ရနံ့မွှေးမွှေးလေးနဲ့ အသားကိုနူးညံ့စေတဲ့ ရေချိုးဆပ်ပြာလေးနဲ့ရေချိုးတယ်၊ ခြေထောက်နဲ့ လက်ကို သေချာသန့်စင်တယ်၊ အရည်အသွေးကောင်းတဲ့ မျက်နှာသစ်ဆေးသုံးတယ်၊ရေဓါတ်ထိန်းဖို့ အစိုဓာတ်ထိန်းတာတွေ၊ လိုးရှင်းတွေလူးတယ်၊ ခေါင်းလျှော်တဲ့အခါလည်း ဆံသားအတွက် ဂရုတစိုက်ပေါင်းတင်ရသေးတယ်။ ရောဂါပိုးမွှားကင်းစင်ပြီး အမြဲလန်းဆန်းသန့်ရှင်းနေဖို့အတွက် မိန်းကလေးတစ်ယောက်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးက ဒီလောက်နဲ့မပြီးသေးပါဘူး။ တစ်ခုကျန်နေသေးတာက မိန်းကလေးတွေရဲ့ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်ဖြစ်တဲ့ မိန်းမကိုယ်သန့်ရှင်းရေးပါပဲ။

မိန်းကလေးဆိုတာ ဘယ်အရွယ်ပဲဖြစ်ဖြစ် မိန်းမကိုယ်မှာသန့်ရှင်းနေဖို့နဲ့ ရောဂါပိုးမဝင်ဖို့ကို ဂရုစိုက်သင့်ပါတယ်။ မိန်းမကိုယ်လေးက အထိခိုက်မခံနိုင်အောင် နုနယ်တဲ့အစိတ်အပိုင်းဖြစ်ပေမယ့် သန့်ရှင်းကျန်းမာရေးအတွက်ထိန်းသိမ်းရတာ သိပ်ရိုးရှင်းပါတယ်။
အနံ့ဆိုးကင်းပြီး သန့်ရှင်းကျန်းမာတဲ့ မိန်းမကိုယ်ဖြစ်ဖို့က ညင်သာတဲ့ပုံမှန်သန့်ရှင်းရေးတစ်ခုပဲလိုအပ်ပါတယ်။ သန့်စင်တဲ့ရေ နဲ့ အရည်အသွေးကိုဘေးကင်းစိတ်ချရတဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်ရှိရင်ရပါပြီ။ သန့်ရှင်းချင်တာက ဟုတ်ပါပြီ၊ သန့်စင်ပေးတဲ့နေရာမှာ အမှားအယွင်းရှိနေရင်လည်း မလိုလားအပ်တဲ့ဆိုးကျိုးတွေတောင်ဖြစ်လာနိုင်တာမို့ ဆောင်ရန်ရှောင်ရန်လေးတွေ သိထားသင့်တယ်နော်။
တစ်နေ့တစ်ကြိမ်တော့ သန့်စင်တဲ့အလေ့အကျင့်လုပ်ပါ
ရေချိုးတဲ့အခါ၊ အိမ်သာဝင်တဲ့အခါ သန့်စင်ကြတယ်ဆိုပေမယ့် မိန်းမကိုယ်ကိုပဲ ကြက်သီးနွေးရေ ဒါမှမဟုတ် သန့်စင်ဆေးရည်နဲ့ တစ်ကြိမ်လောက်တော့သေချာသန့်စင်ပေးဖို့လိုအပ်ပါတယ်။ မဟုတ်ရင်ချွေးတွေ၊ အညစ်အကြေးတွေ ကပ်ငြိကျန်နေနိုင်လို့ရောဂါပိုးတွေဖြစ်ပေါ်ဖို့လွယ်ကူစေပါလိမ့်မယ်။ ဒါပေမယ့် တစ်ကြိမ်၊နှစ်ကြိမ်ထက်မက မကြာခဏ သန့်စင်ဆေးရည်သုံးတာ၊ ဆပ်ပြာသုံးတာဆိုရင်တော့ မိန်းမကိုယ်ရဲ့သဘာဝကာကွယ်မှုစနစ်ကို ပျက်ယွင်းစေနိုင်ပါတယ်။
