brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကင်ဆာမဟုတ်သည့် ရင်သားအကျိတ်

Breast Fibroadenoma ဆိုတာ ဘာလဲ

Breast Fibroadenoma ဆိုတာ ငယ်ရွယ်တဲ့အမျိုးသမီးတွေမှာ အဖြစ်များပြီး ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်တစ်မျိုးကို ခေါ်တာဖြစ်ပါတယ်။ အများအားဖြင့် ဒီအကျိတ်မျိုးဟာ လူကို ဒုက္ခမပေးတဲ့အပြင် ကုသမှုခံယူစရာမလိုဘဲ အလိုလို ပျောက်သွားတတ်ပါတယ်။ ကင်ဆာမဟုတ်တဲ့အတွက် အခြားအင်္ဂါအစိတ်အပိုင်းတွေဆီ ပျံ့နှံ့သွားမှာကိုလည်း စိတ်ပူစရာမလိုပါဘူး။ Fibroadenoma ရင်သားအကျိတ်တွေဟာ အရွယ်အစားသေးငယ်တဲ့ ခပ်မာမာအလုံးသဏ္ဍာန် ရှိနေတတ်ပြီး စမ်းသပ်ကြည့်ရင်လည်း သင့်ကို နာကျင်စေမှာ မဟုတ်ပါဘူး။

ကင်ဆာမဟုတ်သည့် ရင်သားအကျိတ်

Fibroadenoma ရင်သားအကျိတ် နှစ်မျိုးရှိပါတယ်။

ရိုးရိုး Fibroadenoma – ၎င်းတို့ကို အဏုမှန်ပြောင်းအောက်မှာ ခွဲခြမ်းစိတ်ဖြာစစ်ဆေးကြည့်ရင် ညီညီညာညာ တွေ့မြင်နိုင်မှာဖြစ်ပြီး ရင်သားကင်ဆာအဖြစ် ပြောင်းလဲသွားနိုင်ချေ မရှိပါဘူး

ရှုပ်ထွေးသည့် Fibroadenoma – ဒီအမျိုးအစား ရင်သားအကျိတ်တွေမှာတော့ သာမန်မျက်စိနဲ့မြင်နိုင်တဲ့ အရည်တွေ၊ အနည်ကျထားတဲ့ ကယ်လ်ဆီယမ်တွေ ပြည့်နေတဲ့ အကြီးစားအရည်အိတ်တွေ ပါဝင်ပါတယ်။

ဘာကြောင့် Fibroadenoma ရင်သားအကျိတ် ဖြစ်ရသလဲ

သိပ္ပံပညာရှင်တွေအနေနဲ့ Fibroadenoma ဖြစ်ရတဲ့ အကြောင်းအရင်းကို ရှင်းပြနိုင်ခြင်း မရှိသေးပေမယ့် အီစထရိုဂျင်ကဲ့သို့ ဟော်မုန်းတွေနဲ့ ဆက်စပ်မှုရှိမယ်လို့တော့ ယူဆထားပါတယ်။ အသက် ၂၀မတိုင်မီ သန္ဓေသားဆေး သောက်သုံးနေသူ အမျိုးသမီးတွေဟာ အခြားသူတွေထက်စာရင် Fibroadenoma ဖြစ်နိုင်ချေပိုများပါတယ်။ ဒီရင်သားအကျိတ်တွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ပိုကြီးလာနိုင်ပြီး မီးယပ်သွေးဆုံးချိန်မှာ ပြန်လည်ကျုံ့ဝင်သွားလေ့ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။

Fibroadenoma ရင်သားအကျိတ်ရှိမရှိ ဘယ်လိုသိနိုင်မလဲ

သင့်ဆရာဝန်အနေနဲ့ သင့်မှာ Fibroadenoma ရင်သားအကျိတ်ရှိမရှိ သိနိုင်ဖို့ သင့်ရင်သားတွေကို စမ်းသပ်စစ်ဆေးမှာဖြစ်ပြီး mammogram သို့မဟုတ် အခြားပုံဖော်စစ်ဆေးမှုတစ်ခုခု ပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။ အကယ်၍ သင့်မှာ ရင်သားအကျိတ် ရှိနေခဲ့မယ်ဆိုရင် ၎င်းအကျိတ်က အသားစအနည်းငယ်ယူပြီး ဓါတ်ခွဲခန်းမှာ စစ်ဆေးခြင်းအားဖြင့် ကင်ဆာဟုတ်မဟုတ် သိရှိနိုင်မှာ ဖြစ်ပါတယ်။

