
ဆေးလိပ်မသောက်သင့်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပေမယ့် ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေပိုများတယ်ဆိုတာ ထင်မထားလောက်ဘူးမဟုတ်လား။ သားအိမ်ခေါင်းမှာ ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ ပြောင်းလဲမှုတွေ ရှိနိုင်သူ အမျိုးသမီးတွေမှာဆေးလိပ်သောက်ရင် ကင်ဆာအဆင့်ထိရောက်လာနိုင်ခြေ ၇၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။ စီးကရက်ရဲ့ကာစီနိုဂျင်တွေ အမျိုးသမီး သားအိမ်ခေါင်းအချွဲမှာတွေ့ရတယ်လို့ သုတေသနတွေကတွေ့ရှိခဲ့ပါတယ်။
ဆီးချိုရောဂါက ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် အဲဒီထဲမှာ မိန်းမကိုယ်လည်းပါမယ်လို့ အမျိုးသမီးတွေ ထင်မထားလောက်ပါဘူး။ တကယ်တော့ မှိုပိုးဝင်ခြင်း ပိုများလာတာက အမျိုးသမီးတွေမှာ ဆီးချိုသွေးချိုဖြစ်နေကြောင်း ကနဦးလက္ခဏာဖြစ်နေနိုင်ပါတယ်။သွေးတွင်းသကြားဓာတ်ပမာဏမြင့်တက်နေတဲ့အခါ အထူးသဖြင့် မိန်းမကိုယ်တစ်ရှူးတွေအတွင်းမှာ မှိုပိုးတွေပေါက်ဖွားရှင်သန်ရာတစ်ခုဖန်တီးသလိုဖြစ်စေနိုင်ပါတယ်။ ဆီးချိုမထိန်းနိုင်တဲ့ အမျိုးသမီးတွေမှာ မှိုပိုးဝင်ခြင်း အမြဲလိုလိုဖြစ်နေလို့ အတော်ဒုက္ခရောက်ရပါတယ်။
ဗိုက်ပိုပူလာလေ၊ ဆီးအိမ်၊ မိန်းမကိုယ် နဲ့ တင်ပါးဆုံအောက်ပိုင်းကြွက်သားတို့အပေါ် အလေးချိန်ဖိအားပိုများလေဖြစ်ပါတယ်။ ဒီလိုပိုလေးလံလာတဲ့ ဖိအားအကုန်လုံးက တင်ပါးဆုံအောက်ပိုင်းအစိတ်အပိုင်းများကျွံကျခြင်းလက္ခဏာတွေဖြစ်လာစေပြီးချောင်းဆိုး၊နှာချေရင်ဆီးထွက်တာမျိုးဖြစ်စေပါတယ်။ အဝလွန်ခြင်းက ကိုယ်ဝန်ရဖို့ခက်ခဲစေနိုင်သလို ကိုယ်ဝန်ဆိပ်တက်ခြင်းလို ကိုယ်ဝန်နောက်ဆက်တွဲပြဿနာတွေဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်။ သင့်ရဲ့ BMI က ၄၀ကျော်နေရင် ကိုယ်ဝန်နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ခြေကဆေးလိပ်သောက်သူထက် ပိုများပါတယ်။
တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးတာမှန်ပါတယ်။ ဒါပေမယ့် လွန်ကဲရင်လည်းဘေးဖြစ်နိုင်တာ သတိရပါ။ မိန်းမကိုယ်နှုတ်ခမ်းသားနဲ့ အဝကိုရေချိုးတဲ့အခါ ဆပ်ပြာအပျော့စားနဲ့ဆေးကြောသင့်ပေမယ့် အတွင်းပိုင်းကိုတော့ အထူးတလည်ဆေးကြောသန့်စင်ဖို့မလိုပါဘူး။ သန့်စင်ဆေးရည်တွေသုံးပြီး အဝနားကိုပဲဆေးကြောပါ။ အရမ်းကိုသန့်ချင်လို့၊ မွှေးကြိုင်နေချင်လို့ အတွင်းကိုဆေးကြောတာ၊ အဆီတွေ၊ဆေးဖက်ဝင်တွေသုံးတာ၊ရေနွေးငွေ့ပေးတာ၊ ပန်းသီးရှလကာရည်သုံးတာ၊စတဲ့ တခြားနည်းလမ်းစုံနဲ့ အတင်းကာရော မသန့်စင်ပါနဲ့။ မိန်းမကိုယ်ရဲ့နဂိုသဘာဝမှာကို အကျိုးပြုဘက်တီးရီးယားလေးတွေနဲ့ ကာကွယ်မှုစနစ်တည်ဆောက်ထားပြီးရောဂါပိုးကို တားဆီးနိုင်ပါတယ်။
မိန်းမကိုယ်နဲ့ အစာဟောင်းအိမ်ဟာ အရမ်းကိုနီးကပ်တဲ့အစိတ်အပိုင်းတွေပါ။ နံရံလေးတစ်ခုသာခြားတာမို့ ကာလတာရှည်ဝမ်းချုပ်တာ၊ ညှစ်ရတာ များလာရင် အဲဒီနံရံကို အားနည်းစေပြီးrectocele လို့ခေါ်တဲ့ အစာဟောင်းအိမ်ကျခြင်း ကိုဖြစ်လာစေနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် တင်ပါးဆုံအောက်ပိုင်းမှာဖိအားတွေဖြစ်လာမယ်၊ လိင်ဆက်ဆံရင်နာကျင်မယ်၊ ဝမ်းသွားရပိုခက်ခဲလာစေနိုင်တယ်။ ဝမ်းချူပ်တတ်တယ်ဆို ရေများများသောက်ပါ၊ အသီးအရွက်နဲ့ အမျှင်ဓာတ်များများစားပါ။ လိုအပ်ရင် ဆရာဝန်ပြပြီး ဝမ်းပျော့ဆေးသောက်ရပါမယ်။
ကိုယ်လက်လေ့ကျင့်ခန်းတွေက နှလုံး၊ ကြွက်သားနဲ့စိတ်ခံစားချက်တွေအတွက် နည်းလမ်းကောင်းဖြစ်ပေမယ့် ချွေးစိုနေတဲ့ အားကစားဝတ်စုံနဲ့ ကြာကြာနေတာက မိန်းမကိုယ်အတွက်မကောင်းပါဘူး။ ကျပ်ကပ်နေတဲ့အပြင် ချွေးကရွှဲနေသေးတော့ မိန်းမကိုယ်မှိုပိုးတွေနဲ့ဘက်တီးရီးယားတွေအတွက် အိမ်ဆောက်ပေးထားသလိုဖြစ်စေပါတယ်။ရေကူးဝတ်စုံနဲ့ ကြာကြာနေခြင်းကလည်း(ရေကူးကန်ထဲက တက်လာချိန်) အလားတူပါပဲ။ ဒါ့ကြောင့်လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ ရေချိုးမသန့်စင်နိုင်သေးတောင် တတ်နိုင်သလောက်အမြန်ဆုံး အဝတ်အစားလဲသင့်ပါတယ်။
ကဲ ဒီအချက်တွေ သိရပြီဆိုတော့နောက်ဆို သတိထားတော့နော်။ Hello ရဲ့လေဒီတို့ကို ကျန်းမာလန်းဆန်းတဲ့ ပန်းကလေးတွေဖြစ်နိုင်စေဖို့ အကြံပြုပေးလိုက်ပါတယ်။