မုတ်သုံမိုးနဲ့အတူ မမျှော်လင့်တဲ့အရာတွေတော်တော်များများပါလာတတ်ပါတယ်။ မုတ်သုံမိုးကြောင့် အအေးမိတုပ်ကွေးဖြစ်တာ၊ အရေပြားပြဿနာဖြစ်တာအပြင်လေဒီလေးတွေမှာ ကြုံရနိုင်တဲ့ပြဿနာတစ်ခုရှိပါသေးတယ်။ ဒါကတော့ အဖြူဆင်း တာပါ။ ဒီပြဿနာက လေဒီလေးတွေကို ယုံကြည်မှုလျော့စေတဲ့ အချက်တစ်ခုဆိုလည်း မမှားပါဘူး။ ဒီတော့ မုတ်သုံမှာ အဖြူဆင်းများတာ ခံစားရတဲ့အခါ ဘယ်လိုသက်သာအောင်လုပ်ကြမလဲဆိုတဲ့နေထိုင်စားသောက်မှုပုံစံအကြောင်းလေးဆွေးနွေးရအောင်လား။
မိုးရာသီမှာ ဘာကြောင့် အဖြူဆင်းများတာ ဖြစ်ရတာလဲ…..
အဖြူဆင်းတာ က ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်တစ်ခုဆိုပေမယ့် မိုးရာသီမှာက ပိုအဖြစ်များပါတယ်။ အကြောင်းကတော့မိုးရာသီမှာမှိုပိုးကူးစက်နိုင်ခြေများတာကြောင့် မှိုကြောင့်ဖြစ်တဲ့ အဖြူဆင်းများတာ ကိုခံစားရနိုင်ခြေပိုများရတာပါ။ အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါထဲမှာ အမြဲလိုလိုမှိုပိုးအနည်းငယ်ရှိနေတတ်ပေမယ့် မှိုပိုးပေါက်ပွားမှုပမာဏတအားများလာတဲ့အခါမှသာ ရောဂါလက္ခဏာတွေပေါ်လာတာပါ။ မိုးရာသီမှာ အဖြူဆင်းခြင်းကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းကတော့ အတွင်းခံဘောင်းဘီတွေကသေချာခြောက်သွေ့မှုမရှိတာကြောင့်ပါ။
တွေ့ရများတဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ….
တွေ့ရများတဲ့ မိန်းမကိုယ်မှိုပိုးကူးစက်မှုရောဂါလက္ခဏာတွေက
- ယားယံတာ
- ပူစပ်ပူလောင်ဖြစ်တာ
- မိန်းမကိုယ်မှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ
- လိင်ဆက်ဆံစဉ်နာကျင်တာမျိုးတွေဖြစ်ပါတယ်။ မကြာခဏ အဖြူဆင်း နေမယ်ဆိုရင်တော့ မှိုပိုးကူးစက်ခံထားရတာဖြစ်နိုင်ပါတယ်။
ဘာတွေကြောင့် မှိုပိုးကူးစက်ခံရတာလဲ…..
ဒီအခြေအနေတွေကြောင့် မှိုပိုးကူးစက်ခံရတာပါ။
- မိန်းမကိုယ်သုံးပဋိဇီဝဆေးတွေအသုံးပြုနေရခြင်း
- ကိုယ်ဝန်ဆောင်ခြင်း
- ဆီးချိုရှိနေခြင်း
- ကိုယ်ခံအားနည်းခြင်း
- အချိုဓါတ်လွန်ကဲတဲ့အစားအစာများကိုစားသုံးခြင်း
- ရာသီစက်ဝန်းနီးလာတာကြောင့် ဟော်မုန်းမညီမျှခြင်း
- စိတ်ဖိစီးမှုများခြင်း
- အိပ်ရေးပျက်ခြင်း
- သန့်ရှင်းမှုအားနည်းသော အတွင်းခံဝတ်ဆင်ခြင်း
- အတွင်းခံကျပ်ကျပ်တွေ ဝတ်ဆင်ခြင်း တို့ကြောင့် မှိုပိုးကူးစက်ခံရပြီး အဖြူဆင်းတဲ့ပြဿနာကိုဖြစ်စေနိုင်ပါတယ်။
ကာကွယ်တာက အကောင်းဆုံးနည်းလမ်းပါ။ မှိုပိုးတွေဖြစ်ပေါ်မှုကြောင့် အဖြူဆင်း တာမျိုးမဖြစ်စေဖို့ဆိုရင် အစားအသောက်ကိုဂရုစိုက်ဖို့လိုသလိုနေထိုင်မှုပုံစံကိုလည်း ဂရုစိုက်ရမှာပါ။
အစားအသောက်
