ရာသီ (ဓမ္မတာ) နဲ့ ပက်သက်တဲ့အကြောင်းများစွာ ကြားဖူးကြမှာပါ။
ရာသီ (ဓမ္မတာ) နဲ့ ပက်သက်တဲ့အကြောင်းများစွာ ကြားဖူးကြမှာပါ။

ရာသီသွေး ထိန်လို့၊ ရာသီ သွေးဆင်းတာ များလို့ နည်းလို့၊ ရာသီသွေးပေါ်ရင် ကိုက်ခဲလို့ ရာသီသွေးဆင်းတဲ့ ရက်များလို့။ ရာသီသွေးဆင်းတဲ့ ရက်နည်းလို့ ဆိုပြီး ပြဿနာ အမျိုးမျိုးကြားဖူးကြမှာပါ။ ကြားဖူးနေကြဖြစ်တဲ့အတွက် ဒီပြဿနာတွေအကြောင်းကို အားလုံး သိပြီးနေကြလောက်ပါပြီ။ ဒီဆောင်းပါးထဲမှာတော့ ဓမ္မတာနဲ့ ပက်သက်တဲ့ အပေါ်ကပြဿနာတွေ မဟုတ်ဘဲနောက်တစ်ခုဖြစ်တဲ့ တစ်လတည်း ရာသီ ၂ ခါလာတဲ့ အကြောင်းကို ပြောပြချင်ပါတယ်။
ဒီလို တစ်လတည်း ရာသီ ၂ခါလာတာ ရာသီသွေးဆင်းတဲ့ ရက်များတာနဲ့ မတူပါဘူး။ ပုံမှန်ဆို ၂၈ ရက်ရာသီစက်ဝန်းရှိတဲ့ သူက ၂၈ ရက်ကြာရင် တစ်ခါ၊ ၃၀ ရက်စက်ဝန်းရှိတဲ့ သူက ၁လ ကြာရင် တစ်ကြိမ် ရာသီ လာပါတယ်။
ဒါပေမယ့် တချို့အမျိုးသမီးတွေက ၂၂ရက်တစ်ခါ ရာသီလာကြတာရှိပါတယ်၊၊ ရာသီစက်ဝန်းတိုတဲ့သူတွေပါ၊၊ ဒါကလည်း ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ၊၊ ၂၂ရက်တစ်ခါ ရာသီလာတဲ့သူတွေ ရှိသလို ၃၅ရက်လောက်နေမှ ရာသီလာတဲ့သူလည်း ရှိပါတယ်၊၊ ၂၂ရက်တစ်ခါ ရာသီလာတဲ့သူဆိုရင် တချို့လတွေမှာ ၁လတည်း ၂ခါလာမျိုး ဖြစ်တတ်ပါတယ်၊၊ လအစမှာ တစ်ခါလာပြီး လကုန်ရက်မှာ တစ်ခါလာတာမျိုးပါ၊၊
သားအိမ်တွင် အသားလုံးတည်ခြင်း – သားအိမ်အတွင်းသားနံရံထူလာတာ ၊ သားအိမ်မှာ အလုံးတည်တာတွေက တစ်လထဲကို ရာသီ ၂ ခါလာစေတဲ့ အဖြစ်အများဆုံး အကြောင်းအရာတွေပါ။ နောက်တစ်ခုက သားအိမ်ကင်ဆာကြောင့်လည်း ပုံမှန် မဟုတ်ဘဲ သွေးတွေ ဆင်းနိုင်တာကြောင့် ရာသီတစ်လထဲနဲ့ ၂ ခါလာတာဟာ ပေါ့ဆလို့ မရတဲ့ ပြဿနာတစ်ခုပါ။
သန္ဓေတားဆေး၊ ထိုးဆေး၊ သန္ဓေတားပစ္စည်းတွေ – ကိုယ်ဝန်ကို တားပေးတဲ့ သန္ဓေတား ဆေးတွေ၊ သန္ဓေတား ပစ္စည်းတွေဆိုတာ ဟော်မုန်း ပါဝင်တဲ့ အရာတွေ ဖြစ်တာကြောင့် သင့်ရာသီ စက်ဝန်းအပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။ ရာသီ ထိန်သွားတာ၊ ရာသီ သွေး လုံးဝကို မပေါ်တော့တာ နဲ့ တစ်လတည်း ရာသီ ၂ခါ လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဆေးဖြတ်လိုက်ရင်တောင် ဆေးအာနိသင်က လတော်တော်များများအထိ ကျန်ရှိနေတတ်ပါတတ်ပါသေးတယ်။
