brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မိန်းမကိုယ်ကျန်းမာစေဖို့ အတွင်းခံ တွေကို ဘယ်လိုရွေးချယ်ဝတ်ဆင်ကြမလဲ

အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးမှာ မိန်းမကိုယ်သန့်ရှင်းရေးက သိပ်ကိုအရေးကြီးတယ်နော်။ ဒီလိုမျိုး မိန်းမကိုယ်သန့်ရှင်းပြီး အနံ့အသက်ကင်းကင်းနဲ့ ကျန်းမာနေဖို့ဆိုရင် အတွင်းခံ ကို မှန်ကန်စွာဝတ်ဆင်တတ်ဖို့နဲ့ မိန်းမကိုယ်အတွက် အဆင်အပြေဆုံးဖြစ်စေမယ့် အမျိုးအစားကို ရွေးချယ်ဝယ်ယူတတ်ဖို့လည်း လိုပါတယ်။

မိန်းမကိုယ်ကျန်းမာစေဖို့ အတွင်းခံ တွေကို ဘယ်လိုရွေးချယ်ဝတ်ဆင်ကြမလဲ

ဘယ်လို အတွင်းခံမျိုးက အသင့်တော်ဆုံးလဲ။

မိန်းမကိုယ်က အမြဲလိုလို စိုစွတ်နေတတ်ပြီး ထိခိုက်ယားယံဖို့ လွယ်ကူလွန်းတာကြောင့် အတွင်းခံတွေကို ရွေးတဲ့အခါ ပါးလွှာပြီး ချွေးစုပ်နိုင်တဲ့ ချည်သားအတွင်းခံတွေကို ရွေးချယ်သင့်ပါတယ်။ တစ်နေကုန် အပြင်သွားလာရလို့ အဲ့နေရာမှာ ချွေးတွေအရမ်းထွက်လာရင်လည်း ဘက်တီးရီးယားတွေ အလျင်အမြန်ပေါက်ဖွားပြီး မိန်းမကိုယ် ပိုးဝင်တာ၊ မှိုစွဲတာမျိုး ဖြစ်တတ်ပါတယ်။ နိုင်လွန်၊ စပန့်သားနဲ့ လုပ်ထားတဲ့အတွင်းခံတွေကတော့ လေဝင်လေထွက်ရခက်သလို အပူကို အထဲမှာအောင်းထားသလို ဖြစ်စေတဲ့အတွက်ကြောင့် အရေပြားပြဿနာဖြစ်လွယ်လို့ မရွေးချယ်သင့်ပါဘူး။

အတွင်းခံတွေကို ပုံမှန်လဲပေးပါ။

လိင်အင်္ဂါတစ်ဝိုက်ဆိုတာ ကျန်တဲ့နေရာတွေထက် ချွေးလည်းပိုထွက်သလို ဘက်တီးရီးယားတွေလည်း ခိုနားရာနေရာဖြစ်တာကြောင့် အတွင်းခံတွေ ဝတ်ပြီးတာနဲ့ ချက်ချင်းလဲလိုက်သင့်ပါတယ်။ အကောင်းဆုံးကတော့ ဘယ်ပဲသွားသွား ပြန်ရောက်ပြီဆိုတာနဲ့ ဝတ်ထားတဲ့အတွင်းခံကို ချွတ်လဲပေးဖို့ မမေ့လိုက်ပါနဲ့။ ဝတ်ပြီးသားအတွင်းခံကို ပစ်ထားပြီး နောက်တစ်ကြိမ်ပြန်ဝတ်တာကိုတော့ လုံးဝမလုပ်သင့်ပါဘူး။

ညဘက်တွေမှာ အတွင်းခံ ဝတ်ပြီး မအိပ်ပါနဲ့။

တတ်နိုင်ရင် ညအိပ်တဲ့အခါ အတွင်းခံဝတ်ပြီး အိပ်တာကို ရှောင်သင့်ပါတယ်၊၊ အထူးသဖြင့် မိန်းမကိုယ်မှိုစွဲနေတဲ့ သူတွေဆိုရင်တော့ ညဘက်တွေကို အတွင်းခံနဲ့ မအိပ်သင့်ပါဘူး။ ညဘက်တွေမှာ ဘက်တီးရီးယားတွေ ပိုပွားများနိုင်တာကြောင့် အတွင်းခံ မပါဘဲ လွတ်လွတ်လပ်လပ်အိပ်တာက လေဝင်လေထွက်ကောင်းပြီး မိန်းမကိုယ် ချွေးပြန်တာ၊ စိုစွတ်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်လို့ပါ။ မဖြစ်မနေဝတ်ရမှ ဖြစ်မယ်ဆိုရင် အတွင်းခံအစား ညဝတ်ဘောင်းဘီအပါးတွေ ရွေးဝတ်လို့ရပါတယ်။

အတွင်းခံတွေကို လျှော်တဲ့အခါ ဆပ်ပြာအပြင်းစားတွေ မသုံးပါနဲ့။

တခြားအဝတ်အစားတွေလိုမဟုတ်ဘဲ ထိခိုက်ယားယံလွယ်တဲ့ နေရာနဲ့ အမြဲထိကပ်နေရတာဖြစ်ပြီး ချွေးလည်းအရမ်းထွက်တာကြောင့် အတွင်းခံလျှော်တဲ့ဆပ်ပြာကို သေချာဂရုစိုက်သင့်ပါတယ်။ ဘက်တီးရီးယားပိုးသေစေပြီး ဓာတုဗေဒပစ္စည်းတွေလည်း သိပ်မပါသလို အမွှေးရနံ့အရမ်းမပြင်းတဲ့ ဆပ်ပြာနဲ့ သေချာလျှော်ပေးရပါမယ်။

အတွင်းခံ ကို အသစ်လဲပေးပါ။

နေ့တိုင်းလိုလို ဝတ်ဆင်နေပြီး လိင်အင်္ဂါနဲ့ အမြဲထိတွေ့နေရတဲ့ အတွင်းခံဆိုတာ အကြာကြီးဝတ်လို့ မကောင်းတဲ့အရာပါ။ ဘယ်လောက်ကြာရင် တစ်ခါလဲရမလဲဆိုတာ အတိအကျ မရှိပေမယ့် တစ်နှစ်တစ်ကြိမ်လောက်တော့ အဟောင်းတွေကို လွှင့်ပစ်ပြီး အသစ်လဲသင့်ပါတယ်။ အထူးသဖြင့် အတွင်းခံတွေမှာ ဖားဥစွဲပြီး အမည်းစက်တွေ ကပ်နေတာ၊ အရောင်ပြယ်သွားတာ၊ ဆွေးမြေ့ပြီး အပေါက်အပြဲဖြစ်နေတယ်ဆိုရင်တော့ ဆက်ပြီးမဝတ်ပါနဲ့တော့။

အတွင်းခံဆိုတာလည်း အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဆက်စပ်အကျိုးပြုနေတဲ့ အရာဖြစ်တာကြောင့် သေချာရွေးဝယ်ဖို့နဲ့ အမြဲလိုလို သန့်ရှင်းနေအောင် ဂရုစိုက်ဖို့တော့ လိုမယ်နော်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Ye Myo Myat · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။