brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အီစထရိုဂျင်ဟော်မုန်းကို သဘာဝအလျောက်မြှင့်တင်ပေးနိုင်ဖို့

အီစထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းဟာ အမျိုးသမီးတွေအတွက် အလွန်အရေးကြီးတဲ့ ဟော်မုန်းတွေပဲ ဖြစ်ပါတယ်။ အမျိုးသမီးတယောက်ရဲ့ ကြန်အင်လက္ခဏာတွေ ပြည့်စုံဖို့နဲ့ မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးကိစ္စတွေအတွက် အီစထရိုဂျင်က အရေးပါပါတယ်။ အီစထရိုဂျင်ဟော်မုန်း လျော့နည်းခဲ့ရင် ကိုယ်စိတ်နှစ်မျိုးစလုံးရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

အီစထရိုဂျင်ဟော်မုန်းကို သဘာဝအလျောက်မြှင့်တင်ပေးနိုင်ဖို့

ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ အီစထရိုဂျင်ဟော်မုန်းကို သဘာဝအလျောက် ဘယ်လိုမြှင့်တင်မလဲဆိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

ပဲပိစပ်

ပဲပိစပ်ကနေထုတ်လုပ်လိုက်တဲ့ အစားအသောက်တွေ (ဥပမာ တိုဖူး၊ မီဆိုခေါ် ဂျပန်ဟင်းခတ်မှုန့်) စတာတွေမှာ ဖိုင်တိုအီစထရိုဂျင်လို့ခေါ်တဲ့ ဓာတ်ပစ္စည်းကြွယ်ဝပါတယ်။ ဖိုင်တိုအီစထရိုဂျင်ဟာ အီစထရိုဂျင်နဲ့ ဆင်တူပြီး အာနိသင်လည်း တူညီပါတယ်။ သုတေသနတွေ့ရှိချက်တွေအရ ပဲပိစပ်စားသုံးမှု မြင့်မားသူတွေမှာ အီစထရိုဂျင်အာနိသင်ရရှိတာကြောင့် ရင်သားကင်ဆာနဲ့ဆက်စပ်ပြီး သေဆုံးခြင်းတွေ လျော့နည်းတယ်လို့ သိရပါတယ်။

နှမ်းကြတ်စေ့ (flaxseed)

နှမ်းကြတ်စေ့မှာလည်း ဖိုင်တိုအီစထရိုဂျင် ပါဝင်ပါတယ်။ အီစထရိုဂျင်နဲ့ အာနိသင်ဆင်တူတာကြောင့် နှမ်းကြတ်စေ့ပုံမှန်စားသုံးသူတွေမှာ သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းတယ်လို့ သိရပါတယ်။

နှမ်းစေ့

နှမ်းစေ့ ဒါမှမဟုတ် နှမ်းဆီကို စားသုံးသူတွေမှာလည်း ဖိုင်တိုအီစထရိုဂျင်ကို ရရှိနိုင်ပါတယ်။ အီစထရိုဂျင် အာနိသင်ကို ရရှိစေတဲ့အပြင် အရိုးကျန်းမာရေးအတွက်လည်း အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

ဗီတာမင် B

ဗီတာမင် B အုပ်စုဟာ ကိုယ်ခန္ဓာထဲမှာ အီစထရိုဂျင်ဟော်မုန်း ထုတ်လုပ်ခြင်းနဲ့ ပုံမှန်လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ လှုံ့ဆော်ပေးခြင်းအတွက် အရေးပါပါတယ်။ ဗီတာမင် B နည်းပါးရင် အီစထရိုဂျင်လည်း လျော့နည်းတတ်တာကို တွေ့ရပါတယ်။ သုတေသနတွေအရ ဗီတာမင် B2 နဲ့ B6 ဟာ အီစထရိုဂျင်နဲ့ ဇီဝဖြစ်ပျက်မုှအတွက် ပံ့ပိုးပေးပြီး ရင်သားကင်ဆာ ဖြစ်ပွားနှုန်းကို လျော့ကျစေတယ်လို့ ဆိုပါတယ်။

ဗီတာမင် D

ဗီတာမင် D ဟာလည်း အီစထရိုဂျင်ထုတ်လုပ်ခြင်းအတွက် အရေးပါပါတယ်။ ဗီတာမင် D ဟာ ဟော်မုန်းအနေနဲ့လည်း လုပ်ဆောင်ပေးပါတယ်။ ဗီတာမင် D နဲ့ အီစထရိုဂျင်ပေါင်းစပ်လုပ်ဆောင်ခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေ လျော့နည်းစေပါတယ်။

ဘိုရွန် (Boron)

ဘိုရွန်ဆိုတဲ့ နာမည်ကို သိပ်မကြားဖူးကြပေမယ့် ကိုယ်ခန္ဓာအတွက် အရေးပါတဲ့ သတ္တုဓာတ်မျိုး ဖြစ်ပါတယ်။ ဘိုရွန်ဟာ တက်စတိုစထရုန်းအတွက်ရော အီစထရိုဂျင်အတွက်ပါ ဇီဝဖြစ်ပျက်မှုတွေအတွက် အရေးကြီးပါတယ်။ ကိုယ်ခန္ဓာကနေ အီစထရိုဂျင်ကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်အောင် ကူညီပေးပါတယ်။

DHEA

DHEA ဆိုတာဟာ dehydroepiandrosterone လို့ခေါ်တဲ့ ဟော်မုန်းဖြစ်ပြီး အီစထရိုဂျင်နဲ့ တက်စတိုစထရုန်းနှစ်မျိုးစလုံးအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ သုတေသနများအရ DHEA ဟာ ကိုယ်ခန္ဓာအပေါ်မှာ အီစထရိုဂျင်လိုပဲ တူညီတဲ့အာနိသင်ပေးပါတယ်။

Evening primrose oil

Evening primrose oil (EPO) မှာ Omega 6 ပါဝင်မှုများပြီး ဓမ္မတာလာချိန် ဝေဒနာများ သက်သာစေဖို့နဲ့ သွေးဆုံးချိန်ကြုံတွေ့ခံစားရတာတွေ သက်သာစေဖို့ အထောက်အကူပြုပါတယ်။ EPO မှာလည်း အီစထရိုဂျင်နဲ့ တူညီတဲ့ အာနိသင်မျိုး ပါဝင်တာကြောင့် သွေးဆုံးချိန်မှာ အီစထရိုဂျင်နည်းသွားတဲ့ အမျိုးသမီးတွေအတွက် အသုံးပြုနိုင်ပါတယ်။

အခြား

အထက်ပါ အစားအစာများနဲ့ ဗီတာမင်တွေအပြင် ဆေးဘက်ဝင်အပင်များကနေ ထုတ်လုပ်ထားတဲ့ အားဖြည့်ဓာတ်စာတွေလည်း ရှိပါသေးတယ်။ Red clover၊ ချက်စတာဘယ်ရီ၊ Dong Quai စတဲ့ ဆေးဘက်ဝင်အပင်များမှ ထုတ်လုပ်ထားတဲ့ ဓာတ်စာတွေဟာ အီစထရိုဂျင်အာနိသင် ပိုမိုလိုအပ်သူတွေအတွက် အထောက်အကူပေးပါတယ်။

Dr. Htet Htet Zaw Win
Dr. Htet Htet Zaw Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။