ဆပ်ပြာမသုံးပါနဲ့
ဆပ်ပြာတွေမှာ အက်စစ်ဓာတ်ပါဝင်မှုများတာကြောင့် နုနယ်တဲ့မိန်းမကိုယ်အသားအရေအတွက် ပြင်းလွန်းပါတယ်။ ဆပ်ပြာ၊ အမွှေးရနံ့တွေနဲ့ဆိုးဆေးတွေမပါဝင်တဲ့ သန့်စင်ဆေးရည်ကိုသာ အသုံးပြုပါ။ ဆပ်ပြာကြောင့် လောင်တာ၊ ခြောက်သွေ့တာ စတဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။
ရေမချိုးဖြစ်ရင်တောင် သန့်စင်ပေးသင့်ပါတယ်
အေးတဲ့ရာသီမို့ ၊နေမကောင်းလို့၊ ခရီးသွားနေရလို့ စသည်ဖြင့် အကြောင်းတစ်ခုခုကြောင့်ရေမချိုးဖြစ်တဲ့အခါ ပုံမှန်သန့်စင်ပေးသင့်ပါတယ်။ ရာသီလာနေချိန်ဖြစ်ခဲ့ရင် သန့်ရှင်းရေးက ပိုအရေးကြီးပါတယ်။
အရှေ့ကနေ အနောက်ကိုပဲ ဆေးကြောပါ
မိန်းမကိုယ်သန့်စင်တဲ့အခါ အနောက်ကနေ အရှေ့ကိုဆေးကြောလိုက်ရင် စအိုကနေ မိန်းမကိုယ်ကို ဘက်တီးရီးယားတွေ ပျံ့နှံ့ရောက်ရှိဖို့ သိပ်လွယ်ပါတယ်။ ဒါ့ကြောင့် မိန်းမကိုယ်သန့်စင်တဲ့အခါမှာရော၊ အိမ်သာမှာ သန့်စင်တဲ့အခါမှာရော အရှေ့ကနေအနောက်ကိုပဲ ဆေးကြောသန့်စင်ပါ။ အရောင်မပါ၊ အမွှေးနံ့မပါတဲ့ တစ်ရှူးကိုပဲသုံးပါ။
အမွှေးနံ့တွေနဲ့ အနံ့ဆိုးပျောက်ဆေးတွေပါတာမျိုး မသုံးပါနဲ့
မိန်းမကိုယ်မှာက အနံ့တစ်ခုခုရှိတတ်တာ သဘာဝပါပဲ။ပြဿနာတစ်ခုခုမရှိဘဲနဲ့တော့ အနံ့ဆိုးတွေမထွက်ပါဘူး။ အနံ့ဆိုးထွက်နေပြီဆိုရင်တော့ ရောဂါပိုးတစ်ခုခုဝင်နေပြီဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။
ပွတ်မသုတ်ဘဲ အဝတ်နုနဲ့ တို့သုတ်ပါ
ရေချိုးပြီးတဲ့အခါ၊ ဆေးကြောသန့်စင်ပြီးတဲ့အခါ မိန်းမကိုယ်ကို မပွန်းစေဖို့ တဘက်သို့မဟုတ် အဝတ်နုနဲ့ ညင်သာစွာ တို့သုတ်ပါ။
ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ ပါဝင်ပစ္စည်းမပါတာကိုရွေးပါ
မိန်းမကိုယ်သန့်စင်ဆေးရည်သုံးတဲ့အခါ ဓာတ်မတည့်မှုတွေ၊ အရေပြားထိခိုက်မှုတွေ ဖြစ်နိုင်တဲ့ပါဝင်ပစ္စည်းတွေမပါဖို့ အရေးကြီးပါတယ်။ သဘာဝပါဝင်ပစ္စည်းတွေနဲ့ထုတ်လုပ်ထားတာကိုသာရွေးချယ်ပါ။ ကိုယ်နဲ့ အသင့်တော်ဆုံးဖြစ်မယ့် Feminine wash ကို ပါဝင်ပစ္စည်းတွေကို သေချာကြည့်လို့ဝယ်ယူဖို့ပြောပါရစေ။