brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မိန်းမကိုယ်သန့်စင်ခြင်း အမှား (၇)ခု

မိန်းကလေးတွေမှာ မလှရင်တောင် သပ်သပ်ရပ်ရပ်လေးနေတတ်တာကလည်း သူတို့လေးတွေကို ကျက်သရေတိုးစေတဲ့အချက်ပါ။ ဒီအချက်တွေအပြင် မမွှေးရင်တောင် အနံ့အသက်ဆိုးတွေကင်းနေမယ်ဆိုရင် မိန်းကလေးတစ်ယောက်က နှစ်လိုဖွယ်ကောင်းတဲ့ မိန်းကလေးတစ်ယောက်လို့ပြောလို့ရပါတယ်နော်။ ဒီတော့လေဒီလေးအခုတွေးနေတာက ကိုယ့်ကိုကိုယ် အနံ့အသက်ဆိုးကင်းစေဖို့လား။ ဟုတ်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးမှာလေဒီလေးတို့ အနံ့အသက်ဆိုးကင်းအောင်လုပ်ရင် မှားတတ်တဲ့ အချက်လေးအချို့ပြောပြထားပေးတာကြောင့် ဆက်ကြည့်ရအောင်လား။

မိန်းမကိုယ်သန့်စင်ခြင်း အမှား (၇)ခု

အနံ့အသက်ဆိုးထွက်နိုင်တဲ့နေရာတွေ

လေဒီလေးတွေမှာ အနံ့အသက်ဆိုးအဓိကထွက်စေတဲ့နေရာတွေရှိပါတယ်နော်။ ဒါတွေကတော့-

အနံ့အသက်ဆိုးတွေကိုနှိမ်နှင်းဖို့ မဖြစ်မနေလုပ်ရမှာက တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာပါ။ ဒီလိုဂရုစိုက်တဲ့နေရာမှာ ခေါင်းအစခြေအဆုံး သန့်ရှင်းသပ်ရပ်နေအောင်လုပ်ရမှာဖြစ်ပြီး အရေးအကြီးဆုံး ဂရုစိုက်ပေးရမှာကတော့ မိန်းမကိုယ်သန့်ရှင်းရေးပါ။ ဒီလိုဂရုစိုက်ရာမှာ မှားယွင်းလုပ်မိတာတွေရှိနိုင်ပါတယ်။ အစဉ်အလာအရ ယုံကြည်လက်ခံလာတဲ့ မှားယွင်းတဲ့အချက်အလက်တွေရှိတယ်။ အခြားအရာတွေထက် မိန်းမကိုယ်သန့်ရှင်းရေးက အမှားခံလို့မဖြစ်ပါဘူး။ ဒီနေရာမှာ တစ်ခုခုမှားယွင်းသွားရင်ပေးဆပ်ရမှာကများပါတယ်။ မိန်းမကိုယ်သန့်စင်တဲ့အခါ ဘယ်လိုအမှားမျိုးတွေလုပ်နေကြမလဲဆိုတာ ကြည့်ရအောင်။

မိန်းမကိုယ်သန့်ရှင်းရာမှာ မှားယွင်းလုပ်မိနေနိုင်တဲ့ အချက်တွေ

ပိုသန့်ချင်တဲ့ဇောနဲ့ အနံ့ဆိုးကင်းချင်တဲ့ဇောနဲ့ အခုလိုအမှားလေးတွေလုပ်မိနေတယ်ဆိုရင်တော့ ဆက်မလုပ်ပါနဲ့လို့ပြောပါရစေနာ်။

(၁) မိန်းမကိုယ်ကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ဆေးကြောတာ

ဒီလိုမျိုးပွတ်တိုက်ဆေးကြောလိုက်လို့ ပိုသန့်မသွားပါဘူးနော်။ မိန်းမကိုယ်ကို ထိခိုက်မိတာပဲ အဖတ်တင်မှာပါ။ မိန်းမကိုယ်ကိုဆေးကြောသန့်စင်တဲ့အခါ ညင်ညင်သာသာလေးနှိပ်နယ်ဆေးကြောပေးတာက အထိရောက်ဆုံးသန့်စင်မှုပါနော်။ ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်ဆေးကြောတာက မိန်းမကိုယ်အရေပြားတွေကို ကျိန်းစပ်စပ်ဖြစ်စေနိုင်ပါတယ်နော်။

(၂) ဆပ်ပြာတွေသုံးတာ

မိန်းမကိုယ်ကို သန့်စင်တဲ့အခါ အနံ့ဆိုးတွေကင်းစေဖို့ဆိုပြီ ဆပ်ပြာတွေသုံးတာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်တာက မိန်းမကိုယ် အသားအရေကိုခြောက်သွေ့စေပြီး ယားယံမှုနဲ့ အခြားသောပြဿနာတွေကို ခံစားရနိုင် ကိုယ်တိုက်ဆပ်ပြာမွှေးတွေက ခန္ဓါကိုယ်ချွေးနံ့ပျောက်ဖို့ပဲ အဆင်ပြေတာပါ။ မိန်းမကိုယ် အနံ့ဆိုးပျောက်ဖို့ သုံးမယ်ဆိုရင်တော့ အနံ့ဆိုးမပျောက်တဲ့အပြင် မိန်းမကိုယ်က pH ပမာဏကို ထိခိုက်စေပြီး ဘက်တီးရီးယားတွေကိုပေါက်ဖွားစေနိုင်တာကြောင့် အနံ့အသက်ဆိုးကင်းဖို့ထက်ဖြစ်ပေါ်ဖို့ အားပေးသလိုဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် မိန်းမကိုယ်သန့်စင်တဲ့အခါ ဆပ်ပြာမသုံးပါနဲ့။ အမျိုးသမီးသန့်စင်ဆေးရည်လိုမျိုး မိန်းမကိုယ်သန့်စင်ဖို့ သီးသန့်ထုတ်ထားတဲ့ ပစ္စည်းမျိုးကို သုံးပေးပါ။

