မျက်ကွင်းညိုခြင်းဟာ တခါတရံ အသက်ကြီးလာတဲ့အခါ မျက်ခွံမို့လာသောကြောင့်၊ သို့မဟုတ် မျက်တွင်းချိုင့်လာခြင်းကြောင့် ဖြစ်လာတတ်တာပါ။ အိပ်ရေးဝလျက်နဲ့ မျက်ကွင်းညိုနေသေးတာဟာ ပုံမှန်မဟုတ်တာမဟုတ်ပါဘူး။ ပင်ပန်းတာတစ်ခုတည်းကြောင့် မျက်ကွင်းတွေညိုတာမဟုတ်ပါဘူး။
သင့်ကိုကူညီပေးနိုင်မယ့် အချက်လေးတချို့ကြည့်လိုက်ရအောင်-
သဘာဝပစ္စည်းများ
အအေးဓါတ်– အအေးဓါတ်ဟာ မျက်ခွံမို့ခြင်း၊ မျက်ကွင်းညိုခြင်းတွေကို ဖြစ်စေတဲ့ မျက်လုံးအောက်က သွေးကြောများကိုလျှော့ချပေးပါတယ်။ ရေခဲရေထဲအဝတ်စိမ်ပြီးဖြစ်စေ၊ ဇွန်းကိုအေးခဲစေပြီး အသုံးပြုတာဖြစ်စေလုပ်နိုင်ပါတယ်။ လှဲလျောင်းပြီး မျက်ခွံပေါ် ၁၅ မိနစ်ခန့်ကပ်ပေးပါ။ တစ်ရက် ၃-၄ ကြိမ်လုပ်ပါက မျက်ကွင်းညိုခြင်းသက်သာနိုင်ပါတယ်။
သခွားသီးများ– သခွားသီးတွေမှာ အနာကျက်စေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ သခွားသီးကြီးကြီးတစ်လုံးကို အေးခဲနေအောင် ရေခဲသေတ္တာထဲထားပြီး ၁ စင်တီမီတာလောက် အကွင်းများလှီးပါ။ မျက်လုံးတစ်ဖက်လျှင် တစ်ကွင်းဆီ ၁၀-၁၅ မိနစ်ခန့်ကပ်ထားပြီး ဖယ်လိုက်ပါ။
လက်ဖက်စိမ်းအိတ် – လက်ဖက်စိမ်းတွေမှာ antioxidants အာနိသင်ရှိပြီး မျက်ကွင်းညိုစေနိုင်တဲ့ antioxidants လိုအပ်မှုကို ထောက်ပံ့ပေးနိုင်ပါတယ်။ လက်ဖက်စိမ်းနှစ်အိတ်ကို ရေနွေးထဲ ၅ မိနစ်ခန့်စိမ်ထားပြီး ရေခဲသေတ္တာထဲထည့်လိုက်ပါ။ အလွန်အေးသွားလျှင်ထုတ်လိုက်ပြီး မျက်လုံးပေါ် ၁၅ မိနစ်ခန့်ကပ်ထားပါ။ ပြီးလျှင်ရေဆေးလိုက်ပါ။
နေထိုင်မှုပုံစံပြောင်းလဲခြင်း
ဗီတာမင်ကြွယ်ဝပြီး ကျန်းမာရေးညီညွတ်စွာစားပါ
ဗီတာမင်-အေ၊ အီး၊ ဘီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ antioxidants လျော့နည်းခြင်းကြောင့်လည်း မျက်ကွင်းညိုနိုင်ပါတယ်။ အစိမ်းရောင်အသီးအရွက်များ၊ ဗီတာမင်ကြွယ်ဝသောအစာများစားပါ။
လုံလောက်အောင်အိပ်ပါ– အိပ်ရေးပျက်ခြင်းကလည်း ပန်ဒါမျက်လုံးလေးတွေဖြစ်စေနိုင်တာကြောင့် တစ်ရက်လျှင် ၇ နာရီ ၈ နာရီခန့်အိပ်ပါ။
ဓါတ်မတည့်ခြင်းများသတိထားပါ– မျက်ကွင်းညိုခြင်းဟာ အစားအသောက်မတည့်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ပန်းဝတ်မှုံ၊ ဖုန်၊ တိရိစ္ဆာန်တချို့ စသည်ဖြင့် ဓါတ်မတည့်ခြင်းတွေကြောင့်လည်း မျက်လုံးမို့ခြင်း၊ မျက်ကွင်းညိုခြင်းများဖြစ်လာနိုင်ပါတယ်။ ဓါတ်မတည့်ခြင်းလက္ခဏာတွေအတွက် ဆေးသောက်နိုင်တယ်။ မတည့်သောအရာများနှင့်ထိတေ့ွခြင်းကိုလည်း ရှောင်ရှားသင့်ပါတယ်။
