုံးနေကြတော့ ခေတ်စားလာတာလည်း မဆန်းဘူးလို့ ဆိုရမှာပေါ့။ နာမည်ကြီးတယ်ဆိုပေမဲ့ တကယ် သုံးရင် အန္တရာယ်ကင်းရဲ့လား ဆိုတာကိုတော့ ပြန်ဆန်းစစ်ဖို့ လိုပါတယ်။

Waist trainer တွေ တကယ်ပဲ အလုပ်ဖြစ်သလား

ဒီတော့ Waist Trainer တွေ က ဘာတွေ ဖြစ်အောင် လုပ်ပေးနိုင်တယ်လို့ အာမခံကြတာလဲ။

ပြောခဲ့သလို သဲနာရီ ခန္ဓာကိုယ်လေး ဖြစ်ဖို့ ခါးသေးအောင် လုပ်ပေးနိုင်တယ်။ တစ်ရက်ကို ၈နာရီလောက် ဝတ်ထားဖို့တော့ လိုတာပေါ့နော်။ ချက်ချင်းကြီး အဲဒီလိုပြောင်းသွားမှာလားဆိုတော့လည်း မဟုတ်ပါဘူး။ ဝတ်ထားတုန်းတော့ ခါးသေးရင်ချီလေးဖြစ်ပြီး ချွတ်လိုက်ရင်တော့ ပုံမှန်ဘော်ဒီ ပြန်ဖြစ်သွားမှာပါ။ သီအိုရီအရတော့ ဒီလို ဝတ်ထားရင်းကနေ ဖြည်းဖြည်းချင်း ခါးလေး သိမ်သွားတယ်။ တင်လေးကားလာတယ်ပေါ့နော်။

နောက်ပြီး ဝိတ်ကျသွားနိုင်ပါသေးတယ်။ Waist Trainer ကို ဝတ်ထားပြီးတဲ့နောက် အစာအိမ်ကို ဖိထားသလို ဖြစ်တာမို့ ဗိုက်ဆာတယ်လို့ မခံစားရဘဲ နည်းနည်းလေး စားပြီးတာနဲ့ ဗိုက်ပြည့်သလို ဖြစ်သွားတာကြောင့် အစာကိုလည်း နည်းနည်းလေးပဲ စားမိစေပါတယ်။

ခန္ဓာကိုယ်အနေအထား မှန်စေပါတယ်တဲ့။ ဒါတွေကတော့ Waist Trainer ကို ဝတ်ထားရင် ရလာမယ့် အကျိုးကျေးဇူးတွေဆိုပြီး ဖော်ပြနေကြတာတွေပါ။ ဒါဆို Waist Trainer ကို ဝတ်ထားရင် ဘယ်လို ကျန်းမာရေးဆိုးကျိုးတွေ ခံစားရနိုင်သေးလဲ။

၁။ အသက်ရှူရခက်ခဲနိုင်ပါတယ်။

Waist Trainer ဝတ်ထားခြင်းဟာ အဆုတ်ရဲ့ လုပ်နိုင်စွမ်းကို ၃၀% ကနေ ၆၀% ထိ လျှော့ချပစ်တာကြောင့် အသက်ရှူမဝတာတွေဖြစ်တတ်သလို စွမ်းအင်ကို ပုံမှန် ထုတ်ယူသုံးစွဲဖို့ မလွယ်ကူတာတွေလည်း ဖြစ်စေတတ်ပါတယ်။ အရမ်းကြပ်ကြပ် ဝတ်ထားလိုက်ရင်တော့ သတိလစ်တာမျိုးအထိပါ ဖြစ်စေနိုင်ပါတယ်။

နောက်ပြီး အဆုတ်ထဲ ရေတွေပြည့်လာတာ၊ အဆုတ်ရောင်လာတာတွေလည်း ဖြစ်လာစေနိုင်သလို အချိန်ကြာလာတာနဲ့အမျှ အသက်ရှူလမ်းကြောင်း ပြဿနာတွေ၊ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို စွန့်ထုတ်တဲ့ ပြန်ရည်ကြောစနစ် (lymphatic system) ကိုထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။

