backup og meta

ဆီးသွားတိုင်း ပူနေလို့ စိုးရိမ်နေရပြီလား

ဆီးသွားတဲ့အချိန်မှာ ပုံမှန်ထက်ပူနေပြီဆိုရင် ဘယ်သူမဆို အနည်းငယ်တော့ စိုးရိမ်ထိတ်လန့်မိမှာအမှန်ပါ။ အထူးသဖြင့် ဆီးလမ်းကြောင်းပိုးဝင်ဖူးတဲ့သူတွေ၊ အကာအကွယ်မဲ့လိင်ဆက်ဆံဖူးတဲ့သူတွေပေါ့။ ဒါပေမယ့် အမြဲတမ်းတော့ စိုးရိမ်စရာမလိုပါဘူး။

ဆီးသွားတိုင်း ပူနေလို့ စိုးရိမ်နေရပြီလား

ဆီးက ဘာကြောင့် ပူနွေးတာလဲ။

ကိုယ်ခန္ဓာမှာ အရည်အဖြစ်သိမ်းဆည်းထားပြီး စွန့်ထုတ်လိုက်တာဖြစ်တဲ့အတွက် ဆီးဟာ ကိုယ်ခန္ဓာအပူချိန်နဲ့ တစ်သားတည်း သွားကျပါတယ်။ နောက်တစ်ခုကတော့ ဆီးမှာ ရေအပြင် ဆားငန်ဓာတ်နဲ့ တခြားအဆိပ်အတောက်တွေ ပါဝင်ပြီး ဆီးအိမ်ထဲမှာ စုစည်းထားတာဖြစ်ပါတယ်။ သိုလှောင်တဲ့ပမာဏ များလာလေလေ ဆီးရဲ့ အပူချိန်ဟာ တိုးလာလေလေ ဖြစ်တဲ့အတွက် ဆီးသွားလိုက်တဲ့အခါ အနည်းငယ် ပူနွေးတဲ့ခံစားချက်မျိုးရရှိပါတယ်။

ဆီးရဲ့ အပူချိန်က ဘယ်လောက်ရှိလဲ။

ပုံမှန်အားဖြင့် ဆီးသည် ကိုယ်ခန္ဓာရဲ့ ပျမ်းမျှအပူချိန်ဖြစ်တဲ့ ၃၇ ဒီဂရီ ဆဲလ်စီးယပ်စ် ပမာဏမှာ ရှိပါတယ်။ ရာသီဥတုနဲ့ လူပေါ်မူတည်ပြီး အနည်းငယ် ပိုပူသည်၊ အေးသည် ပြောင်းလဲသွားနိုင်ပါတယ်။ ကိုယ်ခန္ဓာကနေ အပြင်ကို စွန့်ထုတ်ပြီး ၄မိနစ်ခန့်ကြာသည်အထိ နဂိုအပူချိန်အတိုင်း ထိန်းထားနိုင်ပါတယ်။

ဘယ်လိုအခြေအနေမှာ ဆီးက ပိုပူလာနိုင်လဲ။

ရာသီဥတုအရမ်းပူလွန်း၊ အေးလွန်းတာ၊ ဖျားနေစဉ် သို့မဟုတ် အဖျားပျောက်ပြီး နာလန်ထူကာစအချိန်၊ အားကစားလုပ်ပြီး အမောဖြေနေတဲ့အချိန်မှာ ဆီးဟာ ပုံမှန်အချိန်ထက် ပိုပူနေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာဆိုရင်လည်း ဇီဝကမ္မဖြစ်စဉ်ဟာ လျင်မြန်စွာ ပြောင်းလဲနေတဲ့အတွက် ဆီးဟာ ပိုပြီးပူနေနိုင်ပါတယ်။

ဘယ်လိုအခြေအနေမှာ စိုးရိမ်ရနိုင်လဲ။

ဆီးသွားနေတဲ့အချိန်မှာ ပုံမှန်ပူတာမျိုးမဟုတ်ဘဲ ပူစပ်ပူလောင်ဖြစ်နေတာ၊ ဆီးသွားနေတဲ့ ဆီးလမ်းကြောင်းတစ်လျှောက်ဟာ ပူလောင်နေတာ၊ စပ်ဖျဉ်းဖျဉ်း၊ အသားထဲက စူးနေသလို ခံစားရတာဆိုရင်တော့ ဆီးလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်ပါတယ်။ တခြားလက္ခဏာအနေနဲ့

  • ဆီးသွားချင်စိတ်ရှိပါလျက်နဲ့ ဆီးနည်းနည်းပဲထွက်တာ
  • ဆီးအရောင်က အဖြူရောင်၊ မီးခိုရောင်နောက်ကျိကျိဖြစ်နေတာ
  • ဆီးရဲ့အနံ့က အောက်သိုးသိုး အနံ့ဖြစ်နေတာ
  • ဆီးထဲမှာ သွေးပါလာတာ
  • ဆီးခဏခဏ သွားနေတာတွေ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ဆီးစစ်ကြည့်သင့်ပါတယ်။

ဒီလက္ခဏာတွေဟာ ဆီးလမ်းကြောင်းပိုးဝင်တာလည်း ဖြစ်နိုင်သလို လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေ ဖြစ်တဲ့ ဂနို ဆီးပူညောင်းကျရောဂါ၊ ခလက်မီးဒီးယားရောဂါလည်း ဖြစ်နိုင်ပါတယ်။ မိန်းကလေးတွေမှာ ယောက်ျားလေးတွေထက် ဖြစ်နိုင်ခြေ ၄ဆ ပိုများပါတယ်။

ပုံမှန်အားဖြင့်တော့ ဆီးပူတယ်ဆိုတာ သိပ်ပြီးစိုးရိမ်စရာမဟုတ်ပေမဲ့ အမြဲတမ်းလိုလို ဖြစ်နေတာဆိုရင်တော့ စောစောစီးစီး စစ်ဆေးပြီး ကုသမှုခံယူတာအကောင်းဆုံးပါပဲ။ ဆီးလမ်းကြောင်းပိုးဝင်တာဆိုရင်တော့ ပဋိဇီဝဆေးတွေကို ဆရာဝန်ရဲ့ဆေးအညွှန်းအတိုင်း သောက်ပေးရုံနဲ့ အမြစ်ပြတ်ပျောက်ကင်းနိုင်တာကြောင့် ကိုယ့်ကျန်းမာရေးနဲ့ပတ်သက်ပြီး မပေါ့ဆဖို့ တိုက်တွန်းရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/hot-urine#bottom-line(September 4, 2019)

ယခုပုံစံ

01/12/2021

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးလမ်းကြောင်းနာကျင်ခြင်း

အမျိုးသားများ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 01/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