brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ

အမျိုးသမီးတွေဟာ တစ်လမှာတစ်ကြိမ် ရာသီသွေးဆင်းလေ့ရှိကြပြီး ရာသီသေးဆင်းချိန်မှာ စိတ်မကြည်မသာဖြစ်တာ၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲတာနဲ့ လေပွတာမျိုးတွေဖြစ်နိုင်ပါတယ်။နောက်ထပ်တွေ့ရနိုင်တဲ့ပြဿနာက မျက်နှာပါ်မှာ ဝက်ခြံတွေထွက်တာပါပဲ။ အမျိုးသမီးတိုင်းဖြစ်တတ်တာတော့မဟုတ်ပါဘူး။ အခုတစ်ခါတော့ ရာသီလာချိန်မှာ ဝက်ခြံထွက်လာတဲ့အခါဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။

ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ

လေ့လာမှုတွေအရတော့ ဝက်ခြံထွက်လေ့ရှိတဲ့ အမျိုးသမီး ၆၃ ရာခိုင်နှုန်းက ရာသီမလာခင်နဲ့ရာသီလာချိန်တွေမှာ ဝက်ခြံထွက်တတ်ကြတယ်လို့ဆိုပါတယ်။ ရာသီမလာခင် တစ်ပတ် ဒါမှမဟုတ် ၁၀ ရက်လောက်ကြိုပြီး ဝက်ခြံထွက်တတ်ကြပြီး ရာသီလာချိန်မှာဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုရင်တော့ ရာသီလာချိန်မှာ တဖြည်းဖြည်းချင်းသက်သာသွားလေ့ရှိပါတယ်။

ရာသီလာချိန်မှာ ဘာကြောင့်ဝက်ခြံပေါက်ရတာလဲ

ပျမ်းမျှအားဖြင့်ကတော့ ၂၈ ရက်တစ်ခါလောက်မှာ ရာသီသွေးပေါ်တတ်ပြီး ရာသီသွေးဆင်းနေတဲ့ ရက်တိုင်းမှာလည်း ခန္ဓာကိုယ်ရဲ့ဟော်မုန်းက တစ်ရက်နဲ့တစ်ရက်မတူကြပါဘူး။ ရာသီသွေးဆင်းတဲ့ အစောပိုင်းရက်တွေမှာ ခန္ဓာကိုယ်ထဲမှာestrogenဟော်မုန်းတွေများနေတတ်ပြီး နောက်ပိုင်းရက်တွေမှာတော့progesterone ကများလာပါတယ်။ progesterone ပမာဏ များလာလေလေ အရေပြားရောင်ရမ်းမှုနဲ့ ချွေးပေါက်ပိတ်ဆို့မှုက ဆိုးလာလေလေပါ။ အရေပြားမှာ အဆီတွေပိတ်ဆို့မှုများလာတဲ့အခါ မျက်နှာမှာ ဝက်ခြံတွေဖြစ်လာပါတော့တယ်။ ရာသီလာနေချိန်မှာ testosteroneဟော်မုန်းပမာဏကလည်း ပုံမှန်ထက် ပိုများနေပြီး အဆီဂလင်းတွေက အဆီထုတ်လုပ်မှုကလည်း ပုံမှန်အခြေအနေထက်ပိုများနေတတ်ပါတယ်။ ဒါကြောင့်အရေပြားကချွေးပေါက်တွေမှာ အဆီတွေပိတ်ဆို့ရာကနေ ဝက်ခြံတွေထွက်လာရတာပဲဖြစ်ပါတယ်။

ရာသီသွေးဆင်းချိန်မှာ ဟော်မုန်းပြောင်းလဲမှုကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို မထွက်အောင်တော့လုပ်လို့မရပါဘူး။ သက်သာအောင်ပဲ လုပ်လို့ရပါတယ်။ ရာသီသွေးပေါ်ချိန်မှာထွက်တဲ့ ဝက်ခြံက တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာကြောင့်မဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွင်းပိုင်းက ဟော်မုန်းတွေပြောင်းလဲမှုကြောင့်ပဲဖြစ်ပါတယ်။ဟော်မုန်းပြောင်းလဲမှုကြောင့် ဝက်ခြံပေါက်တာပဲ ဂရုစိုက်စရာမလိုဘူးလို့တော့ ထားလို့မရပါဘူး။ ဒီဝက်ခြံတွေက ဂရုမစိုက်ဘဲထားမယ်ဆိုရင် ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်လေဒီတို့။