၂။ အစာခြေစနစ် ပြဿနာ

အပေါ်မှာ ပြောခဲ့သလို Waist Trainer ဟာ အစာအိမ်ကို ဖိထားသလို ဖြစ်တာမို့ အစာနည်းနည်းလေးစားပြီး ဝသွားသလို ခံစားရစေပါတယ်။ ဒါကြောင့် အစားလည်း နည်းသွားတယ်၊ ဝိတ်လည်း နည်းနည်း ကျသွားတယ်ပေါ့။ တကယ်တော့ ဒီနည်းလမ်းက ဝိတ်လျှော့ဖို့ မှန်ကန်တဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ ဝိတ်လျှော့တဲ့သူတွေလည်း ပုံမှန် အာဟာရပြည့်အောင် စားရတာပဲလေ။

နောက်ပြီး Waist Trainer ဟာ အရေပြားနဲ့ အဆီပြင်ကို ဖိထားတာအပြင် အတွင်းအင်္ဂါတွေဖြစ်တဲ့ အစာခြေစနစ်က အစာရေမျိုပြွန်၊ အစာအိမ် နဲ့အူတွေကိုပါ ဒုက္ခရောက်စေနိုင်ပါတယ်။ အဲဒီ ဖိအားက အစာအိမ် အက်စစ်တွေကို အစာရေမျိုပြွန်ထဲ ပြန်ပို့တာကြောင့် နှလုံးပူခြင်း၊ ရင်ပူခြင်းတွေ ဖြစ်စေနိုင်သလို အစာအိမ်ပြဿနာ တစ်ခုခု ရှိထားတဲ့သူဆိုရင်တော့ အခြေအနေကို ပိုဆိုးသွားစေပါတယ်။

၃။ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်စေနိုင်ပါတယ်။

ခန္ဓာကိုယ်အလယ်ပိုင်း တစ်ပိုင်းလုံးကို ကျစ်နေအောင် ထုပ်ထားတာကြောင့် အစာခြေစနစ်အပြင် ကျောက်ကပ်နဲ့ အသည်းတို့ကိုပါ ပုံမှန်မဟုတ်တဲ့ အနေအထားကို ရွေ့လျားသွားစေပါတယ်။ ဒီအဖြစ်က ကိုယ်တွင်းအင်္ဂါတွေဆီ သွေးလည်ပတ်မှုကို နှောင့်ယှက်ပြီး သူတို့တွေရဲ့ အလုပ်လုပ်ပုံ၊ လုပ်ဆောင်ချက်တွေကိုပါ ပျက်ယွင်းစေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကိုယ်တွင်းအင်္ဂါတွေ လုံးဝ ပျက်စီးသွားတာ၊ ကြွက်သားအားမရှိတော့တာနဲ့ နံရိုးကျိုးတာတွေထိပါ ဖြစ်လာနိုင်ပါတယ်။

ဒါဆို Waist Trainer တွေ မဝတ်ရတော့ဘူးလား။ ဝတ်ချင်ရင်တော့ ဝတ်လို့ရပါတယ်။ ဒါပေမဲ့ အရမ်း ကျပ်ကျပ်ကြီး မဝတ်ပါနဲ့။ ချိတ်ကို တော်ရုံလောက်တပ်ပါ။ အသက်ရှူချောင်ပါစေ။ အမြဲမဝတ်ပါနဲ့။ လိုအပ်မှသာ ဝတ်ပါ။ အရမ်းကြီး ကျပ်မနေဘူးဆိုရင်တော့ အန္တရာယ်ကင်းမှာပါ။ တကယ်လို့ ဝတ်ထားရင်း အသက်ရှူရ ကျပ်လာတယ်၊ ခေါင်းမူးလာတယ်ဆို ချက်ချင်းချွတ်ပစ်ပါ။

အန္တရာယ်ကင်းကင်း လှနိုင်ကြပါစေ။

Wathun Myet Chal

Dr. Phyo Wai Lynn
Dr. Phyo Wai Lynn
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thiha Phyo Myint · 08/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။