အရက်ရှောင်ပါ– အရက်သောက်ခြင်းဟာ အသားအရေခြောက်သွေ့ပါးလျစေပါတယ်။ ဒါကြောင့် အရက်ဖြတ်လိုက်ခြင်းဟာလည်း မျက်ကွင်းညိုခြင်း၊ မို့ခြင်းများသက်သာစေနိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်းရှောင်ပါ– ဆေးလိပ်ဟာ ကော်လဂျင်များကိုအားနည်းစေပြီး အရေးကြောင်းများ၊ မျက်ကွင်ညိုခြင်းများ ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းအပြင် ဆေးလိပ်သောက်နေသောနေရာများကိုလည်း ရှောင်ပါ။
တခြားနည်းများ
retinol လိမ်းပါ– retinol ဟာ ကော်လဂျင်ထုတ်ခြင်းကိုတက်စေပါတယ်။ မျက်လုံးအောက်မှအရေပြားကို သန်မာစေတာကြောင့် မျက်ကွင်းညိုခြင်းသက်သာစေနိုင်ပါတယ်။ နေ့စဉ် မနက်တခါ၊ ညတစ်ခါအသာအယာသုတ်လိမ်းပေးပါ။
အရေပြားဆရာဝန်များဆီမှ လိမ်းဆေးအကြံဉာဏ်တောင်းခံပါ – ဗီတာမင်-အေနှင့် retinoic acid ကြွယ်ဝသောခရင်များ အကြံဉာဏ်တောင်းခံပါ။ မျက်လုံးအောက်အရေပြားကိုထူစေ၊ သန်မာစေပြီး သွေးစီးကောင်းစေတာကြောင့် မျက်ကွင်းညိုခြင်းသက်သာစေပါလိမ့်မယ်။
အသားဖြူခရင်သုံးပါ– အသားဖြူစေသောသတ္တိရှိသည့် အရာများပါသော ခရင်များပုံမှန်သုံးပေးပါက မျက်ကွင်းညိုခြင်းအပြင်နေလောင်ခြင်းကိုပါ သက်သာစေနိုင်ပါတယ်။
လေဆာနည်း– မျက်လုံးအောက်မှ အဆီများကိုချေဖျက်ပြီး အရေပြားချောမွေ့စေသောလေဆာနည်းသုံးနိုင်ပါတယ်။ များသောအားဖြင့် အရေပြားအထူးကုများ ပြုလုပ်ပေးပါတယ်။
အရေပြားခွာခြင်း– အရေပြားဆရာဝန်များထံမှာ အရေပြားကို ဓါတုဆေးတစ်မျိုးဖြင့် ခွာပြီး ကုသနည်းတစ်နည်းဖြစ်တယ်။ အရေပြားအပေါ်ဆုံးလွှာကို သန့်စင်ပြီးပိုကျန်းမာသော အရေပြားလွှာဖြစ်လာစေပါတယ်။ မျက်လုံးအောက်မှ အရေပြားဟာ ပါးလွှာပြီး အထိမခံတာကြောင့် glycolic သို့မဟုတ် AHA နည်းများသုံးသင့်ပါတယ်။
အလင်းလှိုင်းသုံးခြင်း– အားပြင်းအလင်းလှိုင်းတစ်မျိုးဖြင့် မျက်လုံးအောက်အရေပြားမှ အဆီများကိုချေဖျက်ကာ အသားအရေနူးညံ့စေသော နည်းတစ်မျိုးဖြစ်ပါတယ်။
ခွဲစိတ်ခြင်း– ခွဲစိတ်ခြင်းကတော့ေ နာက်ဆုံးနည်းလမ်းပါ။ ပလတ်စတစ်ဆာဂျရီနည်းဖြင့် မျက်လုံးအောက်မှ အဆီများဖယ်ပစ်နိုင်ပါတယ်။ ပိုမိုချော့မွေ့သောအသားအရေကိုပေးနိုင်ပြီး မျက်ကွင်းညိုခြင်းပျောက်ကင်းစေပါတယ်။
မျက်ကွင်းညိုခြင်းပျောက်ကင်းပြီး နောက်မဖြစ်ရအောင် လုပ်ပေးနိုင်သောနည်းလမ်းအမျိုးမျိုးရှိပါတယ်။
Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

















