backup og meta

ဆီးသွားရင် နာကျင်ရတာ ဘာကြောင့်လဲ

ဆီးသွားတဲ့အခါ နာကျင်ရတာ၊ ဆီးသွားရခက်နေတာမျိုး တစ်ခါတစ်ခါခံစားရတတ်ပါတယ်။ ဆီးပုံမှန်မသွားတာ၊ ဆီးသွားတိုင်းနာကျင်တာ၊ ဆီးအရောင်မကောင်းတာ စသည်ဖြင့် ဆီးနဲ့ပတ်သက်တဲ့ပြဿနာတွေက အဖြစ်များတဲ့အထဲမှာ ပါဝင်ပါတယ်။ ဆီးသွားတိုင်းနာကျင်ရတာ ဘာကြောင့်ဖြစ်နိုင်လဲဆိုတာ ဆက်ပြီးဖတ်ကြည့်ရအောင်။

ဆီးသွားရင် နာကျင်ရတာ ဘာကြောင့်လဲ

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI)

ဆီးသွားတဲ့အခါ နာကျင်တယ်ဆိုတာ ဆီးပြွန်မှာရောဂါပိုးဝင်တာဖြစ်နိုင်ပါတယ်။ ဆီးသွားလိုက်တဲ့အခါ ပူတဲ့ခံစားချက်ဖြစ်တာ၊ ဆီးကအနံ့တစ်မျိုးဖြစ်နေတာတွေရှိနိုင်ပါတယ်။ ဆီးအရောင်က နီကျင်ကျင်၊ အရောင်ရင့်တာတွေအပြင် ဆီးအရောင်နောက်နေတာတွေဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ရင်တော့ ပဋိဇီဝဆေးတွေကို လိုအပ်သလို ဆရာဝန်ညွှန်ပါလိမ့်မယ်။

ကျောက်ကပ်ရောဂါ

ဆီးလမ်းကြောင်းပိုးဝင်ရာကနေ ကျောက်ကပ်ကိုရောဂါဝင်လာနိုင်ပြီး ပိုပြင်းထန်လာနိုင်ပါတယ်။ အဲဒီအဆင့်ရောက်ပြီဆိုရင်တော့ အဖျားတက်လာမယ်၊ မအီမသာဖြစ်လာမယ်၊ ပျို့အန်မယ်၊ ဆီးအရောင်နောက်မယ်၊ ရင့်မယ်၊သွေးပါလာမယ်၊ အနံ့ဆိုးမယ်။ ဒါမျိုးတွေက ဆရာဝန်ညွှန်တဲ့ ပိုးသတ်ဆေးနဲ့မှ သက်သာနိုင်မှာပါ။ ကာကွယ်ချင်တယ်ဆိုရင်တော့ရေများများသောက်ပါ။ ဆီးကိုအောင့်မထားပါနဲ့။

ကျောက်တည်ခြင်း

ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်လိုမျိုး သတ္ထုဓာတ်တွေ များပြားစုပုံလာတဲ့အခါ ကျောက်တည်တတ်ပါတယ်။ ကျောက်ကပ်ထဲမှာ အရင်စတည်တာဖြစ်ပေမယ့်နောက်ပိုင်းမှာ ဆီးအိမ် ဒါမှမဟုတ် ဆီးပြွန်ထဲမှာ ဆက်တည်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဆီးစွန့်ထုတ်မှုကို ပိတ်ဆို့နိင်လောက်တဲ့အထိ ဆီးကျောက်တည်လာတဲ့အခါ ဆီးသွားတိုင်း နာကျင်လာနိုင်ပါတယ်။ ဒီလိုဖြစ်တာကြာလာရင် တင်ပါးဆုံနဲ့နံရိုးကြားက ခါးအောက်ပိုင်းပါ နာကျင်လာပါလိမ့်မယ်။

