မိန်းမကိုယ်ဝမှာ တစ်ဆို့ဆို့ကြီးနဲ့၊ နေရထိုင်ရခက် အောင့်တောင့်တောင့်နဲ့ ဖြစ်နေလို့ ဆရာဝန်ဆီ ပြေးတဲ့အခါ သားအိမ်ကျ နေပြီဆိုတဲ့ ဝေဒနာကိုယ့်မှာ ခံစားနေရပြီဆိုတဲ့ အဖြေထွက်လာပြီဆိုရင်လန့်သွားတတ်ကြတာ အမျိုးသမီးတိုင်းပါ။ ဗိုက်ထဲမှာရှိရမယ့် သားအိမ်ကြီးက ဘာ့ကြောင့် မိန်းမကိုယ်အပြင်ဘက်ကို ထွက်ကျလာတာလဲ။ ဘယ်လို ကုသကြမလဲ။
သားအိမ်ကျတဲ့ ပြဿနာ ဘာ့ကြောင့်ဖြစ်ရတာလဲ။
အဓိကကတော့ သားအိမ်ကိုထိန်းထားတဲ့ တင်ပဆုံကြွက်သားတွေနဲ့ အရွတ် တွေ အားလျော့သွားတာကြောင့်ဖြစ်ရတာပါ။ ဒီတော့ ဒီ ကြွက်သားနဲ့ အရွက်တွေကို အားလျော့စေတဲ့ ပြဿနာတွေဖြစ်တဲ့
- ကိုယ်ဝန်ဆောင်တဲ့ အကြိမ်အရေအတွက်များတာ
- မီးဖွားချိန် သားအိမ်ဝန်းကျင်ကို ထိခိုက်မိတာ
- ပေါင်ချိန်များတဲ့ ကလေး၊ ကလေးကြီးကြီးတွေ ကို မိန်းမကိုယ်ကနေ ရိုးရိုးမွေးတာ
- ကိုယ်အလေးချိန် များနေတာ အဝလွန်နေတာ
- သွေးဆုံးချိန် အီစတိုဂျင်ဟော်မုန်းနည်းလာတာ
- နာတာရှည် ဝမ်းချုပ်လို့ တစ်ခါဝမ်းသွားရင် ညှစ်ညှစ်ပြီးသွားရတာ
- နာတာရှည် ချောင်းဆိုးရလွန်းလို့ ဗိုက်ကို သွားသွားညှစ်သလိုဖြစ်နေတာနဲ့
- အလေးအပင်တွေ မလွန်းတာ စတာတွေက သားအိမ်ကျခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။
ဒီလို အကြောင်းအရင်းတွေထဲက တစ်ခုခုကိုယ့်မှာ ရှိခဲ့လို့ သားအိမ်ကျတဲ့ ပြဿနာရှိပြီဆိုရင် ဘယ်လိုကုသကြမလဲ။
သားအိမ်ကျတဲ့ ပြဿနာကို ကုသမှုဟာ သားအိမ်ကျတဲ့ အဆင့် ဆိုးရွားမှု တွေပေါ် မူတည်ပါတယ်။
- Pessary – ရာဘာကွင်းစွတ်ခြင်း ။ ကျနေတဲ့ သားအိမ်နဲ့ တစ်ရှူးအပိုင်းအစတွေကို ထိန်းဖို့ သားအိမ်ရာဘာကွင်းစွတ်တာကတော့ သားအိမ်ကျတဲ့သူတိုင်းကို ကုသနေကျနည်းတစ်ခုပါ။
ခွဲစိတ်မှု – တချို့ ပြင်းထန်တဲ့သားအိမ်ကျတဲ့ ပြဿနာတွေမှာဆို ခွဲစိတ်မှုလုပ်ဖို့ လိုအပ်ပါတယ်။
- ခွဲစိတ်မှုတွေကတော့ – ကိုယ့်ကိုယ်ခန္ဓာက ကြွက်သားတွေကိုပြန်ယူပြီး အားနည်းနေတဲ့ တင်ပဆုံကြွက်သားတွေကို ပြန်ပြီး ပြုပြင်ခွဲစိတ်တာမျိုး
- နောက်ဆုံး မရတော့တဲ့ အခြေအနေမှာဆို သားအိမ်ကို ထုတ်လိုက်တာမျိုးတွေ စတဲ့ နည်းတွေ နဲ့ ကုသလို့ ရပါတယ်။
ဒီလိုခွဲစိတ်ကုသတာ အပြင် ကိုယ့်ဘက်ကပြောင်းလဲဖို့ လိုအပ်တဲ့ လူနေမှု ပုံစံတွေ ရှိပါသေးတယ်။ ဒါတွေကတော့
- စစချင်း သိပ်မပြင်းထန်တဲ့ ကိစ္စမှာတော့ ဘာပြဿနာမှ မရှိသေးတဲ့အတွက် ထွက်ခါစပြုနေတဲ့ သားအိမ်ပြန်ဝင်သွားအောင် Kegel exercises လေ့ကျင့်ခန်းလုပ်
- ကိုယ်အလေးချိန် လျှော့တာတွေအပြင်
- အားနဲ့ညှစ်စေတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ချောင်းဆိုးတာတွေ ဝမ်းချုပ်တာတွေကိုပါ ကုသဖို့ လိုအပ်ပါတယ်။
- နောက်ပြီး အလေးအပင်မတာတွေကိုလည်း လျှော့ဖို့လိုအပ်ပါတယ်။