(၃) အမွှေးနံ့ပြင်းတဲ့ အရာတွေကို သုံးတာ

အနံ့ဆိုးကင်းချင်ဇောနဲ့ မိန်းမကိုယ်ကို သန့်စင်ဖို့ဆိုပြီး အမွှေးနံ့ပြင်းတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေကို အသုံးပြုတာကလည်း မိန်းမကိုယ်ကို ခြောက်သွေ့ယားယံစေပြီး အနံ့ဆိုးတွေကိုဖြစ်စေဖို့ အားပေးသလိုဖြစ်သွားနိုင်ပါတယ်။ မိန်းမကိုယ်ကို သန့်စင်ဖို့အတွက် အမျိုးသမီး သန့်စင်ဆေးရည်အသုံးပြုမယ်ဆိုရင်လည်း သဘာဝအနံ့ကိုသုံးထားပြီး အရောင်မပါတဲ့ Feminine Wash ကိုအသုံးပြုပေးရပါမယ်။ ဒါမှ မိန်းမကိုယ်ကအနံ့အသက်ဆိုးကင်းစင်နေစေမှာဖြစ်ပြီး မိန်းမကိုယ်ကိုရောဂါပိုးတွေ ဝင်ရောက်ကူးစက်မှုကနေလည်း အထိရောက်ဆုံးကာကွယ်ရာရောက်မှာပါ။

(၄) မိန်းမကိုယ်ကို အတွင်းပိုင်းထိဆေးကြောတာမျိုးမလုပ်ပါနဲ့

မိန်းမကိုယ်ကိုဆေးကြောတဲ့အခါ အပြင်ပိုင်းကိုပဲဆေးကြောရင်လုံလောက်ပါပြီ။ အတွင်းပိုင်းအထိဆေးကြောတာက မိန်းမကိုယ်ရဲ့ pH ပမာဏကိုထိခိုက်စေပြီး မိန်းမကိုယ်ကို ပိုးဝင်ကူးစက်နိုင်ခြေပိုများစေနိုင်ပါတယ်နော်။ ဒါကြောင့် မိန်းမကိုယ်သန့်စင်တော့မယ်ဆိုရင် အတွင်းပိုင်းအထိဆေးကြောသန့်စင်တာမျိုး မလုပ်ပါနဲ့။

(၅) ရေနွေးငွေ့ခံတာမျိုး မလုပ်ပါနဲ့

အချို့မိန်းကလေးတွေလုပ်တတ်တာတစ်ခုရှိသေးတယ် မိန်းမကိုယ်ကို သန့်စင်နေအောင်ဆိုပြီးရေနွေးငွေ့ခံပြီး သန့်စင်တာမျိုးပါ။ဆေးဖက်ဝင်တဲ့ဆိုတဲ့ အပင်တွေကိုတောင်ထည့်ပြုတ်ပြီးရေနွေးငွေ့ခံတာမျိုးလုပ်ကြပါတယ်။ ဒီလိုလုပ်တာက မိန်းမကိုယ်က အကျိုးပြုဘက်တီးရီးယားလေးတွေကိုပါသေစေနိုင်တာကြောင့်ကောင်းဖို့ဆိုတာထက် ဆိုးဖို့ပိုများသွားပါလိမ့်မယ်။

(၆) စပရေးသုံးတာ၊ အမွှေးနံ့ပါတဲ့ရေအိမ်သုံးတစ်သျှူးတွေသုံးပြီး သန့်စင်တာမျိုးမလုပ်ပါနဲ့

မိန်းမကိုယ်သန့်စင်တဲ့အခါ အနံ့အသက်ကင်းအောင်ဆိုပြီး စပရေးသုံးတာမျိုး အမွှေးနံ့ပါတဲ့ရေအိမ်သုံးတစ်သျှူးတွေသုံးတာမျိုးမလုပ်ပါနဲ့နော်။ အနံ့ဆိုးကို ယာယီကင်းစင်သွားစေနိုင်ပေမယ့် ဒါကကာလရှည်အတွက်တော့ အဆင်မပြေနိုင်ပါဘူး။

(၇) ရှေ့မှနောက်သို့ ဆေးကြောပါ

အိမ်သာသွားပြီးချိန်မှာ ရှေ့မှနောက်သို့ ဆွဲယူတဲ့ပုံစံနဲ့ဆေးကြောတာက မစင်များ မိန်းမကိုယ်နဲ့ ထိတွေ့ပြီး မိန်းမကိုယ်ထဲကိုဘက်တီးရီးယားပိုးဝင်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ပေးတာက မိန်းမကိုယ်ထဲကိုပြင်ပကဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင် ဟန့်တားပေးနိုင်ပါတယ်။

ကဲ အခုပြောခဲ့တာလေးတွေကို သိသွားပြီဆိုတော့ အခုကစလို့ မိန်းမကိုယ်လေးကိုသေသေချာချာနည်းလမ်းမှန်မှန်သန့်စင်မယ်ဟုတ်။ နှစ်လိုဖွယ်ကောင်းတဲ့လေဒီလေးတစ်ယောက်ဖြစ်ဖို့ အခုပြဲပင်ဆင်လိုက်ပါနော်……………………………………

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 09/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။