brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ချောင်းလေးဆိုး ၊နှာလေးချေလိုက်တာနဲ့ ဆီးထွက်ကျ သွားတဲ့ သူတွေရှိလား

ဆီးမထိန်းနိုင်တာ၊ ဆီးသွားရင်ပူတာ၊ ဆီးသွားရင် ကျဉ်တာစတဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဆိုတာ ဖြစ်တဲ့သူ မရှားလှတဲ့ ကျန်းမာရေးပြဿနာတွေပါ။ ဘယ်သူကတော့ ဆီးမထိန်းနိုင်ဘဲ ထွက်ကျတဲ့အဖြစ် ဖြစ်ချင်မလဲနော်။ ဒါပေမယ့်လည်း ချောင်းလေးဆိုး တာနဲ့၊ အလေးတစ်ခုခု မလိုက်တာနဲ့ ဆီးထွက်ကျ သွားတဲ့အဖြစ်ကိုယ့်ဆီမှာ ဖြစ်နေပြီလား။ ။

ချောင်းလေးဆိုး ၊နှာလေးချေလိုက်တာနဲ့ ဆီးထွက်ကျ သွားတဲ့ သူတွေရှိလား

ဒီလို ချောင်းဆိုးလိုက်ချိန်၊ အလေးမလိုက်ချိန်၊ အားတစ်ခုခုပြုလိုက်ချိန်မှာ ဆီးပါထွက်ကျသွားတဲ့အဖြစ်ကို ဆေးပညာမှာ Stress incontinence လို့ခေါ်ပါတယ်။

  • နာမည်ထဲမှာ stress ပါတယ်ဆိုပြီး စိတ်ဖိစီးမှုကြောင့် ဒီလို ဆီးမထိန်းနိုင်တာမျိုး ဖြစ်တာမဟုတ်ပါဘူး။ ဒီထဲက stress ဆိုတာ အားသက်ရောက်မှု တစ်ခုကိုဆိုလိုတာ ဖြစ်ပါတယ်။
  • အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတစ်ခုပါ။

Stress incontinence ရဲ့လက္ခဏာတွေကတော့

  • ချောင်းဆိုးနှာချေတဲ့ချိန် ၊ ရယ်လိုက်ချိန် ဆီးထွက်ကျ မယ်
  • ထိုင်ရာက ထလိုက်တဲ့အချိန် ကားထဲက ထွက်လိုက်တဲ့အချိန် ဆီးထွက်သွားမယ်
  • လေ့ကျင့်ခန်းလုပ်နေချိန် အမျိုးသားနဲ့ အတူနေချိန် တွေမှာ ဆီးထွက်ကျလာမယ် စတာတွေပဲ ဖြစ်ပါတယ်။ ဆီးအိမ်တင်းနေတဲ့အချိန် ဒါတွေလုပ်ပြီဆိုတာနဲ့ ဆီးထွက်ကျလာမှာ ဖြစ်ပါတယ်။

Stress incontinence ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့

  • အမျိုးသမီးတွေမှာဆို – မီးဖွားချိန် တင်ပဆုံပတ်လည်က ကြွက်သားတွေနဲ့ အာရုံကြောတွေထိခိုက်မိတာကနေ ဆီးမထိန်းနိုင်တဲ့ ပြဿနာဖြစ်တာ။
  • အမျိုးသားတွေမှာဆို – ဆီးကျိတ်ကြီးတာ၊ ဆီးကျိတ်ကင်ဆာစတဲ့ ပြဿနာတွေကို ကုသဖို့အတွက် ဆီးကျိတ်ခွဲစိတ်မှု လုပ်ချိန် ဆီးပြွန်ပတ်လည်က ရှုံ့ကြွက်သားထိခိုက်မိတာကြောင့် Stress incontinence ဖြစ်သွားတတ်ပါတယ်။

