brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Kegel exercise သို့မဟုတ် မျှော့ဆိုတာ တကယ်ရှိလား

 မျှော့ဆိုတာ တကယ်ရှိလား သို့မဟုတ် Kegel exercise

Kegel exercise သို့မဟုတ် မျှော့ဆိုတာ တကယ်ရှိလား

“မျှော့ပါတယ်” ဆိုတဲ့စကားဟာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အရပ်ထဲမှာတော့ အင်မတန်ခေတ်စားတဲ့စကားမျိူးဖြစ်ပါတယ်။ အများဆုံး ပြောကြတာကတော့ မျှော့ပါတဲ့အမျိုးသမီးဆိုတာ သပ်သပ်ရှိပြီး အဲဒီလိုအမျိုးသမီးမျိုးကို အမျိုးသားတွေစွဲလန်းကြတယ်ဆိုပြီးတော့ ပြောကြလေ့ရှိပါတယ်။ ဆေးပညာအမြင်အရကြည့်မယ်ဆိုရင်တော့ မိန်းမကိုယ်တဝိုက်ကကြွက်သားတွေ တောင့်တင်းသန်မာတာနဲ့ လျော့ရဲတာရယ်လို့နှစ်မျိုးပဲရှိပါတယ်။ မိန်းမကိုယ်တဝိုက်က ကြွက်သားတွေသန်မာတာကိုပဲ အရပ်ထဲမှာ မျှော့လို့ခေါ်ကြတာဖြစ်ပါတယ်။

Kegel exercise ဆိုတာကတော့ အဲဒီကြွက်သားတွေ ပြန်လည်သန်စွမ်းလာအောင်လုပ်တဲ့ လေ့ကျင့်ခန်းတွေကို ဆိုလိုတာဖြစ်ပါတယ်။ သားအိမ်၊ ဆီးအိမ်၊ အူနဲ့ စအိုတွေကိုထောက်ပံ့ထားတဲ့ တင်ပဆုံအတွင်းပိုင်းဆိုင်ရာကြွက်သားတွေကို သန်မာစေပါတယ်။ ဒီလို တင်ပဆုံအတွင်းပိုင်းနဲ့ မိန်းမကိုယ်တဝိုက်က ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့် ဆီးမထိန်းနိုင်တာကို ကာကွယ်ကုသပေးသလို အိမ်ထောင်ရေးသုခကိုလဲ ပြည့်စုံစေပါတယ်။ ဘယ်အချိန်ဘယ်နေရာမှာမဆို လုပ်လို့ရတဲ့ လေ့ကျင့်ခန်းမျိုးလဲဖြစ်ပါတယ်။

ဘာကြောင့် တင်ပဆုံအတွင်းပိုင်းကြွက်သားတွေ အားပျော့လာရတာလဲ

ဖြစ်စေနိုင်တဲ့အကြောင်းအချက်တွေအများကြီးရှိပါတယ်။ ကိုယ်ဝန်ဆောင်တာ၊ ကလေးမီးဖွားတာ၊ ခွဲစိတ်မှုခံယူထားရတာ၊ အသက်ကြီးတာ၊ ဝမ်းချုပ်တာ၊ နာတာရှည်ချောင်းဆိုးတာနဲ့ အဝလွန်တာတွေဟာ အဖြစ်များတဲ့အကြောင်းတွေပါ။

ဘယ်လိုအခြေအနေတွေမှာ မဖြစ်မနေလုပ်သင့်ပြီလဲ

 (၁) နှာချေခြင်း၊ ရယ်မောခြင်းနဲ့ ချောင်းဆိုးသောအခါ ဆီးထွက်ကျခြင်း

(၂) ဆီးသွားချင်စိတ်ပေါ်လာပြီဆိုတာနဲ့ မအောင့်နိုင်ဘဲ ထိန်းမရနိုင်အောင်သွားလိုစိတ်ေပါ်ခြင်း

(၃) ဝမ်းမထိန်းနိုင်ဖြစ်ခြင်း

အဲလိုအချက်တွေထဲက အနည်းဆုံးတစ်ချက်ရှိရင်တော့ သင်ဟာ kegel exercise ကို မဖြစ်မနေလုပ်သင့်တဲ့သူဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးပြီးချိန်တွေမှာလည်း ဖြစ်နေတဲ့ လက္ခဏာတွေ သက်သာဖို့ အန္တရာယ်ကင်းစွာ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းလည်းဖြစ်ပါတယ်။

