brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပထမဆုံးအကြိမ် Brazilian Wax လုပ် တော့မယ်ဆိုရင်

Brazilian Wax လုပ် တယ်ဆိုတာက မိန်းမကိုယ် အမွေးတွေကို ဖယောင်းနဲ့ ချွတ်တာ (ဖယ်ရှားတာ/နှုတ်တာ)ပါ။ နာလားဆိုရင်တော့ နာတာပေါ့။ ခြေထောက်၊ မျက်ခုံး၊ ချိုင်း နဲ့ လက်တွေ Wax လုပ်ရင်တောင် နာသေးတယ်မဟုတ်လား။ ဒါဆိုရင်တော့ မိန်းမကိုယ်မှာ Wax လုပ်တာ မနာရှိပါ့မလား။

ပထမဆုံးအကြိမ် Brazilian Wax လုပ် တော့မယ်ဆိုရင်

ဒါပေမဲ့ ပထမဆုံးအကြိမ်မှာပဲ နည်းနည်းနာတာပါ။ ကျွမ်းကျင်တဲ့သူတွေနဲ့ လုပ်မယ်ဆိုရင် ပထမဆုံးအကြိမ်မှာတောင် ပုံမှန် တခြားနေရာတွေမှာ Wax လုပ်သလောက်ပဲ နာမှာပါ။ ဒါကြောင့် ပထမဆုံး Brazilian Wax လုပ်မယ်ဆိုရင် ကိုယ့်အားကိုယ်ကိုးပြီး လုပ်မှာထက် ကျွမ်းကျင်သူတွေနဲ့ လုပ်ဖို့ ပိုအားပေးပါတယ်နော်။

နောက် အနာခံနိုင်ပြီဆိုတော့မှ သဘောပေါ့။ ကဲ.. ဒါဆို Brazilian Wax လုပ်တော့မယ်ဆိုရင် ဘာတွေ ပြင်ဆင်ထားဖို့လိုမလဲ၊ ဘာတွေ သိထားဖို့လိုမလဲ။

Brazilian Wax လုပ် မယ်ဆိုရင်

၁။ အမွေးကို ထိုက်သင့်သလောက် ရှည်နေပါစေ။

Brazilian Wax လုပ် ရလွယ်အောင်ဆိုပြီး ရိတ်မသွားပါနဲ့၊ အပေါ်ယံတွေ တိမသွားပါနဲ့။ ကိုယ့်စိတ်ထဲ တအားရှည်နေပြီ ထင်ပေမယ့် Wax လုပ်ဖို့အတွက်တော့ လိုအပ်တဲ့ အရှည်ရှိချင်မှ ရှိမှာလေ။ အနည်းဆုံး 1-2 cm (တစ်လက်မရဲ့ လေးပုံတစ်ပုံ) လောက်ရှိမှ နုတ်ရ အဆင်ပြေတာမို့ ဒီတိုင်းသာ သွားပါ။ ရိတ်ထားပြီးသွားပြီဆိုရင်တော့ နောက် ၃ပတ်ကနေ ၄ပတ်လောက် စောင့်ပြီးမှ သွားတာက ပိုအဆင်ပြေပါတယ်။ ရှည်နေလည်း ပြဿနာမရှိပါဘူး။ နုတ်ပေးမယ့် ကျွမ်းကျင်သူက သူလိုသလောက် ညှပ်ပြီး Wax လုပ်ပေးပါလိမ့်မယ်။

၂။ Scrub (ကြေးချွတ်တာ) မလုပ်ပါနဲ့။

Brazilian Wax မလုပ်ခင် ရှေ့ (၂) ရက်မှာ ကြမ်းကြမ်းတမ်းတမ်း Scrub လုပ်တာ၊ Exfoliate လုပ်တာမျိုးတွေ ရှောင်ပါ။ ဒါပေမဲ့ မြုံနေတဲ့ အမွေးလေးတွေပါ ထွက်လာစေချင်တယ်ဆိုရင်တော့ Scrub အပျော့စားလေးတွေနဲ့ (၂)ရက်ကြိုပြီး တိုက်ထားလို့ ရပါတယ်။

Wax မလုပ်ခင် Moisturizing လုပ်ပြီး ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာက မွေးညှင်းပေါက်တွေကို ပွင့်သွားစေတာမို့ Wax လုပ်တဲ့အခါ အနာသက်သာပြီး လွယ်လွယ်ကူကူလည်း ကျွတ်ပါသွားစေနိုင်ပါတယ်။ နောက်ပြီး Waxing လုပ်ပြီး (၃) ရက်လောက်အတွင်းမှာလည်း Scrub လုပ်တာ၊ ကြမ်းတမ်းတဲ့ အရာတွေနဲ့ ပွတ်ပြီး ကြေးချွတ်တာမျိုး မလုပ်ပါနဲ့။

၃။ ဓမ္မတာမလာမီ (၅)ရက် နဲ့ လာပြီး (၅) ရက်မှာ မလုပ်ပါနဲ့။

ဒီလိုအချိန်တွေမှာ ခန္ဓာကိုယ်က ပိုပြီး Sensitive (ထိခိုက်ခံစားလွယ်) ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဒီအချိန်တွေကို ရှောင်ပါ။ နောက်ပြီးတော့ ရေကူးကန် ဒါမှမဟုတ် ကမ်းခြေကို မသွားမီ အနည်းဆုံး (၃) ရက်လောက် ကြိုပြီး လုပ်ပါ။

၄။ ချက်ချင်း လေ့ကျင့်ခန်း မလုပ်ပါနဲ့။

Waxing လုပ်ပြီး ချက်ချင်း လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ထွက်လာတဲ့ ချွေးတွေနဲ့ ပွတ်တိုက်မှုတွေကြောင့် အရေပြားကို အနည်းနဲ့အများ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် Brazilian Wax လည်းလုပ်မယ်၊ လေ့ကျင့်ခန်းကိုလည်း မလုပ်လို့ မရဘူးဆိုရင် Wax မလုပ်ခင် ကြိုလုပ်ပါ။ Wax လုပ်ပြီးရင်တော့ အနည်းဆုံး ၂၄ နာရီ ကြာပြီးမှ လေ့ကျင့်ခန်း လုပ်ပါ။

Brazilian Wax လုပ်တာ ဘာကောင်းလဲ။

  • အနံ့ထွက်တာ သက်သာစေပါတယ်။
  • ပြန်ထွက်လာတဲ့ အမွေးတွေက ပိုပျော့ပြီး ပါးသွားပါတယ်။
  • Brazilian Wax ကို ပထမဆုံး အကြိမ်လုပ်ရင် နာလို့ နောက်တစ်ကြိမ် ထပ်မလုပ်တော့ဘူးလို့ တွေးမိမှာ ဖြစ်ကောင်းဖြစ်ပေမယ့် ရလာတဲ့ ရလဒ်ကတော့ နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ် ထပ်ထပ်ပြီး လုပ်စေချင်မှာ အသေအချာပါပဲ။

အန္တရာယ် ကင်းကင်းနဲ့ ကျန်းမာပျော်ရွှင် လှပနိုင်ကြပါစေ။

Wathun Myat Chel

Dr. Phyo Wai Lynn
Dr. Phyo Wai Lynn
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thiha Phyo Myint · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။