ရာသီလာချိန်မှာ ဖြစ်တဲ့ဝက်ခြံသက်သာအောင် ဘယ်လိုလုပ်မလဲ

(၁) မျက်နှာကို လက်နဲ့မထိပါနဲ့

တစ်နေ့တာလှုပ်ရှားမှုတွေလုပ်နေရင်း မျက်နှာကို အမှုမဲ့အမှတ်တဲ့ လက်နဲ့ထိတွေ့မိတာ၊ မျက်လုံးကိုပွတ်တာမျိုးတွေလုပ်မိနိုင်ပါတယ်။ လက်ကနေရာတိုင်းကိုထိတွေ့မိတာကြောင့် ဘက်တီးရီးယားတွေအများကြီးကပ်ညှိနေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို လက်နဲ့ကုတ်ဖဲ့တာ၊ ခဏခဏကိုင်တွယ်ထိတွေ့တာတွေမလုပ်ပါနဲ့။ မျက်နှာကို မကိုင်တွယ်ခင်နဲ့ မျက်နှာမှာ တစ်ခုခုမလိမ်းခင်မှာ လက်ကိုအရင်စင်ကြယ်အောင်ဆေးကြောပါ။

(၂) ရေများများသောက်ပေးပါ

ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေဖို့လိုပါမယ်။ ခန္ဓာကိုယ်လှုပ်ရှားနိုင်စေဖို့နဲ့ ကျန်းမာစေဖို့အတွက် ရေလုံလောက်အောင်သောက်ပေးဖို့ လိုပါမယ်။ ရေကခန္ဓာကိုယ်ကျန်းမာဖို့အတွက် အခြေခံအကျဆုံးအရာပါ။ အသားအရေစိုပြည်ကြည်လင်စေဖို့အတွက် တစ်နေ့ကိုရေ ၈ ခွက်လောက်သောက်သုံးပေးပါ။ ရာသီသွေးပေါ်နေချိန်မှာ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်စေဖို့အတွက်လည်းရေလုံလောက်အောင်သောက်ဖို့လိုပါမယ်။

(၃) ဟော်မုန်းဆေးသောက်ပေးပါ

ဟော်မုန်းဆေး အထူးသဖြင့် estrogen နဲ့ progesterone တွေက အရေပြားအဆီပြန်မှုကို သက်သာစေနိုင်ပါတယ်။ ဒီနှစ်မျိုးလုံး ပါတဲ့ဆေးက သန္ဓေတားဆေးနဲ့ တူပါတယ်။ ဒါပေမယ့် doseတော့ ကွာပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်နိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အာနိသင်ပြပုံချင်းကတော့ မတူပါဘူး။ တချို့က ဝက်ခြံတွေ လုံးဝမထွက်လာတော့ပါဘူး။ တချို့က အရင်ကထက်စာရင် သက်သာသွားပါတယ်။

(၄) ဖုန်းကိုသန့်ရှင်းအောင်ထားပေးပါ

အခုခေတ်မှာ ဖုန်းကနေ့စဉ်ဘဝမှာမရှိမဖြစ်တဲ့ ပစ္စည်းတစ်ခုလိုတောင်ဖြစ်လာနေပါပြီ။ ခန္ဓာကိုယ်က ဟော်မုန်းမညီမျှတဲ့အချိန်မှာ ဝက်ခြံက အဖြစ်လွယ်နေပြီး ညစ်ပေနေတဲ့ဖုန်းမျက်နှာပြင်က ဘက်တီးရီးယားတွေက ဝက်ခြံတွေကို ပိုဆိုးလာစေနိုင်ပါတယ်။ ဒါကြောင့် လက်ကိုင်ဖုန်းတွေကိုလည်း သန့်သန့်ရှင်းရှင်းထားပေးဖို့လိုပါမယ်။

(၅)လေ့ကျင့်ခန်းလုပ်ပြီးရင် ရေချိုးပေးပါ

တကယ်လို့ သင့်က ကိုယ်လက်လှုပ်ရှားလုပ်တတ်တဲ့သူဖြစ်မယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ချွေးတိတ်အောင်စောင့်ပြီး ရေချိုးသန့်စင်လိုက်ပါ။လေ့ကျင့်ခန်းလုပ်ချိန်မှာ ထွက်လာတဲ့ချွေး၊ အဆီတွေနဲ့ အရေပြားမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေက မျက်နှာ၊ ရင်ဘတ်နဲ့ ကျောဘက်တွေမှာ ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကိုလည် ပိုဆိုးစေနိုင်ပါတယ်။

(၆) အာဟာရပြည့်ဝအောင်စားသုံးပေးပါ

ရာသီသွေးဆင်းနေချိန်မှာ အာဟာရပြည့်ဝအောင်စားသုံးပေးတာကလည်း ဝက်ခြံမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဇင့်၊ အမိုင်နိုအက်ဆစ်တို့ပါဝင်တဲ့အစားအသောက်တွေက ရာသီသွေးဆင်းချိန်မှာဖြစ်တဲ့ဝက်ခြံတွေကို သက်သာစေနိုင်သလို အသားအရေကိုလည်း ကြည်လင်လှပစေနိုင်ပါတယ်။

အခုပြောပြခဲ့တဲ့ အချက်တွေအတိုင်းလုပ်ဆောင်ကြည့်ပြီး ရာသီလာချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဝက်ခြံတွေကို နှိမ်နှင်းလိုက်ကြပါစို့လား လေဒီတို့ရေ

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/01/2022 ဖြစ်ပါသည်။