brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

တစ်လကိုတစ်ကြိမ် အမျိုးသမီးတွေတိုင်းမကြုံချင်ဘဲ ကြုံနေရတဲ့ ပြဿနာလေးတစ်ခုရှိနေမယ်ထင်ပါတယ်။ လေဒီတော်တော်များများကတော့ ဒါကို စိတ်ရှုပ်ကြလောက်မယ်ထင်ပါတယ်။ အလုပ်အကိုင်ပျက်ပြီး အိပ်ရာထဲလှဲနေရတဲ့အထိ ဆိုးရွားတတ်တဲ့ ပြဿနာကို သက်သာအောင်ဘယ်လိုနေထိုင်မလဲဆိုတာကိုပြောပြပေးမယ်နော်။

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

ဘာကြောင့် ရာသီလာစဉ်နာကျင်ကိုက်ခဲရတာလဲ

ရာသီလာတဲ့အခါ ဝမ်းဗိုက်ပိုင်းတဝိုက်၊ ခါးနဲ့တင်ပါးဆုံပိုင်း၊ ပေါင်တို့မှာ ကိုက်ခဲတာ၊ တောင့်တင်းနာကျင်တာမျိုးကို အမျိုးသမီးတာ်တော် များများခံစားကြရပါတယ်။ ရာသီလာစဉ်မှာ သားအိမ်အတွင်းနံရံတွေပြန်လည်ဖြစ်ပေါ်လာအောင် အထောက်အပံ့ပေးတဲ့အနေနဲ့ သားအိမ်ကြွက်သားတွေက ကျုံ့ဆန့်မှုကို လုပ်ဆောင်နေတာကြောင့် ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲတာဖြစ်ပါတယ်။ အချို့တွေမှာဆိုရင် ကိုယ်လက်မအီမသာဖြစ်တာ၊ အော့အန်တာ၊ ခေါင်းကိုက်တာ နဲ့ ဝမ်းသွားတာမျိုးတွေအထိခံစားကြရတာမျိုးတောင်ရှိပါတယ်။ ဒီလိုမျိုလစဉ်လတိုင်းကြုံတွေ့နေရတဲ့ ကိုက်ခဲနာကျင်မှုကိုလျော့ပါးသက်သာအောင် ဆေးပညာအကူအညီနဲ့လုပ်ဆောင်နိုင်သလို နေ့စဉ်ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲပေးလို့လည်းရပါတယ်။

ဒီအချက်တွေကြောင့်လည်း ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲနိုင်ပါတယ်။

  • ရာသီသွေးအများကြီးဆင်းတာ
  • အသက် ၂၀အောက်အရွယ်ဖြစ်နေတာ
  • ပထမဆုံးရာသီသွေးဆင်းတာ
  • prostaglandinဟော်မုန်းပမာဏများနေတာတွေကြောင့်လည်း နာကျင်ကိုက်ခဲနိုင် ပါတယ်။

သားအိမ်ထဲမှာ ပုံမှန်မဟုတ်ဘဲ တစ်ရှူးကြီးထွားနေတာနဲ့ သန္ဓေတားဆေးတွေကြောင့်လည်း ရာသီလာစဉ်မှာနာကျင်ကိုက်ခဲတာဖြစ်နိုင်ပါတယ်။

ရာသီလာစဉ်နာကျင်ကိုက်ခဲတာကို သက်သာအောင်ဘယ်လိုနေထိုင်စားသောက်မလဲ

ဘယ်လိုစားသောက်မလဲ

ရေများများသောက်ပေးပါ – ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်တဲ့ လက္ခဏာတစ်ခုဖြစ်တဲ့လေပွတာကို သက်သာစေဖို့ရေများများသောက်ပေးဖို့လိုပါမယ်။ ရာသီလာနေစဉ်အတွင်းမှာ တစ်နေ့ကိုရေ ၆ ခွက်ကနေ ၈ ခွက်လောက်အထိသောက်ပေးပါ။ ရာသီလာစဉ်မှာ ဝမ်းသွားတတ်တဲ့မိန်းကလေးဆိုရင်တော့ ရေဓာတ်ကိုပိုဖြည့်ပေးဖို့လိုပါမယ်။

ဒီအစားအစာတွေမစားပါနဲ့ – ရာသီလာစဉ်မှာ ဗိုက်ပွစေနိုင်တဲ့ အစားအစာတွေကိုရှောင်ကြဉ်ဖို့လိုပါမယ်။ အဆီများတဲ့အစားအစာတွေ၊ အရက်သေစာ၊ အချိုရည်တွေ၊ကဖင်းဓာတ်နဲ့ ဆားပါဝင်မှုများတဲ့ အစားအစာတွေကို မစားသုံးသင့်ပါဘူး။ ဒီအစားအစာတွေကို စားသုံးပေးတာက နာကျင်ကိုက်ခဲမှုကိုလျော့ပါးသက်သာစေနိုင်သလို ကြွက်သားတွေတင်းနေတာကိုလည်းလျော့ကျစေနိုင်ပါတယ်။