Stress incontinence အဖြစ်နိုင်ဆုံးသူတွေကတော့

  • အသက်ကြီးတဲ့သူတွေ – အသက်ကြီးလာတဲ့အခါ အားနည်းသွားတဲ့ ကြွက်သားတွေကြောင့် stress incontinence ဖြစ်နိုင်ပါတယ်။
  • မီးဖွားထားတဲ့ မိခင်တွေ – ခွဲမွေးတဲ့သူတွေထက်စရာ ရိုးရိုးမီးဖွားထားတဲ့ မိခင်တွေကပိုပြီး ဆီးမထိန်းနိုင်တဲ့ ပြဿနာပိုဖြစ်နိုင်ပါတယ်။ ရိုးရိုးမွေးတဲ့သူတွေထဲကမှ ညှပ်ဆွဲမွေးပြီး မီးဖွားထားရတဲ့ အမျိုးသမီးတွေက stress incontinence ပိုဖြစ်နိုင်ပါတယ်။
  • အဝလွန်တဲ့သူတွေ – အဝလွန်တဲ့အခါ ဗိုက်နဲ့ တင်ပဆုံတစ်ဝိုက်က ကြွက်သားတွေအပေါ် အားသက်ရောက်သလိုဖြစ်တာကြောင့် stress incontinence ပိုဖြစ်နိုင်ပါတယ်။
  •  တင်ပဆုံပတ်လည် ခွဲစိတ်မှုလုပ်ထားတာ – အထူးသဖြင့် ဆီးကျိတ်ခွဲစိတ်မှု လုပ်တဲ့အချိန်တွေမှာ ရှုံ့ကြွက်သားတွေကို သွားထိခိုက်မိတာကြောင့် stress incontinence ပြဿနာဖြစ်တတ်ပါတယ်။

ဆီးထွက်ကျ ခြင်းကြောင့် နောက်ဆက်တွဲ ဆက်ဖြစ်နိုင်တာတွေကတော့

  • နေ့စဉ် လှုပ်ရှားမှုလုပ်နေတဲ့ အလုပ်တွေ ပျက်ကွက်သွားမယ်
  • ဆီးမထိန်းနိုင် ဖြစ်နေတာကြောင့် လူကြားထဲ မတိုးဝံ့ဘူး
  • Mixed urinary incontinence တွေ ဆက်ဖြစ်နိုင်ပါတယ်။ Stress incontinence ဖြစ်ပြီဆိုတာနဲ့ နောက်ပိုင်း Urge incontinence လို့ခေါ်တဲ့ ဆီးသွားချင်တာနဲ့ ဆီးထွက်ကျတာ စတဲ့ ပြဿနာတွေလည်း ဆက်ဖြစ်နိုင်ပါသေးတယ်။
  • အရေပြားလောင်ခြင်း – ဆီးဆိုတာ အက်ဆစ်ဓာတ်များတဲ့ စွန့်ပစ်ပစ္စည်းတစ်ခုဖြစ်တာကြောင့် ဆီးမထိန်းနိုင်တဲ့အခါ အရေပြားနဲ့ ဆီးတစ်ချိန်လုံးထိနေတတ်ပြီး ဆီးလောင်တဲ့ ပြဿနာတွေ ဆက်ဖြစ်နိုင်ပါတယ် ။ ။

ဆီးထွက်ကျ ခြင်းအတွက် ကုသမှု

ကုသမှု အနေနဲ့ကတော့ ဒီ stress incontinence ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကို အရင်းတည်ကုသတာနဲ့ ကိုယ့်ရဲ့လူနေမှုပုံစံလေးကို လိုက်ပြောင်းပေးရမှာ ဆိုပြီး ၂ မျိုးရှိပါတယ်။

  • Pelvic floor muscle exercises – Kegel exercises လို့လည်း ခေါ်ကြတဲ့ pelvic floor muscles တင်ပဆုံ အရိုးကွင်းထဲက ကြွက်သားတွေကို အားကောင်းအောင် ပြန်လုပ်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်း အတွက်ကတော့ ကျွမ်းကျင်ဆရာဝန်တွေသင်ပြတဲ့အတိုင်း လိုက်လုပ်ရမှာ ဖြစ်ပါတယ်။
  • ကိုယ်သောက်တဲ့ ရေ၊ အရည်ပမာဏကိုတွက်ချက်ပါ။ နေ့နဲ့ ညဘက် ဘယ်အချိန်မှာတော့ ရေပမာဏ ဘယ်လောက်သောက်လို့ရလဲဆိုတာ ဆရာဝန်ကို သေချာမေးပြီး ဆရာဝန် ညွန်ကြားတဲ့အတိုင်းသောက်ပါ။ အရည်တွေထဲမှာဆို ကော်ဖီနဲ့ အရက်ကိုတော့ ရှောင်ရပါမယ်။
  • ဆေးလိပ်ဖြတ်ပါ။ ကိုယ်အလေးချိန်တက်နေရင် ဝိတ်ကျအောင်လုပ်ပါ။ ချောင်းဆိုးနေတဲ့ ပြဿနာကို သေချာ အမြစ်ပြတ်အောင်ကုသပါ။
  • ဆီးအိမ်ကို လေ့ကျင့်ပေးပါ။ Stress incontinence အပြင် Urge incontinence ပါတွဲနေတဲ့ ပြဿနာတွေမှာဆို ဆီးသွားချင်တိုင်းမသွားဘဲ ခဏလောက်ချုပ်ထားတာမျိုးလေးတွေ ကျင့်ကျင့်ပေးရပါမယ်။
Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Yun Sandi Nan Mon · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။