brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပေါင်ကြားမည်းတဲ့ ပြဿနာ ဘယ်လိုဖြေရှင်းကြမလဲ

ဒီကိစ္စဟာ လူတွေ သတိမထားတတ်တာရော၊ ပြောရမှာ ရှက်ရွံ့စရာကောင်းတဲ့ ကိစ္စတစ်ခုပါ။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ လိင်အင်္ဂါနား နီးစပ်နေတဲ့ ပေါင်ကြား (ပေါင်ခြံ) မည်းနိုင်ပါတယ်။ ဒီလိုနဂိုအသားအရောင် ပျောက်ပြီး မည်းလာတာ၊ အရောင်မွဲခြောက်လာတာ ဘာကြောင့်လဲ။

ပေါင်ကြားမည်းတဲ့ ပြဿနာ ဘယ်လိုဖြေရှင်းကြမလဲ

ပေါင်ခြံတစ်ဝိုက်မှာ ရှိတဲ့ အရေပြားက မယ်လနင်ဓာတ်တွေ အများအပြား ထုတ်လွှတ်တဲ့အခါ အရေပြားဟာ မူလအရောင်မှိန်လာပြီး အချိန်ကြာလာတာနဲ့အမျှ အမည်းရောင်ကို ပြောင်းသွားပါတယ်။ ကျန်းမာရေးအရ ပြဿနာကြီးကြီးမားမား မရှိပေမဲ့ ကမ်းခြေတွေ သွားလို့ အတိုအပြတ်တွေ ဝတ်တဲ့အခါမှာ ရှက်စရာ၊ ကိုယ့်စိတ်ထဲမှာ မလုံခြုံသလို ခံစားရနိုင်ပါတယ်။

ပေါင်ကြား မည်းလာရခြင်း အကြောင်းရင်းများ

၁။ လမ်းလျှောက်ချိန်၊ အားကစားလုပ်ချိန်မှာ အသားချင်း ပွတ်တိုက်မိတာ၊

၂။ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီလာချိန်၊ မိခင်နို့ရည်လာချိန်မှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်း၊

၃။ တချို့သော ဓာတုကုထုံးတွေ၊ ပဋိဇီဝဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊

၄။ နေရောင်ခြည်နဲ့ ထိတွေ့လွန်းတာကြောင့်၊

၅။ အသားအရေ ခြောက်သူတွေ၊

၆။ အဝတ်တွေ အထူးသဖြင့် ဘောင်းဘီကို ကျပ်နေအောင် ဝတ်တတ်သူတွေ၊

၇။ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းသူတွေ၊

၈။ ဆီးချိုရောဂါနဲ့ အရေပြားရောဂါတွေကြောင့်လည်း ပေါင်ခြံ မည်းတဲ့ ပြဿနာ ကြုံလာနိုင်ပါတယ်။

ပေါင်ကြားမည်းတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲ။

၁။ ရေချိုးတဲ့အခါ သေချာတိုက်ချွတ်ဆေးကြောပါ။

၂။ ကျပ်လွန်းတဲ့ အဝတ်အစားတွေကို သိပ်မဝတ်ပါနဲ့။ ချောင်ချောင်ချိချိ အဝတ်အထည်တွေ၊ လေဝင်လေထွက် ကောင်းမယ့် အဝတ်အစားတွေ များများ ဝတ်ပါ။

၃။ အတွင်းခံတွေကိုလည်း ကျပ်နေအောင် မဝတ်ပါနဲ့။ ပွတ်တိုက်ဖန်များပြီး ချွေးတွေ ထွက်လာတဲ့အခါ အရေပြား အရောင်မှိန်လာနိုင်သလို ရောဂါပိုးတွေ ပိုပြီး အောင်းနိုင်ပါတယ်။

၄။ လိင်အင်္ဂါတစ်ဝိုက်ကို မကြာခဏ အမွေးအမျှင်ရိတ်ခြင်း၊ wax လုပ်ခြင်း မပြုလုပ်ပါနဲ့။