မှိုပိုးဝင်ခြင်း

candida လို့ခေါ်တဲ့ မှိုပိုးတွေများလာရင်လည်း ဒီလိုဖြစ်နိုင်ပါတယ်။ မိန်းကလေးတွေမှာဆိုရင် မိန်းမကိုယ်တဝိုက် ယားယံ၊လောင်တဲ့ခံစားမှုဖြစ်နိုင်တယ်၊ ဆီးသွားတဲ့အခါ၊လိင်ဆက်ဆံတဲ့အခါ နာကျင်မယ်၊ပျစ်ခဲတဲ့ အဖြူတွေဆင်းမယ်။ အမျိုးသားဆိုရင် မှိုပိုးကြောင့် လိင်တံထိပ်ရောင်ရမ်းပြီး နာကျင်မှု၊ကျိန်းစပ်ခြင်းနဲ့ အဖြူဆင်းခြင်းတွေခံစားရနိုင်ပါတယ်။

ကလာမိုင်းဒီးယား

ကလာမိုင်းဒီးယား(Chlamydia) ဆိုတာ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ အများစုမှာ လက္ခဏာမပြတတ်ပေမယ့် ဆီးသွားတဲ့အခါ ပူတဲ့၊လောင်တဲ့ခံစားမှုကိုဖြစ်စေပြီး လိင်အင်္ဂါကနေ အရည်ဆင်းစေနိုင်ပါတယ်။ လိင်ဆက်ဆံတဲ့အခါ နာကျင်ရတာလည်းရှိနိုင်ပါတယ်။

ဆီးကျိတ်ရောင်ခြင်း

အမျိုးသားတွေရဲ့ဆီးအိမ်နားက ဂလင်းငယ်တစ်ခုဖြစ်တဲ့ ဆီးကျိတ်ဂလင်းရောင်ရမ်းလာတဲ့အခါ နာကျင်ရပြီး ဆီးသွားရခက်လာပါတယ်။ ဆီးသွားတဲ့အခါ၊ သုက်လွှတ်တဲ့အခါ ပေါင်ခြံနဲ့ ဗိုက်အောက်ပိုင်းကအောင့်လာတာ၊ ဆီးသွားရင်းသွေးပါတာ၊ ဆီးအရောင်နောက်တာတွေဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တတ်ပေမယ့် ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပါတယ်။

ဆီးပြွန်ကျဉ်းခြင်း

ရောဂါပိုးဝင်ခြင်း၊ရောင်ရမ်းခြင်း၊ ထိခိုက်မှုတွေကြောင့် ဆီးပြွန်ကိုသက်ရောက်မှုရှိနိုင်ပါတယ်။ အဲဒီကနေ အမာရွတ်တစ်ရှူးတွေဖြစ်စေပြီး ဆီးစွန့်ထုတ်မှုကို အဟန့်အတားဖြစ်စေ၊နှေးစေနိုင်ပါတယ်။

အကျိတ်

ဖြစ်ခဲတယ်ဆိုပေမယ့် ဆီးအိမ် သို့မဟုတ် ဆီးပြွန်နားမှာ အကျိတ်ဖြစ်လာရင် ဆီးသွားတဲ့အခါ နာကျင်စေပါတယ်။ ဆီးလည်းမကြာခဏသွားရနိုင်တယ်။ ဆီးမှာသွေးပါတယ်၊ သိသိသာသာနာကျင်လာတယ်၊ ဗိုက်အောက်နားမှာ အဖုအလုံးတစ်ခုခုတွေ့လာတယ်ဆို ပေါ့ဆမနေဘဲ ဆရာဝန် အမြန်ပြသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/urinary-incontinence-oab/ss/slideshow-why-it-hurts-to-pee?ecd=wnl_spr_120318&ctr=wnl-spr-120318_nsl-LeadModule_cta&mb=XqDqxdS5atrOcb6CvGW2XhXFE73IOX1c1SGbzvGUxlE%3d

Accessed Dec 20, 2018.

ယခုပုံစံ

05/07/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမှတ်တမဲ့လုပ်မိနေတဲ့ ကျောက်ကပ်ထိခိုက်စေနိုင်တဲ့ အမူအကျင့်များ

ဆီးသွားနည်းခြင်းသည် ကျန်းမာရေးအတွက်မကောင်းပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