လူတော်တော်များများဟာ ကိုယ်လက်လေ့ကျင့်ခန်းတွေကို အကြောင်းအရင်း အမျိုးမျိုးနဲ့ လုပ်ကြပါတယ်။ သက်လုံကောင်းချင်လို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေဖို့၊ ဝိတ်ကျစေဖို့ စတဲ့ အကြောင်းအရင်း အမျိုးမျိုးနဲ့ပေါ့။ အချို့ကျတော့လည်း ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်ချင်လို့ပေါ့။ လေဒီလေးတွေ အများစုကတော့ ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်လှပစေဖို့အတွက် လေ့ကျင့်ခန်း လုပ်ကြတာ များပါတယ်။ လေ့ကျင့်ခန်း လုပ်တာက အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေအတွက်ပါ ကောင်းကျိုးများပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ လေ့ကျင့်ခန်း လုပ်တာကြောင့် အမျိုးသားတွေထက် ပိုပြီး ကောင်းကျိုးများတာတွေ ရှိနေပါသေးတယ်။ ဒါတွေက ဘာတွေများ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ လေ့လာလိုက်စို့နော်။
လေ့ကျင့်ခန်း ပုံမှန် လုပ်တာက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ တော်တော်လေး အရေးပါပါတယ်။ ကျန်းမာရေး ကောင်းစေသလို ခန္ဓာကိုယ် အချိုးအစားကိုလည်း ပြေပြစ် လှပစေပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး နာတာရှည် ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးသလို စိတ်ကျန်းမာရေးလည်း ကောင်းစေနိုင်ပါတယ်။
လေဒီလေးတွေထဲမှာလည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့ အမျိုးသမီးတွေ ပိုကျန်းမာပါတယ်။ တစ်နေ့ကို ကိုယ်လက်လေ့ကျင့်ခန်း မိနစ် ၃၀ ထက် မနည်း လုပ်ဆောင်တဲ့ လေဒီလေးတွေက တက်ကြွသွက်လက်နေပြီး ကျန်းမာရေးလည်း ကောင်းကြပါတယ်။ အသားအရေကစလို့ စိတ်ရောကိုယ်ပါ ကျန်းမာကြပါတယ်။
ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့ အမျိုးသမီးတွေ ပိုကျန်းမာပါတယ် လို့ ဆိုပေမယ့်လည်း လေဒီလေးတိုင်းက လေ့ကျင့်ခန်း လုပ်ဖြစ်လားဆိုတော့ မလုပ်ဖြစ်ကြပါဘူး။ လေဒီလေးတွေက အိမ်မှုကိစ္စတွေ၊ ကလေးတာဝန်နဲ့ အခြားသော တာဝန်ဝတ္တရားတွေကြောင့် လေ့ကျင့်ခန်းလုပ်ဖြစ်သူက အနည်းစုပဲ ရှိပါတယ်။ ဒီအနည်းစုထဲမှတောင် လေ့ကျင့်ခန်းကို နေ့တိုင်း လုပ်ဖြစ်သူက ခပ်ရှားရှားပါ။

လေဒီလေးတွေ အနေနဲ့ တစ်နေ့ကို မိနစ် ၃၀ လောက် လေ့ကျင့်ခန်း လုပ်ပေးမယ်ဆိုရင်
- ကိုယ်အလေးချိန် ထိန်းနိုင်မယ်
လေ့ကျင့်ခန်း လုပ်တာက အမျိုးသားတွေကိုရော အမျိုးသမီးတွေကိုပါ ဝိတ်ကျစေနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကတော့ အမျိုးသားတွေလောက် ကိုယ်အလေးချိန် ကျဖို့ မလွယ်ပါဘူး။ အထူးသဖြင့် မီးဖွားပြီး အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ချိန်ကာလက တက်နေတဲ့ ဝိတ်တွေကို ပြန်ချဖို့ ခက်ခဲတာမျိုး ရှိန်ုငမပါတယ်။
လေဒီလေးတွေအနေနဲ့ ကျန်းမာရေးပြဿနာတွေ ကင်းဝေးစေဖို့ဆိုရင် ကိုယ်ဝန်မဆောင်ခင်၊ ကိုယ်ဝန်ဆောင်ကာလအတွင်းနဲ့ မီးဖွားပြီးချိန်တွေမှာပါ သင့်တော်တဲ့ လေ့ကျင့်ခန်းလေးတွေကို လုပ်ဆောင်ပြီး ကိုယ်အလေးချိန် ထိန်းဖို့ လိုပါမယ်။