 Kegel exercise ကို ဘယ်လိုလုပ်မလဲ

(၁) အသုံးပြုရမယ့် ကြွက်သားတွေကို ခံစားမှုနဲ့ သိအောင်လုပ်ပါ။ 

 တင်ပဆုံအတွင်းပိုင်းကြွက်သားတွေကို သင့်ကိုယ်သင်သေချာသိဖို့ဆိုရင် ဆီးသွားနေစဉ် ရုတ်တရက် ညှစ်ပြီးရပ်လိုက်ပါ။ အဲဒီလို ရပ်ဖို့ အသုံးပြုရတဲ့ ကြွက်သားတွေဟာ တင်ပဆုံအတွင်းပိုင်းကြွက်သားတွေပဲ ဖြစ်ပါတယ်။ ကြွက်သားတွေကို ခံစားသိနဲ့သိသွားပြီဆိုရင်တော့ အဲဒီကြွက်သားတွေကို ညှစ်လိုက်၊ ဖြည်းဖြည်းချင်းဖြေလျှော့လိုက်နဲ့ ဘယ်အချိန်၊ ဘယ်နေရာမှာမဆို kegel exercise ကိုသင်လုပ်လို့ရသွားပါပြီ။ အစပိုင်းမှာလွယ်ချင်ရင်တော့ လှဲလျောင်းနေစဉ်မှာလုပ်နိုင်ပါတယ်။

(၂) အာရုံ စူးစိုက်ထားပါ။ 

ပိုပြီးထိရောက်ဖို့ဆိုရင် တင်ပဆုံအတွင်းပိုင်းကြွက်သားတွေဆီမှာပဲ အာရုံစိုက်ထားပါ။ ဗိုက်ကြွက်သားတွေ၊ ပေါင်နဲ့ တင်ပဆုံအပြင်ဖက်ကြွက်သားတွေကို ကျုံ့ဆန့်မလုပ်မိအောင်သတိထားပါ။ အသက်ရှူမအောင့်ထားပါနဲ့။

 (၃) ပုံမှန်လုပ်ပေးပါ။

တင်ပဆုံအတွင်းပိုင်းကြွက်သား ကျုံ့ဆန့်တာကို တစ်ခါလုပ်ရင် ဆယ်ကြိမ်၊ ဆယ့်ငါးကြိမ်နဲ့ တစ်နေ့ကို သုံးကြိမ်လုပ်ပါ။

Kegel exercise ဘယ်အချိန်မှာလုပ်မလဲ

 Kkegel exerciseလုပ်တာဟာ သင့်ရဲ့တစ်နေ့တာ ပုံမှန်လုပ်ငန်းဆောင်တာထဲက တစ်ခုဖြစ်နေပါစေ။ ဘယ်အချိန်ဘယ်အခါမဆို စားပွဲပေါ်ထိုင်နေရင်းဖြစ်စေ၊ ဆိုဖာပေါ်လှဲနေရင်းဖြစ်စေ လုပ်လို့ရပါတယ်။

သိသာတဲ့ရလဒ်ကို ဘယ်အချိန်မှာရမလဲ

Kegel exercise ကို နေ့စဉ်မှန်မှန်သာလုပ်သွားမယ်ဆိုရင် ဆီးထိန်းနိုင်လာခြင်း၊ အိမ်ထောင်ရေးသုခပြည့်စုံလာခြင်း၊ မိမိ ပါတနာအမျိုးသားကို ပိုမိုကျေနပ်အားရစေခြင်း စတဲ့အကျိုးတွေကို ရက်သတ္တပတ်အနည်းငယ် ဒါမှမဟုတ် လအနည်းငယ်အတွင်းမှာပဲ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီအကျိုးတရားတွေအမြဲရနေဖို့ဆိုရင်တော့ Kegel exercise ကို သင့်ရဲ့တစ်နေ့တာပုံမှန်လုပ်ငန်းဆောင်တာတစ်ရပ်အဖြစ် ထည့်သွင်းလုပ်ဆောင်နေဖို့တော့ လိုအပ်ပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Seinn Moe Satt · 07/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။