brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သားဥအိမ်အတွင်း ရေအိတ်တည် ခြင်းအတွက် ကုသမှုများ

သားဥအိမ်အတွင်း ရေအိတ်တည် တယ်ဆိုတာ ဘာလဲ။ ဘာကြောင့်ဖြစ်တာလဲ။ ရောဂါလက္ခဏာတွေနဲ့ ကုသမှုတွေက ဘာတွေလဲ။ ခုဆောင်းပါးမှာ ဒါနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပေးသွားမှာပါ။

သားဥအိမ်အတွင်း ရေအိတ်တည် ခြင်းအတွက် ကုသမှုများ

သားဥအိမ်အတွင်း ရေအိတ်တည် တယ် (ovarian cysts) ဆိုတာ ဘာလဲ။

Ovarian cysts ဆိုတာ အရည်ကြည်ဖုလိုမျိုး အရည်တွေပြည့်နေတဲ့ အိတ်ကို ဆိုလိုတာပါ။ Ovrarian cysts တွေကို သားအိမ်ရဲ့ တစ်ဖက်တစ်ချက်မှာရှိတဲ့ ဗာဒံစေ့နဲ့တူတဲ့ သားဥအိမ်တွေမှာ တွေ့ရတတ်ပါတယ်။

Ovarian cysts တွေ အများစုက လူနာရဲ့ နေ့စဉ်လှုပ်ရှားမှုနဲ့ လူနေမှုပုံစံတွေကို ထိခိုက်စေတာမျိုး မရှိပါဘူး။ အန္တရာယ်လည်း မပေးပါဘူး။ တချို့လူတွေမှာ ဘယ်ကုသမှု၊ ဆေးတွေရဲ့ အကူအညီမလိုဘဲ ပျောက်ကင်းတတ်ပါတယ်။ တချို့တွေမှာတော့ ovarian cysts ဟာ မြုံတာနဲ့ ဆက်စပ်နိုင်ပါတယ်။

Ovarian cystsအတွက် ကုသလေ့ရှိတဲ့ နည်းလမ်းများ

Ovarian cysts ကုသမှုတွေဟာ သူ့ရဲ့ အမျိုးအစား၊ အရွယ်အစား၊ လူနာရဲ့ အသက်၊ ယေဘုယျ ကျန်းမာရေးအခြေအနေ၊ သူရဲ့ အနာဂတ်အတွက် ကိုယ်ဝန်ဆောင်မှု အစီအစဉ်၊ ခံစားရတဲ့ ရောဂါလက္ခဏာတွေ စတဲ့ အချက်အလက်အမျိုးမျိုးအပေါ် မူတည်နိုင်ပါတယ်။

တကယ်လို့ သင့်မှာ ovarian cysts ရှိတယ်လို့ သံသယဖြစ်တယ်ဆိုရင် သင့်တော်တဲ့ ကုသမှုနဲ့ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်တွေ ရရှိဖို့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသပါ။ စောစောသိလေ သင့်အတွက် ကုသရ သက်သာလေပါပဲ။

သင့်အတွက် အကောင်းဆုံး အကြံပြုလိုတာကတော့ တစ်နှစ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက် သင့်ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးပါ။ ဒါမှ ကျန်းမာရေးကောင်းမကောင်း၊ ပုံမှန်အလုပ်လုပ်မလုပ် သိနိုင်မှာပါ။

ရောဂါလက္ခဏာ မခံစားရတဲ့ အမျိုးသမီးငယ်လေးတွေကိုတော့ ဒီ ovarian cysts တွေ သူ့ဘာသာပျောက်လား မပျောက်လား ဆိုတာ သိဖို့ ၂လ ၃လလောက် စောင့်ကြည့်ဖို့ အကြံပေးတတ်ပါတယ်။

အများစုမှာ ovarian cysts တွေက သူ့ဘာသာ ပျောက်ကွယ်သွားတတ် ကြပါတယ်။ ပြောလိုတာက ဒါအတွက် ဘယ်လို ဆေး၊ ကုသမှုတွေကိုမှ မလိုအပ်ပါဘူး။

တခြားတစ်ဖက်မှာတော့ တချို့ ovarian cysts တွေက သူ့ဘာသာ မပျောက်သွားပါဘူး။ အဲ့လို ovarian cysts တွေကို သေးငယ်သွားစေဖို့ ဟော်မုန်းဆေး၊ တခြားသောက်ဆေး စတာတွေကို ညွှန်ပါတယ်။

တချို့အခြေအနေမှာ ovarian cysts တွေက ဆေးသောက်လို့ မသက်သာတာမျိုး ရှိတတ်ပါတယ်။ စောင့်ကြည့်ပေမယ့်လည်း အလိုလို ပျောက်သွားတာမျိုး မရှိပါဘူး။ တော်တော်လည်း အရွယ်အစား ကြီးလာတယ်ဆိုရင်တော့ ခွဲစိတ်ဖို့ လိုအပ်လာနိုင်ပါတယ်။

ဒီလို ovarian cysts တွေကတော့ သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး နေ့စဉ် ဘဝကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ovarian cysts ရဲ့ ရောဂါလက္ခဏာတွေ သတိထားမိတာ သို့မဟုတ် ရှိတယ်လို့ သံသယရှိတယ် ဆိုရင်တော့ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်၊ လမ်းညွှန်မှု၊ ကုသမှုတွေ အတွက် ဆရာဝန်ဆီကို မဆိုင်းမတွ သွားရောက်ဖို့ လိုပါတယ်။

ရေးသားသူ-Wuthun Myat Chal

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Hello Sayarwon Panel · 06/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။