brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Skin Care တွေကို နည်းစနစ်ကျကျ ဘယ်လိုသုံးမလဲ

Skin Care တွေကို နည်းစနစ်ကျကျ ဘယ်လိုသုံးမလဲ

အခုခေတ် မိန်းကလေးတွေဟာ ကိုရီးယားမလေးတွေလို သဘာဝဆန်ဆန်လေး ပင်ကိုယ်အလှနဲ့ လှချင်တဲ့သူ များပါတယ်။ ဒီတော့ မိတ်ကပ်ဆိုလည်း ခပ်ပါးပါးလေး လိမ်းတာမျိုး ရှိလာပါတယ်။ ပင်ကိုယ်အလှနဲ့ လှပဖို့ဆိုတာ အရေးအကြောင်း၊ ဝက်ခြံ၊ တင်းတိပ်၊ မျက်ကွင်းညိုတာတွေ၊ အသားအရေခြောက်တာတွေ မရှိမှ ဖြစ်မှာပါ။ ဒီတော့ မိတ်ကပ်လိမ်းတာထက် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ(Skin Care) တွေကို ပိုပြီး ဦးစားပေး သုံးလာကြပါတယ်။ Skin Careတွေထဲမှာ နေ့လိမ်းခရင်မ်၊ ညလိမ်းခရင်မ်၊ တိုနာ၊ Eye Cream၊ Essence အများကြီးပါပဲ။ ဒီလို အများကြီးကို အချိန်မှန်အောင် သုံးတတ်ဖို့တော့ လိုပါတယ်။ Skin Care တွေ အများကြီး ဝယ်ထားပြီး ဘယ်ဟာအရင်စသုံးရမလဲမသိရင်တော့ ဖတ်ကြည့်ပါဦးနော်။

Skin Care တွေကို နည်းစနစ်ကျကျ ဘယ်လိုသုံးမလဲ

Skin Care စလုပ်ပြီဆိုရင်တော့ ပထမဆုံးအနေနဲ့ မိတ်ကပ်ဖျက်ဆေး ဒါမှမဟုတ် အဆီစုပ်တဲ့ စက္ကူတွေ သုံးပြီး မျက်နှာပေါ်က အညစ်အကြေးတွေကို အရင်ဖယ်ရှားလိုက်ပါ။ နောက်ပြီးရင်တော့ ရေဓါတ်များများ ပါဝင်တဲ့ Cleanser သုံးပေးဖို့ လိုပါတယ်။ ဒါက အညစ်အကြေးတွေကို နှစ်ဆ သန့်စင်စေပါတယ်။

သန့်စင်တဲ့ ကိစ္စတွေပြီးပြီဆိုရင်တော့ တိုနာအလှည့်ရောက်ပါပြီ။ တိုနာကတော့ ရေဓါတ်ကိုလည်း ဖြည့်တင်းပေးပြီး ချွေးပေါက်တွေ ကျယ်တာကိုလည်း သက်သာစေပါတယ်။ တိုနာကို ဂွမ်းစလေးနဲ့ ယူပြီး မျက်နှာမှာ ပွတ်တာမျိုး လုပ်နိုင်ပါတယ်။

တိုနာ အဆင့်ပြီးပြီဆိုရင်တော့ Essence လိမ်းလို့ ရပါပြီ။ Essence ဟာလည်း Toner၊ Serum နဲ့ သဘောတရားတူညီပါတယ်။ သူကတော့ ရေဓါတ်လည်း ဖြည့်ပေးသလို ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်သစ်ပြန်လည် ဖြစ်ပေါ်ဖို့ အထောက်အကူပြုပါတယ်။

Mask ကတော့ ပျိုပျိုမေလေးတွေ တစ်ပတ်ကို တစ်ခါ၊နှစ်ခါလောက် လုပ်ကြတဲ့ ပစ္စည်းပါ။ Mask တွေဟာ အသားအရေထိန်းညှိဖို့အတွက် အကောင်းဆုံး ဖြစ်ပြီး ကိုယ့်အသားအရေ အမျိုးအစားအလိုက် ရွေးချယ်လို့ ရနိုင်ပါတယ်။

မျက်လုံးအတွက်တော့ Eyecream လေး လိုအပ်တာပေါ့နော်။ မျက်လုံးနားတဝိုက်မှာ မျက်ကွင်းညိုခြင်း၊ အရေးအကြောင်း ဖြစ်ခြင်းနဲ့ ရေဓာတ်လိုအပ်တာတွေကို ကောင်းမွန်စေပါတယ်။ လက်ချောင်းလေးတွေနဲ့ ညင်သာစွာ ထိတွေ့ပါ။ အတင်းပွတ်တာမျိုး မလုပ်နဲ့နော်။

ရေဓာတ်အားဖြည့်ခရင်မ်(moisture) ကတော့ အသားအရေ ကြည်လင်တောက်ပစေပြီး စိုစိုလေး ဖြစ်နေစေမှာပါ။ Emulsion၊ Gel ပုံစံ အမျိုးမျိုး ရှိပါတယ်။ နေ့တိုင်းသုံးလို့ ရပါတယ်။

နေလောင်ကာခရင်မ်(sunscreen)ကလည်း မရှိမဖြစ် လိုအပ်ပါတယ်နော်။ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ပျိုပျိုမေလေးမှာ အပေါ်မှာ ပြောပြခဲ့တဲ့ အသားအရေထိန်းသိမ်းခရင်မ်တွေတော့ ရှိတယ်။ မိတ်ကပ်လည်း လိမ်းချင်တယ်ဆိုရင်တော့ ဘယ်အရာတွေ အရင်လိမ်းမလဲ သိဖို့လိုပါတယ်။

မနက်ခင်း မိတ်ကပ်မလိမ်းခင်မှာ Cleanser လိမ်းပါ။ ပြီးရင် Toner လေး ထပ်သုံးပါ။ နောက်တော့ ရေဓါတ်ဖြည့်ခရင်မ်နဲ့ နေလောင်ကာခရင်မ် လိမ်းပြီးမှ မိတ်ကပ်လိမ်းပါ။ ကိုယ်က ရေဓါတ်ဖြည့် ခရင်မ် မလိမ်းဘူးဆိုရင် Essence ဒါမှမဟုတ် Emulsion လေး လိမ်းလို့ ရပါတယ်။

ညဘက်ရောက်ပြီဆိုရင်တော့ မနက်က လိမ်းသမျှ မိတ်ကပ်တွေ ဖျက်ဖို့ မိတ်ကပ်ဖျက်ဆေး အရင်သုံးပါ။ ပြီးရင်တော့ Toner သုံးပြီး Essence ထပ်လိမ်းနိုင်ပါတယ်။ နောက်ဆုံးတော့ Night Cream လေး လိမ်းလိုက်ပါ။ တစ်ပတ်တခါတော့ Mask တွေ သုံးနိုင်ပါတယ်။

HelloHealth Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Eaindray Kha · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။