brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသားအရေအတွက် Rose Water ကို ဘယ်လိုတွေ သုံးလို့ရလဲ...........

အသားအရေလေး ​ကြည်လင်ချင်တယ်။ ဓာတုပစ္စည်းတွေ သုံးဖို့ကျတော့လည်း မရဲဘူး။ အသားအရေ ထိခိုက်မှာစိုးတယ်ဆိုတဲ့ သူလေးတွေအတွက် အသားအရေ ထိန်းသိမ်းပေးနိုင်တဲ့ သဘာဝပစ္စည်းလေးတစ်ခုအကြောင်း ပြောပြပေးမယ်နော်။ ဒါကတော့ ပျိုမေလေးတို့ရဲ့ အသားအရေ ကျန်းမာလှပစေဖို့ ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့တဲ့ Rose Water ပါ။

အသားအရေအတွက် Rose Water ကို ဘယ်လိုတွေ သုံးလို့ရလဲ...........

Rose Water ဆိုတာ ဘာလဲ……….

Rose Water ဆိုတာက နားလည်လွယ်အောင် ပြောပြရရင် နှင်းဆီပွင့်ချပ်လေးတွေ စိမ်ထားတဲ့ အရည်တစ်မျိုးပါ။ အမွှေးနံ့သာ အနေနဲ့ အသုံးပြုကြသလို အရေပြား ကျန်းမာရေး နဲ့ အခြားသော ကျန်းမာရေး ပြဿနာတွေအတွက် ဆေးဖက်ဝင်တဲ့ သဘာဝ ဖော်စပ်မှု တစ်ရပ်အနေနဲ့လည်း အသုံးပြုကြပါတယ်။

နှင်းဆီပန်းကို ဆေးဖက်ဝင်တဲ့ အရာတစ်ခုအဖြစ် ရှေးယခင်ကာလတွေကတည်းက အသုံးပြုလာခဲ့ကြတာပါ။ ၇ ရာစုလောက်ကတည်းက အီရန် နဲ့ အခြား အရှေ့အလယ်ပိုင်း ဒေသတွေမှာ နှင်းဆီပန်းကို ဆေးဝါးဖော်စပ်မှုတွေမှာ အသုံးပြုခဲ့ကြပါတယ်။

Rose Water က အသားအရေအတွက် ဘာလုပ်ပေးလဲ………

သဘာဝဖော်စပ်မှု စစ်စစ်ဖြစ်တဲ့ Rose Water ကို အသားအရေအတွက် အခုလိုလေးတွေ အသုံးပြုပေးလို့ရပါတယ်။

Toner အဖြစ် သုံးလို့ရတယ်

Rose Water က အသားအရေကို ကြည်လင်စေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ခြောက်သွေ့တဲ့ အသားအရေကနေစလို့ အဆီပြန်တဲ့အသားအရေတွေအထိ အမျိုးမျိုးသော အသားအရေတွေအတွက် Toner အနေနဲ့ အသုံးပြုပေးလို့ရပါတယ်။

သန့်စင်ထားတဲ့ မျက်နှာပြင်အနှံ့ကို ဂွမ်းစလေးနဲ့ ခပ်ဖွဖွလေး သုတ်ပေးရုံပါ။ အပေါ်ကို ဆွဲယူတဲ့နည်းနဲ့ အသုံးပြုပေးပါ။

နေလောင်တာကို သက်သာစေဖို့ သုံးလို့ရတယ်

နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေတွေ ထိခိုက်သွားတဲ့အခါ နေလောင်သွားတဲ့နေရာမှာ Rose Water လေး သုံးပေးလို့ရပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို မှိုပိုးတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။

အသားအရေကို အေးစေနိုင်ပြီး နေလောင်ဒဏ်ကြောင့် ပျက်စီးမှုကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။အရေပြားပေါ်မှာဖြစ်တဲ့ အနီကွက်တွေကို သက်သာစေဖို့လည်း Rose Water ကို အသုံးပြုပေးလို့ ရပါတယ်။

နှုတ်ခမ်းသားလေး ပန်းရောင်သန်းစေဖို့ အသုံးပြုလို့ရတယ်

Rose Water ကို သန့်စင်ထားတဲ့ နှုတ်ခမ်းသားလေးမှာ လိမ်းပေးတာက နှုတ်ခမ်းကို ပန်းရောင်သွေးကြွယ်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ Beet root ကို အမှုန့်ကြိတ်ပြီး Rose Water လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောလို့ နှုတ်ခမ်းပေါ်မှာ ၁၅ မိနစ် လောက်ထားပေးပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

Moisturizer အဖြစ် အသုံးပြုလို့ရပါတယ်

အသားအရေကို အစိုဓာတ် ထိန်းဖို့အတွက်လည်း Rose Water ကို Moisturizer အဖြစ် အသုံးပြုပေးလို့ရပါတယ်။ Rose Water လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို အုန်းဆီ စစ်စစ် လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာနဲ့ရောပြီး အရေပြားပေါ်မှာ လိမ်းလို့ နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ရေနွေးနွေးလေးသုံးလို့ ဆေးချလိုက်ပါ။ အဆီပြန်တတ်ရင်တော့ ဒီနည်းကအဆင်မပြေပါဘူး။

မျက်နှာသန့်စင်ဖို့အတွက် အသုံးပြုလို့ရပါတယ်

မျက်နှာပေါ်က မိတ်ကပ်တွေနဲ့ ပြင်ဆင်ခြယ်သထားတာတွေကို ဖျက်ဖို့အတွက်လည်း Rose Water ကို အသုံးပြုပေးလို့ရပါတယ်။ မျက်နှာပေါ်က ကြေးတွေကိုသန့်စင်ပြီး ချွေးပေါက်လေးတွေကို သန့်စင်စေဖို့အတွက် အသုံးပြုပေးနိုင်ပါတယ်။

ဝက်ခြံအတွက် အသုံးပြုပေးလို့ရတယ်

ဝက်ခြံရှိသူတွေအနေနဲ့ rose water နဲ့ သံပရာရည်ကို ဆတူရောပေးပြီး ဝက်ခြံဖြစ်တဲ့နေရာမှာ လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ ဝက်ခြံ သက်သာစေနိုင်သလို ဝက်ခြံကြောင့် ရောင်ရမ်းတာကိုလည်း သက်သာစေမှာပါ။

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Aye Thi Mon · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။