ပဲနံ့သာစေ့– အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။ရေနွေးပူပူထဲကို ရေစင်စင်ဆေးထားတဲ့ ပဲနံ့သာစေ့ထည့်ပြီး နာရီဝက်လောက်စိမ်ထားပေးပါ။ပြီးရင် အအေးခံပြီးသောက်လိုက်ပါ။
ရုံးပတီသီး– အဖြူဆင်းတာကို သက်သာစေတဲ့ အသီးအနှံတစ်မျိုးပေါ့။ရေနွေးဆူဆူထဲမှာ ရုံးပတီသီးကိုထည့်ပြုတ်ပြီး တို့စားလို့ရသလို အချဉ်ရည်နဲ့တို့စားလို့လည်းရပါတယ်။
ဒိန်ချဉ်– ဒိန်ချဉ်ကအကျိုးပြုဘက်တီးရီးယားတွေပါက်ဖွားစေဖို့ အားဖြည့်ပေးပါတယ်။ ဒါ့အပြင် ဘက်တီးရီးယားကြောင့် အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။
နံနံစေ့– နံနံစေ့က အဖြူဆင်း တာကို သက်သာစေနိုင်ပါတယ်။ နံနံစေ့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကိုရေတစ်ခွက်ထဲမှာ တစ်ညစိမ်ထားပြီးနောက်နေ့မနက်စောစော ဘာမှမစားရသေးခင်မှာသောက်ချလိုက်ပါ။
သလဲသီး– သလဲသီးကအရသာရှိသလို ကျန်းမာရေးအကျိုးကျေးဇူးလည်းများပါတယ်။ အမျိုးသမီးတွေအနေနဲ့ အဖြူဆင်းတာကို သက်သာစေဖို့ သလဲသီးကို စားသုံးပေးလို့ရပါတယ်။ သလဲသီးကို အစေ့ကိုပါစားပေးလို့ရပါတယ်။
ပင်စိမ်း–ဆေးဖက်ဝင်တဲ့ အပင်အဖြစ်လက်ခံထားကြတာပါ။ ပင်စိမ်းရွက်ကိုရေနွေးထဲထည့်သောက်တာဖြစ်ဖြစ် ပျားရည်နဲ့ရောကြိတ်ပြီးသောက်တာဖြစ်ဖြစ်သောက်လို့ရပါတယ်။ အဖြူဆင်းတာကို သက်သာစေမှာပါ။
ချင်း– ချင်းလေးတွေကို ပါးပါးလှီးပြီးရေနွေးဆူဆူထဲ နာရီဝက်လောက်ထည့်စိမ်ပြီးသောက်ပေးမယ်ဆိုရင် အဖြူဆင်းတာကို သက်သာစေမှာပါ။
ငှက်ပျောသီး– ငှက်ပျောသီးမှာ သတ္တုဓါတ်တွေများစွာပါဝင်သလိုရောဂါတွေကိုတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။နေ့တိုင်း ငှက်ပျောသီးမှည့် တစ်လုံး ဒါမှမဟုတ် ၂ လုံးစားပေးပါ။
အနေအထိုင်
- ချည်သားအတွင်းခံကိုသာဝတ်ဆင်ပါ။
- အတွင်းခံကိုရေနွေးနဲ့လျှော်ပါ။
- အမျိုးသမီးလစဉ်သုံးဂွမ်းထုတ်ကိုမကြာခဏလဲလှယ်ပေးပါ။
- ဘောင်းဘီကျပ်ကျပ်တွေမဝတ်ပါနဲ့
- အမွှေးနံ့ပါတဲ့ ဂွမ်းတောင့်တွေ ၊ ဂွမ်းထုတ်တွေကို မသုံးပါနဲ့။
- စိုနေတဲ့အဝတ်တွေမဝတ်ထားပါနဲ့။
- ရေပူနဲ့ရေချိုးတာ၊ ရေပူကန်ထဲစိမ်တာမျိုးမလုပ်ပါနဲ့။
- တစ်နေ့နှစ်ကြိမ်ရေချိုးပါ။
- လက်ကိုမကြာခဏဆေးကြောပေးပါ။
- အမျိုးသမီးသန့်စင်ဆေးရည်သုံးပြီးဆေးကြောသန့်စင်ပေးပါ။
- အမွှေးနံ့ပါတဲ့ဆပ်ပြာတွေကိုသုံးပြီး အမျိုးသမီးအင်္ဂါကိုသန့်စင်တာမျိုးမလုပ်ပါနဲ့။
- စိတ်ဖိစီးမှုကိုဖြေလျော့ပါ။
- အိပ်ရေးဝအောင်အိပ်ပါ။
ဒီဆောင်းပါးလေးအတိုင်း လိုက်နာလို့ မုတ်သုံရာသီမှာ အဖြူဆင်းတဲ့ပြဿနာ မခံစားရအောင် ကိုယ့်ကိုယ်ကို ဂရုစိုက်လိုက်ပါလေဒီလေးတို့ရေ……..