၅။ အပြင်ထွက်တဲ့အခါမှာ နေရောင်ခြည်နဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့ SPF 30 နဲ့ အထက် နေလောင်ကာခရင်မ်တွေကို အသုံးပြုပေးပါ။ မလိုအပ်ပဲ အပြင်ကို သိပ်ထွက်တာမျိုး မလုပ်ပါနဲ့။ နေအရမ်းပူနေတဲ့အချိန် အပြင်ထွက်တာတွေကို ရှောင်ပေးပါ။

ဘယ်လို သဘာဝနည်းလမ်းတွေနဲ့ ကုသလို့ ရမလဲ။

၁။ အုန်းဆီနဲ့ သံပုရာရည်

သံပုရာရည်မှာ ပါဝင်တဲ့ ဗီတာမင် C နဲ့ အုန်းဆီရဲ့ အရေပြားကို အစိုဓာတ်ထိန်းပေးနိုင်တဲ့ အစွမ်းသတ္တိဟာ ပေါင်ခြံမည်းတဲ့သူတွေအတွက် အကောင်းဆုံး ဖြေရှင်းလို့ ရတဲ့ နည်းလမ်းတွေထဲက တစ်မျိုးပါပဲ။

အုန်းဆီ ၂ဇွန်းလောက်ကို သံပုရာသီး တစ်ဝက်ညှစ်ပြီး ရောမွှေပါ။ မည်းနေတဲ့ အရေပြားကို ၁၀ မိနစ်ခန့် စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။ ပြီးရင် ရေနဲ့ ပြောင်စင်အောင် ဆေးပေးပါ။

၂။ သကြား scrub

သကြားဟာ အရေပြားအပေါ်ယံက ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျစေပါတယ်။ မည်းပြီး ကြမ်းတမ်းပျက်စီးနေတဲ့ အရေပြားအတွက် အလွန်သင့်လျော်တဲ့ နည်းလမ်းလေးပါ။

သံပုရာရည်၊ သကြား တစ်ဇွန်းနဲ့ ပျားရည် တစ်ဇွန်းကို သမအောင် ရောမွှေပြီး ပေါင်ခြံကို ပွတ်လိမ်းပေးပါ။ ၅မိနစ်လောက် နေရင် ရေနဲ့ ပြောင်စင်အောင် ဆေးကြောပေးလိုက်ရုံပါပဲ။

၃။ ရှားစောင်းလက်ပက် ဂျယ်လ်

ရှားစောင်းလက်ပက်ဟာ အရေပြား အလှအပအတွက် အစွမ်းထက် ဆေးပစ္စည်းတစ်မျိုးပါပဲ။ အသားအရေ လှပစေတဲ့ နေရာမှာရော၊ ပျက်စီးနေတဲ့ အသားအရေကို ပြန်လည်ပြုပြင်ဖို့ အလွန်အာနိသင်ကောင်းတာကြောင့် အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလာကြပါတယ်။

ရှားစောင်းလက်ပက်ကရတဲ့ စေးကပ်တဲ့ ဂျယ်လ်ကို အရေပြားပေါ်မှာ ပွတ်လိမ်းပေးရုံနဲ့ မှိန်နေတဲ့ အသားအရောင်ဟာ ပြန်ပြီး ဝင်းပလာနိုင်ပါတယ်။ အသုံးပြုပြီးတဲ့အချိန်မှာလည်း ရေနဲ့ ပြန်ဆေးပေးစရာ မလိုပါဘူး။

၄။ အာလူးစိတ်

အရောင်မှိန်နေတဲ့ နေရာ၊ မည်းနေတဲ့ အသားအရေပေါ်မှာ အာလူးကို မထူ မပါး လှီးစိတ်ပြီး အနည်းဆုံး ၁၅မိနစ်ခန့် စက်ဝိုင်းပုံစံ ပွတ်ပေးပါ။ ပြီးရင် ရေနဲ့ သေချာဆေးပေးပါ။

အာလူးမှာ ပါဝင်တဲ့ အင်ဇိုင်းဟာ အရေပြားကို ဝင်းပလာစေပြီး မည်းညစ်နေတဲ့ နေရာတွေကိုလည်း ပြန်လည်ဖြူလာစေတဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Ye Myo Myat · 13/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။