ကိုယ်ဝန် – ကိုယ်ဝန်ဆောင်ချိန်တွေဆို ကိုယ်တွင်း ဟော်မုန်းတွေ အပြောင်းအလဲဖြစ်တာကြောင့် ရာသီသွေးလုံးဝ ရပ်သွားပါတယ်။ ဒါပေမယ့်တချို့ ကိစ္စတွေရှိတတ်ပါတယ်။ ကိုယ်ဝန်ရှိနေပြီးဟော်မုန်း အပြောင်းအလဲကြောင့် ရာသီ မရပ်ခင်လေး တစ်လထဲနဲ့ ၂ ခါလာသွားတာမျိုးတွေ ရှိတတ်ပါတယ်။
သိုင်းရွိုက် ဟော်မုန်းပုံမှန်မဟုတ်ခြင်း – ကိုယ်တွင်းက ဟော်မုန်းတွေကို ထိန်းချုပ်နေတဲ့ သိုင်းရွိုက်ဟော်မုန်းတွေ ပုံမှန်မဟုတ်တဲ့အခါ တစ်လထဲ ရာသီ ၂ ခါလာတာ။ ရာသီသွေး ဆင်းများတာမျိုးတွေ ဖြစ်တတ်ပါတယ်။
သွေးဆုံးခါနီး ရှေ့ပြေးလက္ခဏာတွေထဲတွင် တစ်လထဲ ရာသီ ၂ ခါ လာတာ ပါပါတယ် – သွေးဆုံးခါနီးအချိန်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်တွင်းက ဟော်မုန်းတွေ အပြောင်းလဲဆုံး အချိန်ပါ။ ဒါကြောင့် ဟော်မုန်းတွေပေါ် မှီခိုနေရတဲ့ ရာသီစက်ဝန်းလည်း ကမောက်ကမ ဖြစ်ပြီး ရာသီသွေးဆင်းနည်းတာ၊ များတာ၊ ရာသီထိန်တာ ၊ တစ်လထဲ ရာသီ ၂ ခါပြန်လာတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။
ရာသီ စစလာချိန် အပျိုဖော်ဝင်စအချိန် – ရာသီစစလာတဲ့ အပျိုဖော်ဝင်စ အချိန်မှာဆို လည်း ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်တာကြောင့် တစ်လတည်း ရာသီ ၂ ခါလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ကိုယ်အလေးချိန် အတက်အကျ – ကိုယ်အလေးချိန် ရုတ်တရက် များလားတာ၊ ရုတ်တရက် ကျဆင်းသွားတာတွေကလည်း ဟော်မုန်း အပြောင်းအလဲကို ဖြစ်စေတာကြောင့် ရာသီသွေး တစ်လတည်း ၂ ခါလာတာကို ဖြစ်စေတတ်ပါတယ်။
အရက်သောက်များတာ – အရက်တို့ ဘီယာတို့ဆိုတာ အသည်းကို ထိခိုက်စေတယ်ဆိုတာ အားလုံးသိကြပါတယ်။ အသည်းဆိုတာကလည်း အမျိုးသမီးတစ်ယောက်မှာ အရေးကြီးတဲ့ ဟော်မုန်းတွေ ဖြစ်တဲ့ အီစတိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းကို ထိန်းညှိပေးနေတာကြောင့် အသည်းမှာ ပြဿနာတစ်ခုခုဖြစ်တာနဲ့ ဟော်မုန်းတွေ ကမောက်ကမ ဖြစ်ပြီး တစ်လထဲ ရာသီသွေး ၂ ခါ ပေါ်တာတွေ ဖြစ်တတ်ပါတယ် ။ ။
ဒါတွေ အားလုံးက တစ်လထဲ ရာသီ ၂ ခါ လာစေတဲ့အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ ရံဖန်ရံခါ တစ်လကို ၂ကြိမ်လာတာမျိုးက ဖြစ်တတ်ပေမယ့် လတိုင်း ၂ကြိမ်လာနေရင်တော့ ဆရာဝန်နဲ့ ပြသင့်နေပါပြီ၊၊ အကြောင်းအရင်းကို သိမှ ကုသလို့ရမှာလေနော် ။ ။
ရေးသားသူ- Dr Thin Yadanar@ Frances