Fibroadenoma ရင်သားအကျိတ်ကို ဘယ်လိုဖယ်ရှားမလဲ

Fibroadenoma ရင်သားအကျိတ်တွေဟာ သင့်ကို ပြဿနာမပေးနိုင်ပေမယ့် သင်ဆန္ဒရှိရင်ဖြစ်စေ၊ သင့်မိသားစုရဲ့ ကျန်းမာရေးရာဇဝင်အရ ရင်သားကင်ဆာဖြစ်နိုင်ချေ များရင်ဖြစ်စေ ၎င်းအကျိတ်ကို ဖယ်ရှားပစ်နိုင်ပါတယ်။ Fibroadenoma ကို ခွဲစိတ်ဖယ်ရှားသင့်တဲ့ အခြေအနေတွေကတော့

အကျိတ်ကြောင့် သင့်ရင်သားပုံပျက်ခြင်း

အကျိတ်ကြောင့် နာကျင်မှုဝေဒနာ ခံစားရခြင်း

မိသားစုထဲတွင် ရင်သားကင်ဆာဖြစ်ဖူးသည့် ရာဇဝင်ရှိခြင်း

အသားစ စစ်ဆေးထားသည့်အဖြေမှာ စိုးရိမ်ရခြင်း

Fibroadenoma ကို ဖယ်ရှားလိုက်ပေမယ့် နောက်တစ်ကြိမ် ပြန်ဖြစ်လာနိုင်တယ်ဆိုတာကိုတော့ သတိပြုဖို့ လိုပါလိမ့်မယ်။

ရင်သားအကျိတ်ကို ခွဲစိတ်ဖယ်ရှားတဲ့အခါ အကျိတ်ရဲ့အနီးအနားက ရင်သားတစ်ရှူးတွေ ဆုံးရှုံးရဖို့ ရှိတဲ့အပြင် အရေပြားပေါ် အနာရွတ်ထင်ကျန်ပြီး ရင်သားကို ပုံပျက်စေနိုင်တဲ့အတွက် သင့်ရင်သားအကျိတ်ဟာ အရွယ်အစား ကြီးမလာဘူး ဒါမှမဟုတ် သူ့အလိုလို အရွယ်အစား ပြန်သေးသွားမယ်ဆိုရင် မခွဲမစိတ်ဘဲ ဒီအတိုင်းထားလိုက်တာက သင့်အတွက် ပိုကောင်းပါတယ်။

သတိပြုလိုက်နာရမည့်အချက်များ

Fibroadenoma ရင်သားအကျိတ်ရှိသူ အမျိုးသမီးတွေဟာ အခြားအမျိုးသမီးတွေထက်စာရင် ရင်သားကင်ဆာဖြစ်နိုင်ချေ အနည်းငယ်ပိုများပါတယ်။ ဒါကြောင့် သင့်မှာ Fibroadenoma ရင်သားအကျိတ်ရှိတယ်ဆိုရင် ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် သင့်ရင်သားမှာ ပြောင်းလဲမှုတစ်စုံတစ်ရာရှိမရှိ သိနိုင်ဖို့ မိမိဘာသာ မကြာခဏ စမ်းသပ်စစ်ဆေးကြည့်ဖို့ အကြံပြုလိုပါတယ်။ အကယ်၍ သင့်ရင်သားရဲ့ အရွယ်အစား၊ ပုံသဏ္ဍာန် ဒါမှမဟုတ် နဂိုရှိပြီးသား ရင်သားအကျိတ်တွေမှာ အပြောင်းအလဲတစ်ခုခု သတိပြုမိမယ်ဆိုရင် သင့်ဆရာဝန်ဆီ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Ye Mhan Linn · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။