ဒါတွေစားပေးပါ –ရာသီလာစဉ်မှာ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေစားသုံးပေးသင့်ပါတယ်။ သင်္ဘောသီး၊ ဆန်လုံးညို၊ သစ်ကြားသီး၊ အယ်လ်မွန်သီး၊ ဖရုံစေ့၊ သံလွင်ဆီ၊ ပန်းဂေါ်ဖီစိမ်း၊ ကြက်သား၊ ငါး၊ အစိမ်းရင့်ရောင်အရွက်တွေ၊ နှမ်းကြတ်စေ့တို့ကို စားသုံးပေးသင့်ပါတယ်။ ကယ်လ်ဆီယမ် နဲ့ phosphorus တို့ကို စုပ်ယူနိုင်အောင် အထောက်အကူပြုပေးတဲ့ သတ္တုဓာတ်ဖြစ်တဲ့ Boron ရရှိနိုင်တဲ့ ထောပတ်သီး၊ မြေပဲထောပတ်၊ ကုလားပဲ၊ ငှက်ပျောသီးတို့ကိုလည်းစားသုံးပေးသင့်ပါတယ်။ Boron ဓာတ်က ရာသီလာစဉ်နာကျင်ကိုက်ဲမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေမယ့် ဆလတ်ရွက်၊ သခွားသီး၊ ဖရဲသီး၊ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီလိုမျိုး ဘယ်ရီသီးတွေကိုလည်းစားသုံးပေးလို့ရပါတယ်။ ခန္ဓာကိုယ်အတွက် ကယ်လ်ဆီယမ်ဓာတ်ရရှိစေနိုင်မယ့် နို့ထွက်ပစ္စည်းတွေ၊ နှမ်း၊ အယ်လ်မွန်သီး နဲ့ အစိမ်းရောင်အသီးတွေစားသုံးပေးသင့်ပါတယ်။

ဒါလေးတွေစားပေးရင်လည်း သက်သာပါတယ် –ရာသီလာစဉ် နာကျင်ကိုက်ခဲနေတဲ့အခါ ချာမိုမိုင်းရေနွေးကြမ်းသောက်တာ၊ ချင်းတစ်ပြားလောက်ကို ရေနွေးထဲစိမ်သောက်တာ၊ စမုန်စေ့ဆီကို သောက်ပေးတာ၊ သစ်ကြံပိုးခေါက်အမှုန့်စားပေးတာတွေလုပ်လို့ရပါတယ်။ သစ်ကြံပိုးခေါက်က သွေးဆင်းတာကို နည်းစေပြီး ရာသီလာတာကြောင့် နာကျင်ကိုက်ခဲတာ၊ မအီမသာဖြစ်တာ၊အော့အန်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ဘယ်လိုနေထိုင်မလဲ

လေ့ကျင့်ခန်းလုပ်ပေးပါ – ရာသီလာစဉ်နာကျင်ကိုက်ခဲတဲ့အခါ သိပ်မပြင်းထန်ဘဲ သက်သောင့်သက်သာလုပ်နိုင်မယ့် လေ့ကျင့်ခန်းကိုလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာကသွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်ပြီး endorphinဟော်မုန်းထွက်ရှိစေနိုင်တာကြောင့် ရာသီလာစဉ်နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ လမ်းဖြည်းဖြည်းလျှောက်ပေးတာမျိုးလုပ်ပေးလည်းရပါတယ်။

ဝမ်းဗိုက်ပိုင်းကိုနှိပ်နယ်ပေးပါ –လက်ချောင်းထိပ်လေးတွေကိုအသုံးပြုပြီး ဝမ်းဗိုက်အောက်ဘက်ပိုင်းကိုဖြည်းဖြည်းချင်းနှိပ်နယ်ပေးပါ။ ဒီလိုနှိပ်နယ်ပေးတာကသွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်ပြီး သားအိမ်ဆီကိုသွေးရောက်ရှိစေနိုင်တာကြောင့် နာကျင်ကိုက်ခဲမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

ရေနွေးအိတ်ကပ်ပေးပါ – ရာသီလာလို့နာကျင်ကိုက်ခဲတဲ့အခါ နာကျင်ကိုက်ခဲတဲ့ ဝမ်းဗိုက်နေရာကိုရေနွေးအိတ်ကပ်ပေးရင် နာကျင်ကိုက်ခဲတာကိုလျော့ပါးသက်သာစေမှာဖြစ်ပါတယ်။ တကယ်လို့ ရေနွေးအိတ်မရှိဘူးဆိုရင် ရေနွေးပုလင်း၊ ရေနွေးဝတ်ကပ်ပေးပါ။ အပူက ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ရေနွေးနဲ့ ရေချိုးပေးလည်းရပါတယ်။

ဒီနည်းလေးတွေသုံးပြီး လစဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းလိုက်ကြပါစို့ လေဒီတို့ရေ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/01/2022 ဖြစ်ပါသည်။