နွေပူပူ ချွေးထွက်ထွက်မှာ အလှပျက်မှာ အသားမည်းမှာ စိတ်ပူနေပြီလား။ နွေကလည်း တစ်နေ့ထက်တစ်နေ့ ပူလာပါပြီ။ အသားအရေကလည်း နေရောင်ဒဏ်ကို အတော်လေး ခံရပါတယ်။ ဒီတော့ အသားဖြူဖြူလေးနဲ့ လှချင်တဲ့ လေဒီလေးတွေလည်း အတော် စိတ်ညစ်နေပြီပေါ့။ ဒီတော့ နွေပူပူမှာ ကြည်ကြည်လင်လင် အသားအရေ ပိုင်ဆိုင်နိုင်စေဖို့ ဘယ်လိုများ လုပ်ရမလဲဆိုပြီး တွေးနေပြီလား….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။
နေရောင်ကြောင့် အသားအရေ ထိခိုက်ပျက်စီးနိုင်ပါတယ်။
နေရောင်ခြည်က ဗီတာမင် D ရရှိစေတယ်ဆိုပေမယ့် ဒါက မနက်ခင်း နေရောင်ခြည်ပါ။ ၉ နာရီနောက်ပိုင်းမှာ ကျရောက်တဲ့ နေရောင်က အပူပြင်းသလို အရေပြားကို ထိခိုက်စေနိုင်တဲ့ အရာတွေလည်း တော်တော်များများ ပါဝင်နေပါတယ်။
နွေပူပူမှာ ကြည်ကြည်လင်လင် အသားအရေ ပိုင်ဆိုင်စေဖို့ ဒီနည်းလမ်းလေးတွေကို လိုက်နာပေးဖို့ လိုပါမယ်။
နွေရာသီမှာ ဖုန်ထူတာကြောင့် အရေပြားမှာ ဖုန်မှုန့်တွေ အညစ်အကြေးတွေ အများကြီး ကပ်တွယ်နေနိုင်ပါတယ်။ ဒီဖုန်မှုန့်တွေက ချွေးပေါက်တွေကို ပိတ်ဆို့ပြီး အရေပြားမှာ ဝက်ခြံတွေ ဆားဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ၂ ကြိမ် မျက်နှာမသစ်ခင်ကို Micellar water အသုံးပြုပြီး သန့်စင်ပေးပါ။ ပြီးမှ မျက်နှာသစ်ဆပ်ပြာနဲ့ သစ်ပါ။
ဒါကတော့ မျက်နှာအတွက်ပါ။ ခန္ဓာကိုယ် အသားအရေအတွက်ကတော့ သဘာဝဆန်တဲ့ ရေချိုးဆပ်ပြာလေးနဲ့ ချိုးပေးလို့ ရပါတယ်။
မျက်နှာ အသားအရေအတွက် အသားအရေနဲ့ လိုက်ဖက်မယ့် မျက်နှာသစ်ဆေးမျိုးကို ရွေးချယ်ဖို့ လိုပါမယ်။ တစ်နေ့ကို ၂ ကြိမ် မျက်နှာသစ်ဆေး သုံးပြီး သေချာလေး သန့်စင်ဖို့ လိုပါမယ်။
မျက်နှာပေါ်က ဆဲလ်သေတွေနဲ့ ခန္ဓာကိုယ်ပေါ်က ဆဲလ်သေတွေကို ဆဲလ်သေ ဖယ်ရှားတဲ့ gel တွေ သုံးပြီး တစ်ပတ်ကို တစ်ကြိမ် ဒါမှမဟုတ် ၁ ပတ်ကို ၂ ကြိမ်လောက် သန့်စင်ပေးပါ။
အရေပြားကို သေချာ သန့်စင်ပြီးပြီဆိုရင်တော့ ထိခိုက်လွယ်တဲ့ အသားအရေ အစိတ်အပိုင်းတွေဖြစ်တဲ့ မျက်နှာနဲ့ လည်ပင်း အရေပြားကို ဂွမ်းစ နုနုလေးမှာ Toner ထည့်ပြီး ညင်သာစွာ သန့်စင်ပေးပါ။
နွေပူပူမှာ အသားအရေ အစိုဓာတ် ပြည့်စေဖို့နဲ့ အသားအေးမြနေစေဖို့ ရေဓာတ်ကို အခြေခံပြီး ထုတ်ထားတဲ့ skin care မျိုးကို သုံးပေးပါ။ အဆီပါတာတွေက အဆီပြန်တာ ဝက်ခြံဖြစ်တာမျိုးတွေ ဖြစ်စေနိုင်တာကြောင့်ပါ။
အရေပြားအတွင်းပိုင်းအထိ အားဖြည့်ပေးနိုင်တာမျိုး ရွေးချယ်ပေးပါ။
မျက်နှာ အတွက် အသားအရေနဲ့ လိုက်ဖက်မယ့် နေလောင်ကာခရင်မ်ကို တိုနာ အသုံးပြုပြီး အစိုဓာတ်ထိန်းခရင်မ် မလိမ်းခင်မှာ လိမ်းပေးရပါမယ်။ နေရောင်ထဲ မထွက်ခင် နာရီဝက် အလိုလောက် လိမ်းပေးဖို့ လိုပါမယ်။
ခန္ဓာကိုယ် အသားအရေအတွက်လည်း နေရောင်ကို ထိထိရောက်ရောက် ကာပေးနိုင်မယ့် နေလောင်ကာခရင်မ်မျိုး လိမ်းပေးဖို့ လိုပါမယ်။
နွေရာသီမှာ အသားအရေ ကျန်းမာစေဖို့နဲ့ ကြည်ကြည်လင်လင် အသားအရေ ပိုင်ဆိုင်စေဖို့ ဆိုရင် ရေများများ သောက်ပေးဖို့ လိုပါမယ်။ ရေဓာတ်ပြည့်ဝမှုက အသားအရေကို ကျန်းမာစေပြီး ကြည်လင်လှပစေဖို့ အထိရောက်ဆုံး ထောက်ကူပေးနိုင်ပါတယ်။
ကြည်ကြည်လင်လင် အသားအရေ ပိုင်ဆိုင်စေဖို့ နောက်ထပ် လုပ်ရမယ့် အချက်တစ်ချက်ကတော့ အရည်ရွှမ်းတဲ့ သစ်သီးတွေ စားပေးတာပါ။ ဒီလို စားပေးတာက လိုအပ်တဲ့ ရေဓာတ်ကို ပြည့်စေပြီး အရေပြားအတွက် လိုအပ်တဲ့ ဗီတာမင် ဖြစ်တဲ့ ဗီတာမင် C ရရှိစေဖို့ ထောက်ကူပေးပါတယ်။
ကဲ …… နွေပူပူမှာ ကြည်ကြည်လင်လင် အသားအရေ ပိုင်ဆိုင်စေဖို့ အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေနဲ့ အသားအရေ ထိန်းသိမ်းလိုက်စို့နော်။